(င)-မြန်မာနိုင်ငံတွင် C ပိုးရောဂါကုသရန်စီမံချက် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၆)ရက်မြောက်နေ့ (၁၄.၅.၂၀၁၅)

အသည်းရောင်အသားဝါ C ပိုးရောဂါသည် Silent Epidemic လူမသိသူမသိပြန့်သွားပြီး ဒုက္ခပေးသည့် ရောဂါဟု အသည်းဖက်ဆိုင်ရာ ဆရာဝန်ကြီးများကဆိုပါကြောင်း၊ ကမ္ဘာပေါ်တွင် C ပိုးရှိသူ သန်း ၁၇၀ ကျော်ရှိသည်ဟုလည်း WHO အဖွဲ့အစည်းက သတ်မှတ်ပါကြောင်း၊ ကုရခက်၍ ကုသစရိတ်ဈေးကြီးပြီး ကာကွယ်ဆေးမရှိခြင်းကြောင့် ကမ္ဘာ့ပြဿနာလည်း ဖြစ်နေပါကြောင်း၊ သို့သော် စမ်းသပ်မှုအသစ်များ၊ ကုထုံးအသစ်များ ပေါ်ပေါက်နေပါသဖြင့် မျှော်လင့်ချက် မကုန်ဆုံးပါကြောင်း၊ WHO က ကူညီထောက်ပံ့သော ကုထုံးအသစ်၊ ဆေးအသစ်များကို အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံများတွင် အသုံးပြုနေပြီဟု ကြားသိရပါသဖြင့် မြန်မာနိုင်ငံတွင် C ပိုးရောဂါကုသရန် စီမံချက်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


အဖြေ

မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ C ပိုးရောဂါကုသရန် စီမံချက်အနေဖြင့် ယခုအချိန်အထိ မရှိသေးပါကြောင်း၊ အဆိုပါ စီမံချက်စတင်ဆောင်ရွက်နိုင်ရန်အတွက် အကြိုညှိနှိုင်း အစည်းအဝေးကို နေပြည်တော်၌ ၁၇-၁၁-၂၀၁၄ ရက်နေ့တွင်လည်းကောင်း၊ ပထမအကြိမ်စီမံချက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆေးသုတေသနဦးစီးဌာန၌ ၉-၁၂-၂၀၁၄ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆေးသုတေသနဦးစီးဌာန၌ ၂၄-၁၂-၂၀၁၄ ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၆-၁-၂၀၁၅ ရက်နေ့တွင်လည်းကောင်း ကျင်းပဆွေးနွေးခဲ့ကြပြီး National Hepatitis Programme အတွက် Country Representative Data များရရန်နှင့် တစ်နိုင်ငံလုံး၏ အသည်းရောင်အသားဝါ ရောဂါဖြစ်ပွားမှု အချက်အလက်များရရှိရန် စစ်တမ်းကောက်ယူခြင်းကို ၂၀၁၅ ခုနှစ်တွင် ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ အသည်းဖောင်ဒေးရှင်း၊ ကလင်တန်ကျန်းမာရေး ဖောင်ဒေးရှင်းတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရရှိသည့် ကိန်းဂဏန်း အချက်အလက်များအပေါ် အခြေခံ၍ ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာဒေါ်အေးမြင့် (ရွှေတောင်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အသဲရောင်အသားဝါ C ပိုးရောဂါနှင့် ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်များထက် တတ်ခြင်း၊ သိခြင်း၊ ပညာရပ်ဆိုင်ရာတွင် မသက်ဆိုင်သော ဆေးပညာရှင်များက ကုသနေသဖြင့် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲချမှတ် အကောင်အထည်ဖော်ခြင်းလုပ်ငန်းကို အမြန်ဆုံး ဆောင်ရွက်သင့်ပါကြောင်း၊ WHO က ထောက်ပံ့ကူညီရန် အစီအစဉ် သို့မဟုတ် WHO ၏ ထောက်ပံ့ကူညီရန် အစီအစဉ်ကို လက်ခံရန် အစီအစဉ်ရှိ/မရှိနှင့် အသည်းဖောင်ဒေးရှင်းအချို့သည် အသင်းဝင်များ လက်ခံလျက်ရှိသည်ဟု ကြားသိရသည့်အတွက် အသင်းဝင်အဖွဲ့ဝင်ခြင်းသည် ရောဂါကုသရေးတွင် မည်သို့ အကျိုးသက်ရောက်စေနိုင်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဋ္ဌေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထောက်ပံ့မှုအစီအစဉ်မှာ စီမံချက်အနေအထားအဖြစ် ယခုအချိန်ထိ မရှိသေးသော်လည်း ဤလုပ်ငန်းသည် ကမ္ဘာ့နှင့်တစ်ဝှမ်း အရေးကြီးကဏ္ဍတွင် ထားရှိပြီး ဆောင်ရွက်နေသော လုပ်ငန်းဖြစ်သည့်အတွက်  ယခု ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများတွင် နည်းပညာပိုင်းအရ ကူညီထောက်ပံ့မှုများ ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် မည်သည့်သင့်လျော်သည့် အဖွဲ့အစည်းကမဆို ထောက်ပံ့ကူညီမှုများ ပြုလာမည်ဆိုပါက ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ကျန်းမာရေးလုပ်ငန်းများ၊ အထူးသဖြင့် အဆိုပါအသည်းရောဂါနှင့် ပတ်သက်၍ သုတေသန၊ ကာကွယ်ရေး၊ ကုသရေးများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ အားလုံးပူးပေါင်း၍ လက်ခံမည်ဖြစ်ပါကြောင်း။

အသည်းဖောင်ဒေးရှင်းများသို့ အသင်းဝင်ခြင်းအပေါ် မည်ကဲ့သို့ အထောက်အကူပြုမည့်ကိစ္စနှင့်စပ်လျဉ်း၍ ဖောင်ဒေးရှင်းတစ်ခုခြင်း၏ ကဏ္ဍဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တိတိကျကျ ဝင်ရောက်ဖြေဆိုနိုင်ခြင်း မရှိပါကြောင်း၊ သို့ရာတွင် ကိုယ်စားလှယ်တော်ကြီး အဆိုပြုတင်ပြသွားသည့်အတိုင်း မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့များအားလုံးကလည်း ဤစီမံချက် ဖြစ်ပေါ်လာရေးအတွက် ဘဏ္ဍာငွေရရှိရေးနှင့် ကျွမ်းကျင်မှုများဆိုင်ရာ  နည်းပညာများအားလုံးကို ကမ္ဘာတစ်ဝှမ်းမှ ပညာရှင်များနှင့် ဆက်သွယ်ဆောင်ရွက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။