(ခ)-ညောင်ဦးမြို့နယ်၊ လက်ထုတ်ကျေးရွာ အုပ်စု နယ်မြေတွင် ကြက်ဆူစိုက်ပျိုးရန် မြေအဖြစ် သတ် မှတ်၍သိမ်းယူခဲ့သော မြေဧက(၅၅၁)ဧကကိုမူလ ပိုင်ရှင်များက ပြန်လိုချင်ကြောင်း တင်ပြလာခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၇)ရက်မြောက်နေ့ (၂.၄.၂၀၁၅)

ဦးအောင်ကြိုင် (ညောင်ဦး မဲဆန္ဒနယ်)မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦးမြို့နယ် လက်ထုတ်ကျေးရွာအုပ်စု ညောင်လှကျေးရွာမှ တောင်သူ ၂၈ ဦးမှ မိမိထံသို့ တင်ပြထားသည့် ညောင်ဦးမြို့နယ် လက်ထုတ်ကျေးရွာအုပ်စု ကွင်းအမည် ဝက်သကျ၊ ကွင်းအမှတ် (၁၃၂၉)နှင့် ကွင်းအမည် အင်ပင်ကန်၊ ကွင်းအမှတ်(၁၃၃၀)အတွင်းရှိ မြေဧက ၅၅၁ ဧကကို ညောင်ဦးမြို့နယ် သမဝါယမအသင်းမှ ကြက်ဆူပင်များ စိုက်ပျိုးမြေအဖြစ် သတ်မှတ်၍ သိမ်းယူခဲ့ပါကြောင်း၊ ယခုအခါ ကြက်ဆူပင်များ အောင်မြင်ဖြစ်ထွန်းမှုမရှိသဖြင့် တောင်သူများအနေဖြင့် ပြန်လည်စိုက်ပျိုး လုပ်ကိုင်ခွင့်ရရှိပါက သီးနှံပင်များ ဖြစ်ထွန်းအောင်မြင်ပြီး ဝင်ငွေတိုးလာနိုင်သည့်အပြင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျော့ချရေးကို အထောက်အကူပြုနိုင်ကြောင်း တင်ပြလာပါသည်။ ထို့ကြောင့် မေးခွန်း(၁) ဖော်ပြပါမြေဧက ၅၅၁ ဧကကို မူလပိုင်ရှင်များဖြစ်သော တောင်သူများထံ ပြန်လည်ပေးနိုင်ခြင်းရှိ/မရှိနှင့် မေးခွန်း(၂) မပေးနိုင်ပါကမည်သည့် အကြောင်းကြောင့် မပေးနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမဝါယမဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်း
အဖြေ

သမဝါယမဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းညောင်ဦးမြို့နယ် လက်ထုတ်ကျေးရွာအုပ်စု ကွင်းအမှတ်(၁၃၂၉) ဝက်သကျကွင်းနှင့် ကွင်းအမှတ်(၁၃၃၀) အင်ပင်ကန်ကွင်းရှိ မြေဧက ၅၅၁ ဧကကို ညောင်ဦးမြို့နယ် သမဝါယမအသင်းမှ ကြက်ဆူစိုက်ပျိုးမြေအဖြစ် သတ်မှတ်၍ သိမ်းယူခဲ့ခြင်းမဟုတ်ပါကြောင်း၊ ယခင် နိုင်ငံတော်အစိုးရ၏ ခြံစည်းရိုးကြက်ဆူစိုက်ပျိုးရေး စီမံချက်အရ ညောင်ဦးမြို့နယ်တွင် ခြံစည်းရိုးကြက်ဆူပင်စိုက်ပျိုးရန်အတွက် မန္တလေးတိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၃-၄-၂၀၀၆ ရက်စွဲပါစာအမှတ်၊ ၅/၄၃-၂၈၅/ ဦး-၆ (၉၁၃) မြေလွတ်မြေရိုင်း ချထားပေးသည့် အမိန့်စာဖြင့် လက်ထုတ်ကျေးရွာအုပ်စု ကွင်းအမှတ်(၁၃၂၉) ဝက်သကျကွင်းရှိ တောရိုင်းမြေ ၁၄၂.၈ ဧကနှင့် ကွင်းအမှတ်(၁၃၃၀) အင်ပင်ကန်ကွင်းရှိ တောရိုင်းမြေ ၄၀၈.၄၃ ဧက စုစုပေါင်း ၅၅၁.၂၃ ဧကအနက်မှ ၅၅၀ ဧကကို ညောင်ဦးမြို့နယ် သမဝါယမအသင်းစု ယခင် ညောင်ဦးမြို့မှ အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းကို လုပ်ပိုင်ခွင့် ချထားပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊

ညောင်ဦးမြို့နယ် သမဝါယမအသင်းစု လုပ်ပိုင်ခွင့်ရ မြေလွတ်မြေရိုင်းဧရိယာ ၅၅၀ ဧကကို ညောင်ဦးမြို့နယ် မြေစာရင်းဦးစီးဌာနမှ ထုတ်ပေးထားသော မြေပုံအတိုင်း နယ်နိမိတ်ကျောက်တိုင် များလည်း စိုက်ထူထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါ မြေလွတ်မြေရိုင်း ၅၅၀ ဧကသည် ကြပ်တည်းမြေများဖြစ်ပြီး တောင်သူလုပ်ကွက်နှင့် ဦးပိုင်ပေါက်မြေများတွင် မပါဝင်သော တောရိုင်းမြေများဖြစ်ပါကြောင်၊ ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်မှစပြီး ၎င်းကြပ်တည်းမြေကို ပြုပြင်၍ ခြံစည်းရိုးကြက်ဆူပင် ခြောက်သိန်းကျော်ကို အသင်းပိုင်ငွေ ကျပ်သိန်း ၃၀၀ ခန့် အကုန်အကျခံပြီး စိုက်ပျိုးခဲ့ပါကြောင်း၊ သို့ရာတွင် ရာသီဥတုအခြေအနေအရလည်းကောင်း၊ ကြပ်တည်းမြေဖြစ်နေခြင်းကြောင့် လည်းကောင်း၊ ရေရရှိမှုနည်းပါးခြင်းကြောင့်လည်းကောင်း အောင်မြင်ဖြစ်ထွန်းမှုမရှိခဲ့ဘဲ ကြက်ဆူစိုက်ပျိုးခြင်း လုပ်ငန်းကို ရပ်နားခဲ့ရပါသည်။ ယင်းနောက် ညောင်ဦးမြို့နယ် သမဝါယအသင်းစုသည် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှစ၍ အဆိုပါမြေနေရာ၌ သနပ်ခါးပျိုးပင်ပေါင်း ၁၃၅၀၀ ကို ပျိုးထောင်စိုက်ပျိုးခဲ့ပြီး ကျွန်းပင် ၃၀၀ နှင့်ဇီးချဉ်ပင် ၅ ဧကခန့်ကိုလည်း စိုက်ပျိုးထားရှိပြီးဖြစ်ပါကြောင်း၊ ညောင်ဦးမြို့နယ် သမဝါယမ အသင်းစုပိုင်ငွေ ကျပ်သိန်း ၁၀၀ ခန့်ကိုလည်း အကုန်အကျခံ၍ သနပ်ခါးပင်၊ ကျွန်းပင်နှင့် ဇီးချဉ်ပင်များကို စိုက်ပျိုးထိန်းသိမ်းလျက်ရှိပါကြောင်း၊

ညောင်ဦးမြို့နယ် သမဝါယမအသင်းစုသည် အသင်းပိုင်ငွေကြေးများ အကုန်အကျခံရင်းနှီး မြုပ်နှံဆောင်ရွက်ခဲ့သည့် အတွက် မြေလွတ်မြေ ရိုင်းဧက ၅၅၀ အနက်မှ ကွင်းအမှတ်(၁၃၂၉) ဝက်သကျ ကွင်းအတွင်း ဧက ၁၀၀ ကို ညောင်ဦးမြို့နယ် သမဝါယမအသင်းစု ဦးပိုင်အမည်ပေါက် လုပ်ပိုင်ခွင့် ချမှတ်ပေးရန် ညောင်ဦးမြို့နယ် သမဝါယမအသင်းစုမှ မန္တလေးတိုင်းဒေသကြီး မြေအသုံးချမှုစီမံ ခန့်ခွဲရေးကော်မတီသို့ ၂၇-၁၁-၂၀၁၄ ရက်စွဲပါစာဖြင့် လျှောက်ထားခဲ့ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြေလွတ်မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှုဗဟိုကော်မတီသို့ တင်ပြရန် အကြောင်းကြားချက်အရ လုပ်ငန်းစီမံချက်များနှင့်အတူ ဗဟိုကော်မတီကို ၃၀-၁-၂၀၁၅ ရက်နေ့တွင် တင်ပြလျှောက်ထားပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသောမြေဧကများကိုလည်း အသင်းစုအမည်ဖြင့် ဦးပိုင်အမည်ပေါက် ရရှိရေးအတွက် မြေ လွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီထံသို့ ဆက်လက်တင်ပြလျှောက်ထားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ် လက်ထုတ်ကျေးရွာအုပ်စု ညောင်လှကျေးရွာမှ တောင်သူ ၂၈ ဦး မှ တင်ပြသည့် လက်ထုတ်ကျေးရွာအုပ်စု ကွင်းအမှတ်(၁၃၂၉)နှင့် ကွင်းအမှတ်(၁၃၃၀)ရှိ မြေဧက ၅၅၀ ဧကမှာ ညောင်ဦးမြို့နယ် သမဝါယမအသင်းစုက သိမ်းယူခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်အစိုးရ၏ ခြံစည်းရိုးကြက်ဆူပင် စိုက်ပျိုးရေးစီမံချက်အရ တိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ခွင့်ပြုပေးထားခဲ့သော မြေနေရာဖြစ်ခြင်း၊ တောင်သူလုပ်ကွက်နှင့် ဦးပိုင်အမည်ပေါက် မဟုတ်ဘဲ မြေလွတ်မြေရိုင်းများဖြစ်ခြင်း၊ ညောင်ဦးမြို့နယ် သမဝါယမအသင်းစုတွင် အခြေခံသမဝါယမ အသင်းပေါင်း ၁၀၈ သင်း၊ အသင်းသားပေါင်း ၂၃၀၀၀ ကျော် ပါဝင်သည့်အတွက် အသင်းသားများ အများစုဖြင့် ဆောင်ရွက်နေသောအသင်းဖြစ်၍ ၎င်းမြေယာများတွင် အသင်းသားအများစုပိုင်ဆိုင်ခြင်း၊ အသင်းစုပိုင် ငွေကျပ်သိန်း ၃၀၀ ကျော် အကုန်အကျခံ၍ မြေပြုပြင်ခဲ့ခြင်း၊ ကြက်ဆူစိုက်ပျိုးရေးလုပ်ငန်း ရပ်ဆိုင်းခဲ့သော်လည်း အသင်းစုပိုင်ငွေကြေးများ ရင်းနှီးမြှုပ်နှံ၍ ကျွန်းပင်၊ သနပ်ခါးပင်နှင့် ဇီးချဉ်ပင်များ စိုက်ပျိုးထိန်းသိမ်းလျက်ရှိခြင်း၊ အဆိုပါမြေဧက ၅၅၀ အနက် ဧက ၁၀၀ ကို အသင်းစု အမည်ဖြင့် ဦးပိုင်အမည်ပေါက်လျှောက်ထားဆဲဖြစ်ပြီး ကျန်ဧကများကိုလည်း ဆက်လက်လျှောက်ထားရန် ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် တင်ပြပါမြေဧက ၅၅၀ ဧကကို အသင်းစုအနေဖြင့် ပြန်လည် ပေးအပ်နိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။