မာန်အောင်မြို့နယ်တွင် မာန်အောင်ကျွန်း၊ ရေးကျွန်းနှင့် တိုက်ကျွန်းဟူ၍ ကျွန်း ၃ ကျွန်းရှိပြီး ကျေးရွာပေါင်း ၁၃၈ ရွာရှိပါကြောင်း၊ ကျေးလက် ကျန်းမာရေးဌာနခွဲပေါင်း ၁၇ ခုသာရှိသည့်အတွက် ဒေါတန်းကျေးရွာ၊ ဖာအုန်းမိုကျေးရွာ၊ မင်းဆိပ်ပင်ကျေးရွာတို့နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၃ ခုကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ၊ ဖွင့်လှစ်ပေးနိုင်ခြင်းမရှိပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်နှင့် မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ၂၅ ခုတင်ဆံ့ဆေးရုံ ၁ ရုံ၊ ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံ ၂ ရုံ၊ စုစုပေါင်း ဆေးရုံ ၃ ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၇ ဌာနတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက် ရှိပါကြောင်း၊ ဒိုးတန်းကျေးရွာသည် ကျောက်တန်းကျေးလက် ကျန်းမာရေးဌာနအောက်တွင်ရှိပြီး ဒိုးတန်းကျေး ရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ခွင့်ရရှိပါက အိမ်ခြေ ၁၉၈ အိမ်၊ လူဦးရေး ၁၀၀၀ ခန့်အား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာသည် ကျွန်း၏အလယ်ပိုင်း ခက်ခဲသော တောင်တန်းကြားတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲပါသဖြင့် ဒိုးတန်းကျေး ရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ခွင့်ရရှိနိုင်ရန် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံခွင့်ပြုမိန့် ရရှိနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ငပုံကုန်းကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ခါးအုန်းမော်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြင်းဆိပ်ပြင်ကျေးရွာသည် ကျောက်တန်း ကျေးလက်ကျန်းမာရေးဌာန၊ မင်းပြင်ကျေးလက် ကျန်းမာရေးဌာနခွဲအောက်တွင် တည်ရှိပါကြောင်း၊ လူဦးရေနည်းပါးပြီး မင်းပြင်ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ၄ ဖာလုံ ကွာဝေးပါ သဖြင့် မြင်းဆိပ်ပြင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁ ခု ထပ်မံဖွင့်လှစ်ရန်အတွက် ယခုအချိန်တွင် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
