ကလေးဝမြို့နယ်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ သမိုင်းမှတ်တိုင်ဖြစ်သော လွတ်လပ်ရေး ကျောက်တိုင်ကို တစ်နည်းအားဖြင့် ပထမအကြိမ် လွှတ်တော် အရပ်ရပ်၏ သမိုင်းကျောက်တိုင်အဖြစ် ၂၀၁၆ ခုနှစ်၊ လွတ်လပ်ရေးနေ့ မတိုင်မီ စိုက်ထူပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်သည် ၁၉၈၀ ခုနှစ်က မြို့လုံးကျွတ် မီးလောင်ခဲ့ပြီး ယခင်က လွတ်လပ်ရေးကျောက်တိုင်ကြီးနေရာကို အထက်တန်းကျောင်းဝင်းအဖြစ် သတ်မှတ်လိုက်ရာ မလွတ်ကင်းသည့် အတွက် ဖျက်သိမ်းခဲ့ရပါကြောင်း၊ ထိုသို့ ဖျက်သိမ်းခဲ့သည်မှာ နှစ်ပေါင်း ၃၅ နှစ်ခန့် ရှိနေပြီဖြစ်ပါကြောင်း၊ မိမိတို့မြို့သည် ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်ကြားရှိ ကျဉ်းမြောင်းသော ဒေသမြို့လေး ဖြစ်ပြီး အရှေ့ဘက်တွင် ရွှေ သမင်တောင်၊ အနောက်ဘက်တွင် ကွမ်ပြတောင်ကြားတွင် တောင်ကုန်းတောင်တန်း ထူထပ်သဖြင့် ရရှိထားသောဘော လုံးကွင်းကိုလည်း တည်ဆောက်နိုင်ခြင်း မရှိပါကြောင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကာလအတွင်း ခေတ်မီသော အားကစားကွင်းကြီးကို ကလေးဝမြို့တွင် ဆောက်လုပ်ပြီးဖြစ် သည့်အတွက် အားကစားကွင်းကြီးနှင့် လိုက်လျော်ညီထွေဖြစ်စေမည့် လွတ်လပ်ရေးကျောက်တိုင်ကို စိုက်ထူရန် လိုအပ်နေပါကြောင်း၊ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူခြင်းသည် ပါတီစုံဒီမိုကရေစီစနစ်၊ လွှတ်တော်၊ ပြည်ထောင်စု ဝန်ကြီးအဖွဲ့များ၏ အောင်ပွဲမှတ်တိုင်အဖြစ် စိုက်ထူနိုင်ရန် ၂၀၁၆ ခုနှစ် လွတ်လပ်ရေးနေ့ မတိုင်ခင်ခေတ်မီ ခန့်ညားသော ကျောက်တိုင်တစ်တိုင်ကို ကလေးဝမြို့တွင် စိုက်ထူပေးစေလိုပါကြောင်း၊ ထို့ကြောင့် ကလေးဝမြို့နယ်၏ တစ်ခုတည်းသော လွတ်လပ်ရေးနေ့ကျောက်တိုင် ကွယ်ပျောက်ခဲ့သည်မှာ ၃၅ နှစ်ရှိခဲ့ပြီဖြစ်ပါသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်မှ အဆိုပါအချက်အား သမိုင်းလိုအပ်ချက်ဖြစ်ကြောင်း အသိအမှတ်ပြုခြင်းရှိ/မရှိ၊ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ခြင်းအောင်မြင်မှု မှတ်တိုင်အဖြစ်လည်းကောင်း၊ နိုင်ငံတော်တစ်ဝှမ်း တိုင်းရင်းသားများ၊ အလုပ်သမားများ၊ လယ်သမားများ၊ သခင်၊ သခင်မများနှင့် ရဲဘော်သုံးကျိပ်တို့၏ အသက်ချွေးဖြင့် ရယူထားသည့် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမိုင်းမှတ်တိုင်အဖြစ် လိုအပ်နေသော လွတ်လပ်ရေးကျောက်တိုင်အား စိုက်ထူပေးရန် မြို့သူမြို့သားများ၏ ဆန္ဒအား ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးဝမြို့နယ်သည် ဖက်ဆစ်တော်လှန်ရေးနှင့် နယ်ချဲ့တော်လှန်ရေးတို့ တော်လှန်ရေးနေရာဖြစ်ခြင်း၊ ဒုတိယကမ္ဘာစစ်၏ စစ်လမ်းကြောင်းဖြစ်ခြင်းတို့ကြောင့် သက်ဆိုင်သူနှင့် သမိုင်းလေ့လာသူ၊ နိုင်ငံခြားသားများ ဝင်/ထွက်ရာဒေသဖြစ်ခြင်းကို သိရှိမှုရှိ/မရှိ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အဓိကကျသော သမိုင်းမှတ်တိုင်ဖြစ်သည့် လွတ်လပ်ရေးကျောက်တိုင်ကို ကလေးဝမြို့တွင် တနည်းအားဖြင့် ပထမအကြိမ် လွှတ်တော်အရပ်ရပ်၏ သမိုင်းကျောက်တိုင်အဖြစ် ၂၀၁၆ ခုနှစ် လွတ်လပ်ရေးနေ့အမှီ ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေနှင့် မည်သည့်ရန်ပုံငွေမဆို စိုက်ထူပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ၅-၂-၂၀၁၅ ရက်နေ့ ကလေးဝမြို့ခရီးစဉ်တွင် လွတ်လပ်ရေးပန်းခြံနှင့် လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်နိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့မှုအပေါ် ကလေးဝမြို့နယ် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပြည်သူများ လွတ်လပ်ရေး၏ အနှစ်သာရ ရရှိစေရေးနှင့် အပန်းဖြေနားနေစေရေးတို့အတွက် အစီအမံများ ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ ကလေးဝမြို့နယ် လွတ်လပ်ရေးပန်းခြံနှင့် လွတ်လပ်ရေးကျောက်တိုင်ကို ကလေးဝမြို့မှ ကလေးမြို့အထွက် ကလေးဝ-ယာကြီးလမ်း၊ မြစ်သာတံတားအဆင်းတွင် ဧရိယာ ဝ.၉၆ ဧကရှိသောမြေလွတ် အပေါ်တွင်မြေလွှဲပြောင်း လက်ခံနိုင်ရေး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် လွတ်လပ်ရေးကျောက်တိုင်နှင့် ပန်းခြံ တည်ဆောက်နိုင်ရေးအတွက် ကြီးကြပ်မှုကော်မတီ၊ တည်ဆောက်ရေးကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေးကော်မတီများ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်းမှ လုပ်ငန်းရှင်များ၏ မတည်အလှူငွေများရယူပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခရိုင်စီမံခန့်ခွဲမှုကော် မတီများ၏ လမ်းညွှန်မှုဖြင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး လွတ်လပ်ရေးကျောက်တိုင်ကို တည်ဆောက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
