(ခ)-ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မင်းသီရိ လမ်းမှဦးဘတုနှင့်ဦးကျော်မင်းပါ(၂၈)ဦး၏ မြေယာ သိမ်းဆည်းခံရမှုအတွက်နစ်နာမှုကိုကုစားပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၆)ရက်မြောက်နေ့ (၁.၄.၂၀၁၅)

ဒေါ်တင်တင်ရီ(ကျွန်းစု မဲဆန္ဒနယ်)တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်  အမှတ်(၁)ရပ်ကွက် မင်းသီရိ လမ်းကို ၁၉၉၆ ခုနှစ်တွင် ပုလောမြို့နယ် တစ်ဖက်ကမ်းသို့ တံတားဖောက် လုပ်ရန် မြို့ပြနှင့် ဆောက်လုပ်ရေးမှ မြေယာများကိုသိမ်း ဆည်း၍ အိမ်ခြေ များကို ဖယ်ရှားခဲ့ရာတွင် နေအိမ်အဆောက်အဦများကို မြေကွက် အစားထိုး ပေးခြင်းနှင့် အိမ်တန်ဖိုး လျော်ကြေးများကို ပေးအပ်ခဲ့ကြောင်း၊ သို့သော် ပုလော မြို့နယ် တစ်ဖက်ကမ်း အမှတ်(၁)ရပ်ကွက် မင်းသီရိလမ်းရှိ ဦးဘတု၊ ဦးကျော်မင်းပါ အိမ်ထောင်စု ၂၈ စုသည် လျော်ကြေးငွေများရရှိခြင်း မရှိပါကြောင်း၊ ဦးဘတု ပိုင်ဆိုင်သော ဥယျာဉ်ခြံ မြေကိုလည်း ထပ်မံသိမ်းဆည်း၍ အထက်ဖော်ပြပါအိမ်ထောင်စု ၂၈ စုအား အစားထိုး ပေး၍ ကျန်ရှိသော ဦးဘတုပိုင် လယ်ယာများကို လမ်းဖောက်လုပ်ခြင်း၊ မြေကွက်များကို အိမ်ရာအကွက်ရိုက် ရောင်းစား ခြင်းများကို ပြုလုပ်ခဲ့ ပါကြောင်း၊  ဦးဘတု၊ ဦးကျော်မင်းတို့အနေဖြင့် လက်ရှိအိမ်နေရာကို ဖျက်ဆီး ပြောင်းရွှေ့ခြင်းခံရပြီး လျော်ကြေးနှင့် အစားထိုးမြေမရရှိသည့်အပြင် မိမိပိုင် လယ်မြေ၊ ဥယျာဉ်ခြံမြေများ ထပ်မံဆုံးရှုံးခြင်း၊ ကျန်ရှိသော လမ်းမဖက် ကျသည့် မြေယာများကို အိမ်ရာကွက်ရိုက်၍ ရောင်းချခြင်းများ ခံခဲ့ရပါ ကြောင်း၊ ထို့ကြောင့် ဦးဘတု၊ ဦးကျော်မင်းအပါအဝင် အိမ်ထောင်စု ၂၈ စုအား အစားထိုးမြေကွက်နှင့် လျော်ကြေးငွေများ ပေးရန်၊ အကွက်ရိုက် ရောင်းစားခြင်း ခံနေရသည့် ဦးဘတု၊ ဦးကျော်မင်း ပိုင်ဆိုင်သည့် လယ်ယာ ဥယျာဉ် မြေများအတွက် မည်သို့ အရေးယူ ဆောင်ရွက်ပေး၍ အိမ်ထောင်စု ၂၈ စုအတွက် နစ်နာမှု လျော်ကြေးနှင့်တကွ အကွက်ရိုက် ရောင်းစား နေခြင်း ခံရနေသည့်ကိစ္စကို တာဝန်ရှိသူများမှ ဆောင်ရွက်ပေးနိုင်ခြင်းရှိ /မရှိတို့ကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
အဖြေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ် မိုင်တိုင် (၉၇/၇) နှင့် ၉၈ ရှိ တံတားအမှတ် (၆/၉၈) ပုလောတံတားသည် ၁၉၉၇ ခုနှစ်မှ စတင်ခဲ့ ပြီး ၂၀၀၀ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ ထားဝယ်ဘက်ကမ်း ရှိ တံတားစီမံကိန်းနှင့် မလွတ်သော အိမ်ထောင်စု ၂၈ စုကို ပြောင်းရွှေ့ခံရသည့် အိမ်ပိုင်ရှင်များ၊ လယ်ပိုင်ရှင်များနှင့် ညှိင်းသဘောတူညီချက်အရ ၄၀ ပေ x ၆၀ ပေ မြေကွက် ၂၈ ကွက်ကို ဦးဘတု အပါအဝင် ပြောင်းရွှေ့ခံရသော နေအိမ်ပိုင်ရှင်များအား ပုလောမြို့နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့ အစီ အစဉ်ဖြင့် မြေကွက်များ ချထားခဲ့ပါကြောင်း၊ မြိတ်ဘက်ကမ်းရှိ တံတား စီမံကိန်းနှင့် မလွတ်ကင်းသော နေအိမ် ၃၈ လုံးအတွက်  ပုလောမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစီအစဉ်ဖြင့် မြေကွက်များ အစားထိုးပေးခဲ့ပြီး နေအိမ်ပြောင်းရွှေ့စရိတ် ၆၇.၁၉ သိန်းကိုလည်း မြေပိုင်ရှင် များအား လျော်ကြေးပေးခဲ့ကြောင်း။

ထားဝယ်ဘက်ကမ်းတွင်ရှိသော ဦးဘတု၊ ဦးကျော်မင်း အပါအဝင်  အိမ်ထောင်စု ၂၈ စုအား တံတားတည်ဆောက်စဉ်က နေအိမ်ပြောင်းရွှေ့စရိတ် မပေးခဲ့ခြင်းကို ပြန်လည်စိစစ်၍ ပုလောတစ်ဖက်ကမ်းရှိ အိမ်ထောင်စု များအတိုင်း လျော်ကြေးပေးရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အကွက်ရိုက်နေရာ ချထားခြင်းခံရသည့် ဦးဘတု၊ ဦးကျော် မင်းတို့ ပိုင်ဆိုင်သော လယ်ယာ၊ ဥယျာဉ်မြေများအတွက် သက်ဆိုင်သည့် မြေယာစီမံခန့်ခွဲမှုကော်မ တီများနှင့် ညှိနှိုင်းပြီး မြေယာလျော်ကြေးပေးရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ ထားဝယ်ဘက်ကမ်းတွင်ရှိသည့် ဦးဘတု ၏ ဥယျာဉ်ခြံမြေများ သိမ်းဆည်း၍ မြေကွက်ချထားပြီး ပိုလျှံသည့်မြေများကို လမ်းမဘက်ကျသော မြေယာများအား အိမ်ရာကွက် ရိုက်၍ ရောင်းချခြင်း မဟုတ်ဘဲ ၎င်းကျန်ရှိနေသော လယ်ယာမြေများအတွင်း နေအိမ်များသို့ အဝင်အထွက်လမ်းအဖြစ်သာ အသုံးပြုလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။