(ဂ)-ကျောင်းကျန်းမာရေး လုပ်ငန်းများ မည်သို့ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းနှင့် ကျန်းမာရေးသီတင်းပတ်ရောက်မှဆောင်ရွက်သည် မျိုးမဟုတ်ဘဲအမြဲတမ်းဆောင်ရွက်နိုင်ရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၁)ရက်မြောက်နေ့ (၂၃.၃.၂၀၁၅)

ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရန် ထူးချွန်ထက်မြက်ပြီး ကျန်းမာရေးနှင်‌့ ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်သည် အလွန်အရေးကြီးလှ ပါကြောင်း၊ ကျန်းမာသန်စွမ်းသော အရင်းအမြစ်များ၊ မျိုးဆက်သစ်များ မွေးထုတ်ရန်အတွက် ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှစ၍ သြဂုတ်လ ဒုတိယပတ်ကို ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများနှင့် ပညာရေးကောလိပ်လေ့ကျင့်ရေးကျောင်းများတွင် နှစ်စဉ် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို လေ့လာသိရှိရပါကြောင်း၊ ကျောင်းမှန်မှန်တက်ပြီး စာသင်ရက်မပျက်စေရေးအတွက် ကျန်းမာဖွံ့ဖြိုးဉာဏ်ရည် တိုးစေရန် ကျောင်း ကျန်းမာရေးနှင့်သက်ဆိုင်သော လုပ်ငန်းများကို ကျောင်းတစ်ကျောင်းချင်း၊ ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီ လိုက်နာဆောင်ရွက် ရန်လိုသကဲ့သို့ ဆရာ၊ မိဘနှင့် ပတ်ဝန်းကျင်ကလည်း ဝိုင်းဝန်းကူညီပံ့ပိုးရန်လိုအပ်ပါကြောင်း၊ ကျောင်းကျန်းမာရေး သီတင်းပတ်ရောက်မှ ဆောင်ရွက်ခြင်းမဟုတ်ဘဲ အမြဲတမ်းဆောင်ရွက်နေရန်လည်း လိုအပ်ပါကြောင်း၊ ကျောင်းကျန်းမာရေး သီတင်း ပတ်ရောက်လျှင် ကျောင်းကျန်းမာရေးလုပ်ငန်းကို ပိုမိုအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေး သီတင်းပတ် လုပ်ငန်း ဆောင်ရွက်မှုများ ပြုလုပ်ခြင်းအားဖြင့် ကျောင်းသားကျောင်းသူများကိုယ်တိုင် ကျန်းမာခြင်း၏ တန်ဖိုးကို သိရှိနားလည်ပြီး အလေးထားလိုက်နာဆောင်ရွက်ခြင်း၊ မျိုးဆက်သစ်များ ကျန်းမာကြံ့ခိုင် ပညာရည်မြင့်မားသော  နိုင်ငံသားကောင်းများ ပေါ်ထွန်း လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းကျန်းမာ ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်နိုင်ရန် မည်သည့်ရည်ရွယ်ချက်များနှင့် မည်သို့အကောင် အထည်ဖော် ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း၊ ကျောင်းကျန်းမာရေးသီတင်းပတ်ရောက်မှ ဆောင်ရွက်ခြင်း မဟုတ်ဘဲ အမြဲတမ်းဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းအခြေခံပညာကဏ္ဍတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် ကျောင်းကျန်း မာရေးမြှင့်တင်မှု လုပ်ငန်းများ၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများကို ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနများ၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့မှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ကျန်းမာကြံ့ခိုင်၍ ပညာရည်မြင့်မားသည့် နိုင်ငံ့သားကောင်းများ မွေးထုတ်နိုင်ရေးအတွက် ကျန်းမာပျော်ရွှင်သည့်လူမှုဘဝကို ပိုင်ဆိုင်နိုင်စေရန် ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်ကို ကလေးများ ငယ်စဉ်ကပင် ကျန်းမာရေးအလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် အခြေခံပညာအဆင့်တိုင်းတွင် သင်ကြားပေးလျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအဆင့် အတန်း မြင့်မားတိုးတက်စေရန် ကျောင်းသားလူငယ်များ မှန်ကန်သော ကျန်းမာရေးပညာနှင့် အပြုအမူများကို သိရှိနားလည်၍ ကိုယ်တိုင်ကျင်‌့သုံးတတ်စေရန်၊ တစ်သက်တာလုံး ကျန်းမာပျော်ရွှင်သောဘဝပိုင်ရှင်များ ဖြစ်လာစေရန်၊ ကျောင်းသား လူငယ်များတွင် တွေ့ကြုံ ခံစားနေရသော ရောဂါပြဿနာများကို ရှာဖွေကုသပေးရန်၊ ကျန်းမာရေးနှင့်ညီညွတ်၍ သန့်ရှင်းသာယာသော ကျောင်းပတ်ဝန်းကျင်များ ဖြစ်ထွန်း လာစေရန်၊ အာဟာရပြည့်ဝ၍ ကာယ၊ ဉာဏ၊ စာရိတ္တကြံ့ခိုင်သော မျိုးဆက်သစ် ကျောင်းသား လူငယ်များ ဖြစ်ထွန်း လာစေရေးအတွက် ပြုစုပျိုးထောင်ပေးရန်၊ ထိရောက်အောင်မြင်သော ကျောင်းကျန်းမာရေးလုပ်ငန်းမှတစ်ဆင့် ကလေးသူငယ်အချင်းချင်း၊ မိသားစု၊ ရပ်ရွာ၊ မြို့နယ်နှင့် တစ်မျိုးသားလုံး၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ကျောင်းကျန်းမာရေးကော်မတီများအဖြစ် ကျောင်းကျန်းမာရေးဗဟိုကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ် ကျောင်းကျန်းမာရေးကော်မတီ၊ ခရိုင်ကျောင်းကျန်းမာရေးကော်မတီ၊ မြို့နယ်ကျောင်းကျန်းမာရေးကော် မတီနှင့် ကျောင်းအဆင့် ကျောင်းကျန်း မာရေးကော်မတီတို့ဖြင့် အဆင့်ဆင့်ဖွဲ့စည်းထားရှိပါကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းကို အဓိကအားဖြင့် ကျောင်းအဆင့် ကျောင်းကျန်း မာရေးကော်မတီက ဆောင်ရွက်ပါကြောင်း၊ ကျန်ကော်မတီများက လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် အားဖြည့်ကူညီခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ပုံမှန်အားဖြင့် ပညာသင်နှစ်အစမှအဆုံးအထိ ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်း၏ အစိတ်အပိုင်း လှုပ်ရှားမှုအဖြစ် သတ်မှတ်ကာ နှစ်စဉ်သြဂုတ်လ ဒုတိယပတ်တွင် ကျောင်းကျန်းမာရေးသီတင်း ပတ်လှုပ်ရှားမှုကို ပညာရေးပြက္ခဒိန်လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်လျက် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးစစ်ဆေးရေးနှင့် ကုသရေးလုပ်ငန်း၊ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးပညာပေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းတို့ဖြင့် လုပ်ငန်းစဉ်(၅)ရပ်ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ပုံမှန်ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအပြင် ကျောင်းသားကျောင်းသူများအားလုံး ကျန်းမာပျော်ရွှင်သည့်လူမှုဘဝကို ပိုင်ဆိုင်နိုင်စေရန်အတွက် ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်ကို ၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှစ၍ အခြေခံပညာအဆင့်အလိုက် သင်ကြားပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်သည် ကလေးများ၏ လူမှုဘဝတွင် ကျွမ်းကျင်ရမည့် ကျွမ်းကျင်မှုများနှင့် ကျန်းမာရေး အလေ့အကျင့်ကောင်းများဖြစ်သည့်အတွက် ဘဝတစ်လျှောက်လုံး လိုအပ်မည့် ကျွမ်းကျင်မှုအားလုံးကို လေ့ကျင့်ပျိုးထောင်ပေးသည့် ဘာသာရပ်ဖြစ်ပါသဖြင့် ကျောင်းကျန်းမာရေးသီတင်းပတ်ရောက်မှသာ ဆောင်ရွက်ခြင်း မဟုတ်ဘဲ ပညာသင်နှစ်အတွင်း ပုံမှန်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။