(ခ) -နိုင်ငံသားစိစစ်ရေးကတ်များနှင့် ပတ်သက်၍ မိုးပွင့်စီမံချက် ချမှတ်ကာ မိုးပွင့်အဆင့် (၁) မှ (၇) အထိပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုချင်းစီအလိုက် မည်ကဲ့သို့အကုန်အကျခံ ဆောင်ရွက်ပေးခဲ့သည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၂၇)ရက်မြောက်နေ့ (၁၆.၃.၂၀၁၅)

ဦးသိန်းထွန်းဦး (အမရပူရ)နိုင်ငံတော်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များကို မိုးပွင့်စီမံချက်ချမှတ်ကာ အဆင့်ဆင့်သော လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူများက လူအား၊ ငွေအားတို့ဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိခြင်းတို့ကြောင့် ပြည်သူများသည် ယခင်ကထက် အဆင်ပြေစွာ နိုင်ငံသားစိစစ်ရေးကတ်တို့ကို ရရှိခြင်းဖြင့် အောင်မြင်မှုရရှိလျက်ရှိပါကြောင်း၊ ထို့အပြင် စနစ်သစ် နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသော ပြည်သူတို့ကို အချိန်မီအကြောင်းကြားနိုင်စေရန်နှင်‌့ မိသားစုတစ်စုချင်းနှင့် မိသားစုဝင်တစ်ဦးချင်းတို့၏ ကိုယ်ရေးအချက်တို့ကို တိကျစွာထည့်သွင်းပြီး မပျောက်ပျက်စေရန် သိမ်းဆည်းနိုင်ရေးတို့အတွက် လူအား၊ ငွေအား စိုက်ထုတ်သုံးစွဲကာ e-File Management System တို့ကို တီထွင်ဆောင်ရွက်လျက်ရှိနေသည်ကို သိရှိရပါကြောင်း၊  သို့ဖြစ်ပါ၍ e-File Management System ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် ကုန်ကျစရိတ်တို့ကို မည်ကဲ့သို့ ဆောင်ရွက်ပေးခဲ့သည်နှင့် လိုအပ်သောဝန်ထမ်းများ ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ။ နိုင်ငံတော်မှ မိုးပွင့်အဆင့်(၁)မှ မိုးပွင့်အဆင့်(၇)အထိ ဆောင်ရွက်ပေးခဲ့ရာတွင် လုပ်ငန်းလိုအပ်ချက်အရ နေ့စားဝန်ထမ်းများ ခန့်ထားတာဝန်ပေးအပ်ခဲ့ခြင်းရှိ/မရှိ။ ရှိပါက မည်သည့်နှုန်းထားဖြင့် နေ့စားဝန်ထမ်းမည်မျှ ခန့်ထားတာဝန်ပေးအပ်ခဲ့ပြီး နေ့စားဝန်ထမ်းစရိတ် စုစုပေါင်း မည်မျှသုံးစွဲခဲ့သည်နှင့် မိုးပွင့်စီမံချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသော သက်ဆိုင်ရာဌာနများအနေဖြင့် အထွေထွေကုန်ကျစရိတ်များကို နိုင်ငံတော်က မည်ကဲ့သို့ အကုန်အကျခံ ဆောင်ရွက်ပေးခဲ့သည်ကို မိုးပွင့်အဆင့်(၁)မှ မိုးပွင့်အဆင့်(၇)အထိ အဆင့်အလိုက် ပြည်နယ်/ တိုင်းဒေသကြီး တစ်ခုချင်းစီအတွက် သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်
အဖြေ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းအပေါ် အခြေခံသော လူဦးရေးဆိုင်ရာ သတင်းအချက်အလက်များကို Computer System အသုံးပြု၍ ထုတ်ယူသုံးစွဲ နိုင်ရန်ရည်ရွယ်ပြီး နည်းပညာကျွမ်းကျင်သူများ၏ အကူအညီရယူကာ e-File Management System ကို စမ်းသပ်ဆောင်ရွက်ရန် စီမံခဲ့ရာ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသည် အဆိုပါလုပ်ငန်းဆောင်ရွက်နိုင်ရန် စင်ကာပူအခြေစိုက် East Wind Solution IT Company နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းကုမ္ပဏီမှလည်း မိမိဝန်ကြီးဌာနနှင့် ဆောင်ရွက်မည့် e-File Management System ၏ စမ်းသပ်လုပ်ငန်းဖြစ်သည့်အတွက် နည်းပညာများနှင့် လိုအပ်သည့် Program များအား ငွေကြေးမယူဘဲ ပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းအဆင်ပြေပါက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ပါ တင်ဒါစနစ်ဖြင့် ယှဉ်ပြိုင်၍ အခကြေးငွေဖြင့် တိုးချဲ့ဆောင်ရွက်သွားရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။ ကျွမ်းကျင်ပညာရှင်များမှာ e-File Management System အတွက် လုပ်ငန်းလည်ပတ်မှုများကို စမ်းစစ်လေ့လာခြင်း၊ လုပ်ငန်းဒီဇိုင်းရေးဆွဲခြင်း၊ စံသတ်မှတ်ခြင်း၊ Program များ ရေးဆွဲခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် program ရေးဆွဲခြင်းအား စတင်ခဲ့ပြီး ရေးဆွဲခဲ့ပြီးခဲ့ပြီးသော ကွန်ပျူတာ Software များအား အသုံးပြုနိုင်ရန်အတွက် အသုံးချနည်းသင်တန်းကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/ခရိုင်ဝန်ထမ်း စုစုပေါင်း ၆၀ ဦးအား သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း။      

လုပ်ငန်းစမ်းသပ်ဆောင်ရွက်နိုင်ရန် လိုအပ်နေသော Data Base တည်ဆောက်ခြင်းအတွက် Server တပ်ဆင်ရေး၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်နိုင်ရေးနှင့် အခြားကုန်ကျစရိတ်များ မဖြစ်မနေ သုံးစွဲရမည်ဖြစ်သည့်အတွက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ e-File Management System စမ်းသပ်လုပ်ငန်းအား ရှင်းလင်းတင်ပြခဲ့ပြီး ဦးသိန်းတန်(ရွှေပြည်သာဟိုတယ်)၊ ‌ဒေါ်အေးမိစံ (Asia Pacifice Co.Ltd)၊ Horizon International School ၊ Than Taw Myat Co. Ltd တို့မှ စုစုပေါင်း ကျပ်သိန်း ၁၂၀ နှင့် ဧရာဝတီ International School မှ ကွန်ပျူတာနှစ်စုံ လှူဒါန်းမှုအား လက်ခံခဲ့ပြီး ၎င်းငွေများကို စမ်းသပ် လုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများနှင့် ကုန်ကျစရိတ်များအတွက် အသုံးပြုပါကြောင်း။

စက်ရှေ့ပြေးစမ်းသပ်ခြင်း စတင်ဆောင်ရွက်နိုင်ရန်အတွက် e-File Management System ၏  အခြေခံလုပ်ငန်းဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်းတွင် အချက်အလက်များသည် Computer Software အသုံးပြုပြီးှ ရိုက်သွင်းရသည့် Data Enrollment လုပ်ငန်းအား မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းကို သင်တန်းတက်ရောက်ပြီးသော မိမိဝန်ထမ်းများမှ တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ e-File Management System ကို အသုံးပြုခြင်းဖြင့် -

(၁) အိမ်ထောင်စုလူဦးရေစာရင်းတွင် ပါဝင်သော လူဦးရေ ကျား/မ စာရင်းအား နောက်ဆုံးအခြေအနေအထိ သိရှိနိုင်ခြင်း၊

(၂) အသက်အပိုင်းအခြားအလိုက် လူဦးရေစာရင်းအား တွက်ချက်ရန်မလိုဘဲ အသုံးပြုမှုနေ့ရက်တွင် တည်ရှိမည့် အသက်အပိုင်းအခြားကို မှန်ကန်စွာ ရယူနိုင်ခြင်း၊

(၃) ကိုးကွယ်သည့်ဘာသာအလိုက် လူဦးရေစာရင်း ကျား/မ အား ရယူနိုင်ခြင်း၊

(၄) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသား အစရှိသည့် သယ်ဆောင်သည့် လက်မှတ်ပေါ်မူတည်၍ တိကျသောစာရင်းကို ရယူနိုင်ခြင်း၊

(၅) လူပုဂ္ဂိုလ်တစ်ဦး၏ အမည်အား သိရုံမျှဖြင့် မည်သည့်ရပ်ကွက် မည်သည့်နေအိမ်တွင် နေထိုင်သည်ကို အလွယ်တကူရှာဖွေနိုင်ခြင်းနှင့်

(၆) အသက် ၁၀ နှစ်၊ အသက် ၁၈ နှစ် ပြည့်လသည့်စာရင်းအား ထုတ်ယူနိုင်းခြင်း စသည် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် မျှော်မှန်းပြီး ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။

ယခုအချိန်တွင် ရှေ့ပြေးစမ်းသပ်ဆောင်ရွက်ခြင်းကိုသာ ဆောင်ရွက်ခဲ့ပြီး Data ထည့်သွင်းပြီးဖြစ်သည့် ရပ်ကွက်/ကျေးရွာများ၏ အသက် ၁၀၊ အသက် ၁၈ နှစ် ပြည့်လာသည့်စာရင်းများကို ထုတ်ယူခဲ့ပြီး ၁၅.၁၂.၂၀၁၄ ရက်နေ့မှစ၍ အသက်ပြည့်လာသူ တစ်ဦးချင်းစီသို့ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် စာများပေးပို့နိုင်ခဲ့ပါကြောင်း၊ ထိုသူများ ရုံးတွင် လာရောက်ဆောင်ရွက်ခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ e-File Management System အား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အားဖြည့်ပေးမည့် စမ်းသပ်စနစ်တစ်ခုပင်ဖြစ်ပါကြောင်း။

အမရပူရမြို့နယ်၊ မကျဉ်းကိုင်ကျေးရွာအုပ်စုကိုလည်း အသက်ပြည့်လာသူများထံ အကြောင်းကြားနိုင်ခဲ့ပါကြောင်း၊ ရုံးတွင် လာရောက်ဆောင်ရွက်ရန်ဖြစ်သော်လည်း ကျေးရွာ၏ဖိတ်ခေါ်ချက် အရလည်းကောင်း၊ မိမိ၏စမ်းသပ်လုပ်ငန်းဖြစ်၍လည်းကောင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ e-File Management System သည် ယခု ဆောင်ရွက်လျက်ရှိသည့် မိုးပွင့်လုပ်ငန်းကို အထောက်အကူပြုနိုင်သည်ဖြစ်သော်လည်း ယခုစမ်းသပ် လုပ်ငန်းဆောင်ရွက်နေဆဲဖြစ်ပြီး ပြည်သူများအတွက် ပိုမိုအရေးကြီးသော မိုးပွင့်အထူးစီမံချက်ကိုသာ အလေးပေးဆောင်ရွက်နေပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဆောင်ရွက်နေသော e-File Management System သည် စမ်းသပ်လုပ်ငန်းသာဖြစ်ပြီး နိုင်ငံတော်မှ ငွေကြေးဖောင်းပွခြင်း၊ လုပ်အားပေး ငှားရမ်းခြင်းများ ဆောင်ရွက်မှုမရှိခဲ့ဘဲ မိမိရရှိသည့်အလှူငွေများ၊ ပံ့ပိုးပေးမှုများအပေါ် မိမိဝန်ထမ်းအင်အားဖြင့် တစ်နိုင်တစ်ပိုင် Pilot Project အဖြစ် စမ်းသပ်ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊ e-File Management System စမ်းသပ်လုပ်ငန်း အောင်မြင်မှုရရှိပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းစီမံချက်များ ရေးဆွဲတွက်ချက်ပြီး ပြည်ထောင်စုအစိုးရထံ တင်ပြခွင့်ပြုချက်တောင်းခံခြင်း၊ လိုအပ်သော ရန်ပုံငွေများ တွက်ချက်တောင်းခံခြင်း၊ နည်းပညာရပ်များ တင်ဒါခေါ်ယူခြင်းများဖြင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

မိုးပွင့်စီမံချက် အဆင့်(၁)မှ အဆင့်(၇)အထိ လုပ်ငန်းစဉ်များကို မိမိဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံချက်လုပ်ငန်းများ ဆောင်ရွက်ရန်ဟူ၍ သီးခြားအသုံးစရိတ် တင်ပြတောင်းခံခဲ့ခြင်းမရှိဘဲ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးခန့်မှန်းခြေ ငွေစာရင်းဦးစီးဌာန၏ ပုံမှန်ခွဲဝေခွင့်ပြုခဲ့သော သာမှန်အသုံးစရိတ်အတွင်းမှသာ စီမံချက်လုပ်ငန်းအတွက် လိုအပ်သော ရုံးသုံးပုံစံများအား ဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ တာဝန်ရိုက်နှိပ်ပြီး သက်ဆိုင်ရာအဖွဲ့များသို့ ခွဲဝေပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ နေ့စားဝန်ထမ်းများ ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ မိုးပွင့်အဆင့် (၁) ကာလအတွင်း မိမိဝန်ထမ်းများ သွားလာစရိတ်၊ စားစရိတ် အကုန်အကျ သက်သာစေရေးအတွက် မိမိရုံးစိုက်ရာဒေသမှ တစ်နာရီအတွင်း ဒေသများတွင်သာ စတင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါကြောင်း၊ မိုးပွင့်စီမံချက်အဆင့် (၂) တွင် ကွင်းဆင်းဆောင်ရွက်ရာ၌ ဝန်ထမ်းများ ခရီးဝေးနှင့် ညအိပ်ဆောင်ရွက်ပေးစေလိုသည့် ရပ်ကွက်/ကျေးရွာအုပ်စုများနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ တာဝန်ယူကြောင်း တရားဝင်တင်ပြစာရရှိပြီးမှသာ ညအိပ်ကွင်းဆင်းဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့ပါကြောင်း၊ ထို့အပြင် မိုးပွင့်စီမံချက်အဆင့်(၄)ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာကျေးရွာများမှ ဝန်ထမ်းများ၏ သွားလာရေးကိစ္စနှင့် စားသောက်ရေးကိစ္စများ တာဝန်ယူမည်ဖြစ်ကြောင်း ဖိတ်ခေါ်မှုပြုသည့်အခါ သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီးဝန်ကြီးချုပ်များထံ ကွင်းဆင်းဆောင်ရွက်ခွင့်တောင်းခံပြီး ဝန်ကြီးချုပ်များ၏ ခွင့်ပြုချက်အရ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော မိုးပွင့်စီမံချက်အဆင့်(၅)မှ အဆင့်(၇)အထိ ကာလအတွင်း လုပ်ငန်းများအရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ခွင့်ပြုသာမန်အသုံးစရိတ်မှ ငွေစာရင်း ခေါင်းစဉ်အလိုက် ခွဲဝေချထားမှုများ၊ ခရီးစရိတ်ငွေ ၂၅၀.၆ သန်း၊ ရုံးအသုံးအဆောင် ၅၆.၆၆ သန်း၊ တယ်လီဖုန်းကြေး ၈၅.၃၂၄ သန်း၊ လျှပ်စစ်မီတာခ ၂၅.၃၈ သန်း စုစုပေါင်း ၄၁၇.၉၆၄ သန်း ပင်ဖြစ်ပါကြောင်း၊ အဆိုပါ ခွဲဝေချထားရရှိငွေများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ တွက်ချက်မှုအတိုင်း ပြန်လည်ခွဲဝေပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်းချက်နှင့်အညီ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်နေ့အထိ (၆)လတာကာလအတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မိုးပွင့်အထူးစီမံချက်လုပ်ငန်း အောင်မြင်ရေးအတွက် ပြည်တွင်းခရီးစရိတ်၊ ရုံးအသုံးအဆောင်ပစ္စည်းများ၊ ကျွေးမွေးစရိတ်ခေါင်းစဉ်များဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စုစုပေါင်း ကျပ် ၆၆၆.၈၃ သန်း တောင်းခံတင်ပြခဲ့ရာ ပဏာမအဆင့် ခွင့်ပြုခဲ့ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း သုံးစွဲရန်လျာထားငွေမှာ ၂၆၅.၀၈၂ သန်း ဖြစ်ပါကြောင်း၊ သို့ပါ၍ မိမိဝန်ကြီးဌာနသည် ယခင် မိုးပွင့်စီမံချက်များကို ထပ်မံအားဖြည့်၍ မိုးပွင့်အထူးစီမံချက်အောင်မြင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိုးပွင့်စီမံချက်များဆောင်ရွက်ရာတွင် နေ့စားဝန်ထမ်းများ ခန့်အပ်ထားခြင်းမရှိဘဲ မိမိဝန်ထမ်းအင်အားများဖြင့်သာ ဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးသိန်းထွန်းဦး (အမရပူရ) က ဆက်စပ်မးခွန်း မေးမြန်းပါသည်။

နေ့စားဝန်ထမ်းများ မခန့်အပ်ခဲ့ပါဆိုသည်နှင့် စပ်လျဉ်း၍ မိမိတို့နိုင်ငံတော်တွင် လူဦးရေတိုးတက်လာသည်နှင့်အညီ လူဦးရေများလည်း တိုးပွားလာပါကြောင်း၊ ယခုကဲ့သို့ စီမံချက်များ ချမှတ်သည့်နေရာတွင် အချိန်မီပြီးပြတ်အောင် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်တိုင်းရှိ လဝကဦးစီးဌာနတွင် ဝန်ထမ်းများ နည်းပါးနေခြင်းအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အမြဲတမ်းဝန်ထမ်းများကို တိုးချဲ့ခန့်အပ်တာဝန်ပေးသွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊  မိုးပွင့်အဆင့်(၁)မှ (၇)အထိ ဆောင်ရွက်ပြီး လက်ရှိမိုးပွင့်အထူးစီမံချက်အဖြစ် ဆောင်ရွက်နေမှုများသည် နိုင်ငံသားလက်မှတ် ထုတ်ပေးရမည့် နိုင်ငံသားများကို ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ၊ ဆောင်ရွက်နိုင်ခြင်းမရှိပါက ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ခွင့်ရှိသော မိမိတို့နိုင်ငံသားများအတွက် မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် e-File Management ကို ယခုအချိန်တွင် စပြီးကျင့်သုံးနေပြီဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်သွားမည်ဆိုသည့်အတွက် မိမိတို့အနေဖြင့် ကြိုဆိုပါကြောင်း၊ ထို့အပြင် နိုင်ငံသား စိစစ်ရေးကတ်များကို နိုင်ငံတကာတွင် အသုံးပြုနေသော Smart Card များအဆင့်ကို မည်မျှရောက်ရှိနေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်

ဝန်ထမ်းများတိုးချဲ့ခန့်ထားမှုနှင့်စပ်လျဉ်း၍ ဝန်ထမ်းများခန့်ထားအပ်ရာတွင် မိမိတို့က သတ်မှတ်ထားသော ဖွဲ့စည်းပုံ၏ ၆၆ ရာခိုင်နှုန်းသာ ခန့်ခွင့်ရှိပါကြောင်း၊ ယခုအချိန်တွင် လွန်ခဲ့သည့်လက လိုအပ်သောဝန်ထမ်းအားလုံး ၁၂၅ ယောက်ကို ဖြည့်တင်း ခန့်အပ်ထားပြီးဖြစ်သည့်အတွက် ဝန်ထမ်းတိုးချဲ့ပြီးတော့မှ ခန့်ထားရန် အစီအစဉ်မရှိသေးပါကြောင်း၊ အထူးမိုးပွင့်စီမံချက်နှင့်ပတ်သက်၍ သတ်မှတ်ချက်မှာ ဇွန်လကုန်အထိဖြစ်သော်လည်း အသက် ၁၈ နှစ်ပြည့်ပြီးဆိုသည်နှင့် နေ့စဉ်ရှိနိုင် သည့်အတွက် သတ်မှတ်သော ကာလစီမံချက်ကျော်ပြီးသည့်အတိုင် ဆက်လက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိအောင် အထူးမိုးပွင့်နှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ e-File Management System နှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီးတွင် ဆောင်ရွက်ခဲ့ခြင်းမှာ စမ်းသပ်ခြင်းပင်ဖြစ်ပါကြောင်း၊ လက်ရှိအားဖြင့်‌ လုပ်ငန်းကျယ်ပြန့်သည့်အတွက် အထူးမိုးပွင့်စီမံချက်ကာလ တခြားလုပ်ငန်းများလည်း စီမံချက်များပြီးစီးမှသာ သက်ဆိုင်ရာလုပ်ငန်းစီမံချက်ရေးဆွဲပြီးမှ လိုအပ်သော ဘတ်ဂျက်နှင့် လိုအပ်သည့်လုပ်ငန်းများ Plan ရေးဆွဲပြီးမှ ပြန်လည်ရှင်းလင်းပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။