(ဂ)-ချောက်မြို့နယ်အပါအဝင်မိုးနည်းရေရှားဒေသ များ၌ သောက်သုံးရေရှားပါးမှု အခက်အခဲကိုအထူး စီမံချက်တစ်ရပ်ချမှတ်ဖြေရှင်းပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၅)ရက်မြောက်နေ့ (၃၀.၃.၂၀၁၅)

ဦးသိန်းလွင်( ချောက်မဲဆန္ဒနယ်)၂၀၀၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ (၁၄) နှစ်ကာလအတွင်း ၂၀၁၄ ခုနှစ်တွင် မိုးရေချိန်အနည်းဆုံး ၁၃.၁၇ လက်မသာ ရွာသွန်းခဲ့ပါကြောင်း၊ ချောက်မြို့နယ်တွင် ကျေးရွာ ၂၃၀ ရှိပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသတိုးတက်ရေးဦးစီးဌာနက ခန့်မှန်းထားသည်မှာ ယခုနှစ်တွင် ကျေးရွာပေါင်း ၄၃ ရွာခန့် ရေအခက်အခဲ ရှိနိုင်သည်ဟု သိရှိရပါကြောင်း၊ အဆိုပါ ကျေးရွာ ၄၃ ရွာအနက် ရွာပေါင်း ၁၁ ရွာကိုသာ ရေအခက်အခဲ ဖြေရှင်းပေးရန်အတွက်  ခွင့်ပြုဘဏ္ဍာငွေ ၁၀၈ သိန်း တောင်းခံထားသည်ကိုလည်း တွေရရှိရပါကြောင်း၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၃၀ ရွာတွင် ၄၃ ရွာ ရေအခက်အခဲရှိသည့်အနက် ၁၁ ရွာကိုသာ ဖြေရှင်းပေမည်ဖြစ်သည့်အတွက် ကျန်ရှိသောရွာများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုနည်းပါးပြီး သောက်သုံးရေအခက်အခဲ ရင်ဆိုင်နေရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရက သောက်သုံးရေရှားပါးမှုအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် လုံလောက်သော အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ခြင်းရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက ယင်းအစီအမံများကို ပြည်သူများသိရှိစေရေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး
အဖြေ

ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေးမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အခြေခံအဆောက်အအုံများ ဖြစ်သော Infrastructure များကို  လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေး၊ ကျေးလက်အိမ်ရာနှင်‌့ ရေလုံအိမ်သာကဲ့သို့သော တည်ဆောက်ရေး လုပ်ငန်းများအပြင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေး အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို နိုင်ငံတော် ဘတ်ဂျက်ခွင့်ပြုငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုးနည်းရေရှား ဒေသများတွင် သောက်သုံးရေရှားပါး ခက်ခဲမှု ဖြေရှင်းပေးနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး၌ ၁၀.၉.၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက် အမှတ်စဉ် (၃၈/ခ)အရ အပူပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်ကို ရေးဆွဲတင်ပြထားပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရိုင်  ၄ ခရိုင်၊ မြို့နယ် ၂၀ မြို့နယ်၊ ကျေးရွာပေါင်း ၃၂၆၃ ရွာ၊ မကွေးတိုင်းဒေသကြီးတွင် ခရိုင် ၅ ခရိုင်၊ မြို့နယ် ၂၅ မြို့နယ်၊ ကျေးရွာပေါင်း ၄၈၀၄ ရွာနှင့် မန္တလေး တိုင်းဒေသကြီးတွင် ခရိုင် ၄ ခရိုင်၊ မြို့နယ် ၁၂ မြို့နယ်၊ ကျေးရွာပေါင်း ၂၉၉၁ ရွာ၊ စုစုပေါင်း ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၅၇ မြို့နယ်၊ ကျေးရွာပေါင်း ၁၁၀၅၈ ရွာပါဝင်ပြီး မိမိတို့အနေဖြင့် ဆုံးဖြတ်ထားခြင်းဖြစ်ပါကြောင်း။

အပူပိုင်းမိုနည်းရေဝန်းဒေသရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်တွင် သောက်သုံးရေရရှိရေးလုပ်ငန်း အပါအဝင် လုပ်ငန်းစဉ် ၆ ရပ်ပါရှိပြီး ပြည်သူလူထု၏ အဓိကလိုလားချက်ဖြစ်သော သောက်သုံးရေဖူလုံစွာ ရရှိစေရန်နှင့် ထောင်စုနှစ်ရည်မှန်းချက် ပန်းတိုင် (Goal 7) တွင် ပါဝင်သော ရည်မှန်းချက်များ ပြည့်မီစေရန် အတွက် ကျေးလက်ဒေသ သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ် ၆ ရပ်တွင် ပါဝင်သော ကျေးလက်ရေဖူလုံစွာရရှိစေရန် အပူပိုင်းမိုနည်းဒေသ၊ ရပ်ဝန်းဒေသရှိ ကျေးရွာများသာမက အပူပိုင်းဇုံ တိုင်း ၃ တိုင်းအတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်၌ တိုင်း ၃ တိုင်းရှိ  ကျေးရွာပေါင်း ၇၃၀ ရွာတွင် ရေရရှိရေးလုပ်ငန်းပေါင်း ၈၁၁ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေး ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင်လည်း အပူပိုင်းဇုံ တိုင်း ၃ တိုင်းရှိ ကျေးရွာပေါင်း ၈၆၂ ရွာတွင် ရေရရှိရေးလုပ်ငန်းပေါင်း ၉၈၈ ခုကို ဆောင်ရွက်လျက်ရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အပူပိုင်းဇုံ တိုင်း ၃ တိုင်းရှိ ကျေးရွာပေါင်း ၉၀၈ ရွာတွင် ရေရရှိရေးလုပ်ငန်းပေါင်း ၉၁၆ ခုအား ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်း။

စစ်ကိုင်တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်း နွေရာသီကာလတွင် ကြုံတွေ့ရမည့် သောက်သုံးရေ အထူးရွာပါးခက်ခဲမှုကို အထူးစီမံချက် ၁ ရပ်ချမှတ်ပြီး ‌ဖြေရှင်းပေးရန်စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကွင်းဆင်းစစ်ဆေးချက်များအရ တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၅ မြို့နယရှိ ကျေးရွာပေါင်း ၆၁ ရွာတွင် ရေရှားပါးသည့် အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ နယ်စပ်ဒေသနှင်‌့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ရန်ပုံငွေများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ ရေရှားပါသောကျေးရွာများ၌ ကျေးရွာပေါင်း ၃၀ ရွာ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ နယ်စပ်ဒေသနှင်‌့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ကျေးရွာပေါင်း ၃၁ ရွာ ကို သောက်သုံးရေပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ရေတွင်းနက် ၂၃ တွင်း၊ မြေသားမိုးရေလှောင်ကန် ၄ ကန်နှင့် စိမ့်စမ်းရေသွယ်ယူခြင်း ၄ ခု၊ စုစုပေါင်း ကျေးလက်ရေပေးရေးလုပ်ငန်းပေါင်း ၃၁ ခုတို့ကို ခန့်မှန်းကုန်ကျငွေကျပ် ၅၇၆.၆၇၈၄ သန်းဖြင့်လည်းကောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ရေတွင်းတိမ် ၁ တွင်း၊ ရေတွင်းနက် ၅၀ တွင်း၊ လက်တူးတွင်း ၃ တွင်း၊ မြေသားမိုးရေလှောင်ကန် ၃ ကန်နှင့် စိမ့်စမ်းရေသွယ်ယူခြင်း ၆ ခု၊ စုစုပေါင်း ကျေးလက်ရေပေးရေးလုပ်ငန်းပေါင်း ၆၃ ခုတို့ကို ခန့်မှန်းကုန်ကျငွေကျပ် ၈၃၈.၁၉၆ သန်းဖြင့်လည်းကောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် အထူးသီးသန့်ရန်ပုံငွေဖြင့် ရေတွင်းတိမ် ၃ တွင်း၊ ရေတွင်းနက် ၄၂ တွင်း၊ ‌မြေသားမိုးရေလှောင်ကန် ၄၆ ကန်နှင့် စိမ့်စမ်းရေသွယ်ယူခြင်း ၆ ခု၊ အခြားလုပ်ငန်း ၇၉ ခု၊ စုစုပေါင်း ကျေးလက်ရေပေးရေးလုပ်ငန်းပေါင်း ၁၇၆ ခုတို့ကို ခန့်မှန်းကုန်ကျငွေကျပ် ၁၃၃၄ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရေတွင်းတိမ် ၃၀ တွင်း၊ ရေတွင်းနက် ၂၆၁ တွင်း၊ ‌မြေသားမိုးရေလှောင်ကန် ၆၄ ကန်နှင့် စိမ့်စမ်းရေသွယ်ယူခြင်း ၁၁ ခု၊ အခြားလုပ်ငန်း ၆၅ ခု၊ စုစုပေါင်း ကျေးလက်ရေပေးရေးလုပ်ငန်းပေါင်း ၄၃၁ ခုတို့ကို ခန့်မှန်းကုန်ကျငွေကျပ် ၄၅၁၀.၄၃၀၄ သန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထို့အပြင် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင်လည်း မြို့နယ်များ၌ ရေတွင်းတိမ် ၃၀ တွင်း၊ ရေတွင်းနက် ၂၀၅ တွင်း၊ လက်တူးတွင်း ၃ တွင်း၊ မြေသားမိုးရေလှောင်ကန် ၃၃ ကန်နှင့် စိမ့်စမ်းရေသွယ်ယူခြင်း ၂၃ ခု၊ အခြားလုပ်ငန်း ၁၄ ခု၊ စုစုပေါင်း ကျေးလက်ရေပေးရေးလုပ်ငန်းပေါင်း ၃၀၈ ခုတို့ကို ခန့်မှန်းကုန်ကျငွေကျပ် ၂၃၄၅.၃၉ သန်းဖြင့် သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးနိုင်ရန်အတွက် ရန်ပုံငွေတင်ပြတောင်းခံခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ လက်ရှိမြို့၏ ရေပေးဝေရေးလွှမ်းခြုံမှုကို စည်ပင်သာယာနှင့် ပြည်သူလူထု ထည့်ဝင်ငွေအားလုံးဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများသည် အနည်းဆုံး ၇၆ ရာခိုင်နှုန်းနှင့် အများဆုံး ၁၀၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံမှုရှိပြီးဖြစ်ပါကြောင်း။

သောက်သုံးရေခက်ခဲမှုမရရှိစေရေးအတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် မြို့ရေပေးရေးလုပ်ငန်းအနေဖြင်‌့ မြို့နယ် ၁၀ တွင် ရေတွင်းနက် ၁၂ တွင်း၊ မိုးရေလှောင်ကန် ၁၀ ကန်၊ အခြား ၁၂၄ ခု စုစုပေါင်း ၁၄၆ ခုကို ငွေကျပ် ၁၂၂၀.၇၀၇ သန်းဖြင့်လည်းကောင်း၊ ကျေးလက်ရေပေးရေးလုပ်ငန်းအနေဖြင့် မြို့နယ် ၁၁ မြို့နယ်တွင် ရေတွင်းနက် ၂၆ တွင်း၊ မိုးရေလှောင်ကန် ၄ ခု၊ အခြား ၆ ခု၊ စုစုပေါင်း ၃၆ ခုကို ငွေကျပ် ၁၆၄.၀၇၈ သန်းဖြင့်လည်းကောင်း၊ သောက်သုံးရေခက်ခဲမှုမရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ရေခက်ခဲသော ကျေးရွာများတွင် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၃၁၅ ရွာ၌ စက်ရေတွင်း ၁၉၅ တွင်း၊ လက်တူးတွင်း ၄ တွင်း၊ ရေတွင်းတိမ် ၁၈ တွင်း၊ မြေသားရေလှောင်ကန် ၆၉ ကန်၊ စိမ့်စမ်းရေသွယ်လုပ်ငန်း ၈ ခုနှင့် အခြားရေပေးရေးလုပ်ငန်း ၂၁ ခု၊ စုစုပေါင် ကျေးလက်ရေပေးရေးလုပ်ငန်းပေါင်း ၃၁၅ ခုတို့ကို ခန့်မှန်းကုန်ကျငွေကျပ် ၃၃၅၅.၂၇ သန်းဖြင့် အမြန်ပြီးစီးရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း။ 

ချောက်မြို့တွင် ရပ်ကွက် ၁၅ ခု၊ အိမ်ခြေ ၇၂၆၂ အိမ်နှင့် လူဦးရေ ၄၄၄၇၃ ဦး နေထိုင်လျက်ရှိပြီး လူတစ်ဦးကို တစ်ရက်လျင် ရေသုံးစွဲမှုဂါလံ ၂၀ ဂါလံနှုန်းဖြင့် နေ့စဉ်ရေဂါလံ ၈၈၉၄၆၀ လိုအပ်မည်ဖြစ်ပါကြောင်း၊ ချောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးကြီးဆိပ်မြစ်ရေတင် မြို့ရေပေးရေးလုပ်ငန်းအနေဖြင့် အမှတ် ၆ မှ အမှတ် ၁၅ အထိ ရပ်ကွက်ပေါင်း ၁၀ ခုကို နေ့စဉ်ရေဂါလံ ၅.၃ သိန်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဇီးချိုပင် ရေပေးရေးလုပ်ငန်းအနေဖြင့် အမှတ် ၁ မှ အမှတ် ၅ အထိ ရပ်ကွက်ပေါင်း ၅ ခုကို နေ့စဉ်ရေဂါလံ ၂.၁ သိန်း ဖြန့်ဝေပေးသဖြင့် စုစုပေါင်း နေ့စဉ်ရေဂါလံ ၇.၄ သိန်းဖြန့်ဝေပေးပြီး ရေလွှမ်းခြုံမှု ပမာဏ ၈၀ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ နွေရာသီကာလတွင် ကြုံတွေ့ရမည့် သောက်သုံးရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် ၆.၄.၂၀၁၄ ရက်နေ့တွင် မိမိတို့ဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးအနေဖြင့်  အမှတ် ၁၅ ရပ်ကွက် တိုးချဲ့မြို့ရေပေးရေး လုပ်ငန်းအတွက် ၁၆၀ KVA ထရန်စဖော်မာ ၂ လုံးနှင့် ၄၀ လိုင်းမတ် PVC ပိုက်အလုံး ၂၀၀ တို့ကို ထောက်ပံံ့ပေးအပ်ခဲ့ပါကြောင်း၊ ထို့အတူ သောက်သုံးရေရှားပါးမှုမဖြစ်ပေါ်စေရန် မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် စီမံခန့်ခွဲရေးကော်မတီတို့မှ မြို့ပေါ်ရပ်ကွက်များကို တိုးချဲ့မြို့ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အစီအစဉ် ၄ ခုဖြင့် စီမံချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

ချောက်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၁ အုပ်စု ကျေးရွာ ၂၃၁ ရွာတွင် အိမ်ခြေ ၃၄၃၅၁ အိမ်ရှိပြီး လူဦးရေ ၁၆၁၅၉ ဦး နေထိုင်လျက်ရှိပါကြောင်း၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ကုန်အထိ စက်ရေတွင်း ၂၃၁ တွင်း၊ ရေတွင်းတိမ် ၂၈၇ တွင်း၊ လက်တူးတွင်း ၁၇၉ တွင်း၊ မိုးရေလှောင်ကန် ၃၇၉ ကန်နှင့် အခြားရေပေးရေး ၃၇ ခုတို့ကို လက်ရှိရေရယူသုံးစွဲနိုင်ပြီး ရေလွှမ်းခြုံမှုအနေဖြင့် ၉၃.၃၇ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ နွေရာသီ၌ ကျေးရွာများတွင် ရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၃-၂၁၄ ဘဏ္ဍာရေးနှစ်တွင် စက်ရေတွင်း ၄ တွင်း၊ ၂၀၁၄-၁၅ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး BAJ၊ JICA နှင့် အလှူရှင်များ၏ လှူဒါန်းငွေတို့ဖြင့် စက်ရေတွင်း ၂၃ တွင်း တူးဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေတွင်းနက် ၁၂ တွင်း တူးဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ယခုလာမည့်နွေရာသီကာလတွင် ကြုံတွေ့ရမည့် သောက်သုံးရေ အထူးရှားပါးနိုင်သော ကျေးရွာများကို သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအပါအဝင် အခြားဌာနဆိုင်ရာများ၊ NGO၊ INGO အဖွဲ့အစည်းများနှင့် တူးဖော်သည့် သောက်သုံးရေဖြန့်ဝေခြင်း လုပ်ငန်းများနှင့် အထူးစီမံချက်တစ်ရပ်ရေးဆွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ချောက်မြို့နယ်အပါအဝင် မိုးနည်းရေရှားဒေသများတွင် နွေရာသီ၌ ကြုံတွေ့ရမည့် သောက်သုံးရေရှားပါးခက်ခဲမှုကို အထူးစီမံချက် တစ်ရပ်ချမှတ် ဖြေရှင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများအတွင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ အစီအစဉ်များ ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးစီမံချက်တစ်ရပ်ရေးဆွဲ၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် အပူပိုင်းမိုးနည်းရပ်ဝန်းဒေသ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက် ၂၀၁၃-၁၄ မှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် အထိ ရေးဆွဲထားရှိပြီး နှစ်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးသိန်းလွင် (ချောက်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်သည် တစ်ကမ္ဘာလုံးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံပြီးပါက မိမိတို့ မြန်မာနိုင်ငံသည် အဆိုးဆုံးဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ရေရှားပါးမှုကြောင့် တင်ပြခြင်းဖြစ်ပြီး ကမ္ဘာ့ရာသီဥတုဒဏ်ကြောင့် ဖြစ်လာသော အကျိုးဆက်များကို ရင်ဆိုင်တုန့်ပြန်ထားမှုအခြေအနေကို လေ့လာကြည့်ရာတွင် ကမ္ဘာ့အဆိုးဆုံးနိုင်ငံ ၁၀ နိုင်ငံတွင် မိမိတို့မြန်မာနိုင်ငံသည် အပါအဝင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချောက်မြို့နယ်ကိုဥပမာပေး၍ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းကြောင်‌့ ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို နိုင်ငံတော်အစိုးရအနေဖြင့် အစိုးရတစ်ခုတည်းသာမက နိုင်ငံတော်အစိုးရကကြီးမှူးပြီး ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူလူထုများ ပါဝင်ပြီး အမျိုးသားရေးလုပ်ငန်းစဉ်ကြီးတစ်ခု အနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး

မိမိတို့ Inver Mental Infect  နှင့်ပတ်သတ်ပြီး Signal တစ်ခုတည်းနှင့် ပြီးပြည့်စုံနိုင်သည်ဟူ၍ မရှိပါကြောင်း၊ ၎င်းကိစ္စသည် မိမိတို့ တစ်နိုင်ငံတည်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း တွေ့ကြုံခံစားနေရပါကြောင်း၊ ကမ္ဘာ့မြစ်ကြီးများ၏ လက်ရှိ ရှိနေသော Curry Instruction ပြန်ကြည့်ပါက အသိအသာဆုံး ဖြစ်ပါကြောင်း၊ ရေနှင့်ပတ်သတသည်များကို ထိန်းသိမ်းရန် မြန်မာနိုင်ငံတစ်ခုတည်းနှင့်သာမက ကမ္ဘာနှင့်ပါချီပြီး ရင်ဆိုင်နေရသော ပြဿနာတစ်ခုဖြစ်သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ လက်ရှိအစိုးရလက်ထပ်တွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည်များကို အလေးထားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။       

ဖြေကြားသည့် ဌာန