ရခိုင်ပြည်နယ်ရှိ လူဦးရေ ၂ သန်းကျော်တွင် ဆင်းရဲမှုအဆင့် ၄၃.၅ ရာခိုင်နှုန်းရှိပြီး အလယ်တန်းပညာ မသင်ကြားနိုင်မှု ၅၃.၅ ရာခိုင်နှုန်းရှိသည်ဟု လေ့လာသိရှိရပါကြောင်း၊ ဒုံးပိုက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းသည် ရသေ့တောင်မြို့နှင့် ၁၅ မိုင်ဝေးပြီး အခြေခံပညာအထက်တန်းကျောင်းရှိသည့် လောင်းချောင်းကျေးရွာနှင့် ၆ မိုင်အကွာတွင် တည်ရှိပါကြောင်း၊ ၁၉၆၅ ခုနှစ်တွင် ဒုံးပိုက်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းဖွင့်လှစ်ရရှိပြီး ၂၀၀၀ ခုနှစ်တွင် အခြေခံပညာအလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့ပါကြောင်း၊ ဤကျောင်းမှ အခြေခံပညာအလယ်တန်း အာင်မြင်ပြီးသူများသည် ၆ မိုင် ကွာဝေးသော လောင်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့ပေါ်ကျောင်းများကို သွားရောက် ပညာသင်ယူကြပါကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းရှိသည့် လောင်းချောင်းကျေးရွာသို့ သွားရောက်ပညာသင်ယူရာတွင် အလွန်မတ်စောက်သော မေယုတောင်တန်းကြီးကို ဖြတ်ကျော်သွားလာရသည့်အတွက် အထက်တန်းပညာ သင်ကြားသူနည်းပါးလာကာ အလယ်တန်းအဆင့် အောင်မြင်ပြီးသည်နှင့် ကျောင်းထွက်သူများပြားလာပါကြောင်း၊ ပညာရေးကိုစိတ်ဝင်စားမှုရှိသော ဒုံးပိုက်ကျေးရွာသားများသည် သားသမီးတို့၏ ပညာရေးမြင့်မားရေးကို မျှော်ကိုးပြီးတော့ ၂၀၀၇ ခုနှစ်မှစတင်၍ အ.ထ.က(လောင်းချောင်း)နှင့် တွဲဖက်ပြီး ပညာသင်ယူခဲ့ကြရပါကြောင်း၊ အထက်တန်းကျောင်းခွဲ ရရှိရေးအတွက် လိုအပ်သော ကျောင်းဆောင်တစ်ဆောင်ကိုလည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်ထားပြီးဖြစ်ပါကြောင်း၊ ဒုံးပိုက်ရွာ၏ တောင်ဘက်တွင် ရွာ ၄ ရွာရှိပြီး မြောက်ဘက်တွင် ရွာ ၆ ရွာရှိပါကြောင်း၊ ၎င်းကျေးရွာကို အလယ်တန်းကျောင်းမှ အထက်တန်းကျောင်းခွဲအဖြစ် အဆင့်မြှင့်တိုးပေးလိုက်ပါက အခြားကျေးရွာများပါ ပညာသင်ယူရာတွင် ချောမွေ့သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၅-၁၆ ခုနှစ်ပညာသင်နှစ်တွင် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်မြှင့်ဖွင့်လှစ်ပေးပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ၂၀၁၄-၁၅ ပညာသင်နှစ်အထိ အခြေခံပညာအထက်တန်းကျောင်း ၅ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၄ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၇ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၅ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၄၈ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၆၁ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ၇ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၂၃၇ ကျောင်းတို့အား ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် အလယ်တန်းအဆင့်ကျောင်းသား ၁၃၅ ဦးရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ဒေသန္တရအခြေအနေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးစသည့် လိုအပ်ချက်များအပေါ် မူတည်၍ ကျောင်းသားဦးရေ သတ်မှတ်ချက် အဆင့်သတ်မှတ်ချက်မူဝါဒကို ဖြေလျှော့ပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့က ဒေသအခြေအနေအရ ဒုံးပိုက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အဖြစ် အဆင့်တိုးမြှင့်ပေးသင့်ကြောင်း သဘောထားမှတ်ချက် ပြုလာပါက ကျောင်းအဆင့်တိုး တန်းစီဇယားအရလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်အချက်များကိုလည်းကောင်း စိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ယခုအချိန်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ခင်စောဝေ (ရသေ့တောင်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကျေးရွာများကိုရောက်တိုင်း ကျေးရွာများက ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန်၊ ကျောင်းအဆင့် တိုးမြှင့်မှုများ ဆောင်ရွက်ပေးရန် အကူအညီ တောင်းခံကြပါကြောင်း၊ ကျေးလက်နေပြည်သူအများစုသည် ဆင်းရဲနွမ်းပါး၍ ၎င်းတို့၏ သားသမီးများကို ပညာရေးမြင့်မားရန် မိမိတို့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအား အကူအညီတောင်းခံမှုများကို အစိုးရပိုင်းအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးစေချင်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက တန်းစီဇယားအတိုင်း ဆုံးဖြတ်မည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်သည် အရာမထင် ဖြစ်နေမည်ဖြစ်သည့်အတွက် မိမိတို့၏ တင်ပြချက်အပေါ် အလေးထားပြီး အမှန်တကယ် လိုအပ်ချက်ရှိသည့်နေရာများတွင် ကျောင်းအဆင့်မြှင့်တင်ပေးရေးကို ဦးစားပေးဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
ကျောင်းအဆင့်တိုးခြင်းနှင့်စပ်လျဉ်း၍ ကျောင်းဆရာလိုအပ်ချက်သည် အဓိကဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မူလတန်း(ခွဲ)၊ အလယ်တန်း(ခွဲ) များတွင် လိုအပ်လျက်ရှိသော ကျောင်းဆရာ/ဆရာမများအား တိုးမြှင့်ခန့်အပ်ပေးမည်ဖြစ်ပါကြောင်း၊ အထက်တန်းပြများကို ခန့်အပ်မည်ဆိုပါက ဘာသာရပ်နှင့် ကိုက်ညီသော ဆရာဖြစ်ရန် လိုအပ်သည့်အတွက် ပင်စင်ရယူခဲ့ပြီးသော ဆရာဆရာမကြီးများကို ဆက်လုပ်မည်ဆိုပါက ကန်ထရိုက်စနစ်ဖြင့် ၂ နှစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆောင်ရွက်ခဲ့သော်လည်း လိုအပ်ချက်ကိ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပါကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းအဆင့်တိုးအဆင့် တိုးမြှင့်ရန်အတွက် စဉ်းစားရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များ၊ ပြည်နယ်အစိုးရ၏တင်ပြချက်များကို နှိုင်းယှဉ်၍ ဆရာလိုအပ်ချက်များကို ဖြည့်ပေးနိုင် သမျှကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ တန်းစီဇယားနှင့် ပြည့်ပြည့်စုံစုံ ပြုလုပ်ပြီး လွှတ်တော်ကိုယ်စားလှယ်တင်ပြသော ကျောင်းသည် လိုအပ်ပြီး ပါရှိခြင်း မရှိပါက ဒေသကတင်သွင်းသော မြို့နယ်ပညာရေးမှူးကို အရေးယူမည့် အစီအစဉ်အထိ ဆောင်ရွက်ထားရှိပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများတင်ပြသော အဆင့်တိုးမည့်ကျောင်းများ၊ အန္တရာယ်ရှိကျောင်းများကို မိမိတို့ SD တွင်လည်း ပြင်ဆင်မည်ဖြစ်ပါကြောင်း၊ ထို့နောက် လိုအပ်ချက်များကို နောင်လာမည့်နှစ်များအတွက် တန်းစီဇယားပြုစုပြီး ဆောင်ရွက်သွားနိုင်သည့် အခြေအနေထိ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
