လွန်ခဲ့သော အနှစ် ၅၀ ခန့်က မွန်ပြည်နယ်၊ သထုံမြို့နယ် တွင် မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေးမှ လေယာဉ်ကွင်း ၁ ကွင်း တည်ထောင်ခဲ့ ပါကြောင်း၊ လေယာဉ်ကွင်းအား စနစ်တကျသွပ်ဆူးကြီးများ ကာရံထားပြီး တစ်လလျှင် ၂ ကြိမ် လေယာဉ်ပြေး ဆွဲပေးခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် လေယာဉ်ပြေးဆွဲမှုမရှိတော့ဘဲ တပ်မတော်လေယာဉ်များသာ ရိက္ခာပေး ပို့ရန်အတွက် အသုံးပြုခဲ့ပါကြောင်း၊ ယခုအခါ လေယာဉ်ကွင်းကြီးသည် အကာအရံများမရှိတော့ဘဲ ဟင်းလင်းပြင်ကြီးဖြစ်နေပြီး ကျွဲ၊ နွား၊ ဆိပ်များ လွတ်ကျောင်းရာ နေရာကြီးဖြစ်နေပြီး မည်သည့်အဖွဲ့အစည်းများမှ ထိန်းသိမ်းမှု မရှိတော့ပါကြောင်း၊ သို့ဖြစ်ပါ၍ သထုံမြို့ လေယာဉ်ကွင်းကြီးအား ပြန်လည်ပြုပြင်ပြီး လေယာဉ်ပြန်လည်ပြေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိနှင့် ပြေးဆွဲရန် အစီအစဉ်မရှိတော့ပါက မည်သို့ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
သထုံလေယာဉ်ကွင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်က တည်ဆောက်ခဲ့သော လေယာဉ်ကွင်းဖြစ်ပြီး ၁၉၆၀ ခုနှစ်အထိ တစ်လလျှင် ၂ ကြိမ် လေယာဉ်ငယ်များ ဆင်းသက်ပျံသန်း အသုံးပြုခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ခရီးသည်လေယာဉ်များ ပြေးဆွဲခြင်း မပြုတော့ဘဲ တပ်မတော်ရိက္ခာပို့သော P.C(6) လေယာဉ်ငယ်များသာ ဆင်းသက်နိုင်ပါကြောင်း၊ သထုံလေယာဉ်ကွင်း၏ လက်ရှိအနေအထားမှာ မြေရောကျောက်စရစ်ခင်း လေယာဉ်ကွင်းငယ်ဖြစ်ပြီး ပြေးလမ်းနယ်နိမိတ်မှာ အလျား ၃၀၀၀ ပေ၊ အကျယ် ၂၅၀ ပေ ရှိပါကြောင်း၊ လက်ရှိ မြန်မာအမျိုးသားလေကြောင်းမှ ဝယ်ယူထားသော Beach Aircraft နှင့် Grand Caravan ကဲ့သို့သော လေယာဉ်ငယ်များ ဆက်တက်မည်ဆိုပါက လေယာဉ်ပြေးလမ်းအား အလျား ၄၀၀၀ ပေ၊ အကျယ် ၁၀၀ ပေ ရရှိသည်အထိ တိုးချဲ့ပြီးမှသာ အသုံးပြုနိုင်မည်ဖြစ်သော်လည်း သထုံလေယာဉ်ကွင်း၏ မြေနေရာအနေအထားမှာ ကျဉ်းမြောင်းပြီး လူနေအိမ်များ၊ တောင်စွယ်များနှင့် နီးကပ်နေသဖြင့် ပြေးလမ်းတိုးချဲ့ရာတွင် အခက်အခဲများစွာ ရှိပါကြောင်း၊ သထုံမြို့သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး သွားလာရေး လွယ်ကူပါကြောင်း၊ အနာဂတ်ကာလတွင် လေကြောင်းသွားလာမှုများ ပိုမိုထွန်းကားလာပြီး လေယာဉ်ငယ်များ ပျံသန်းအသုံးပြုရန် လိုအပ်လာသည့်အချိန်တွင် သထုံလေယာဉ်ကွင်းအား တိုးချဲ့ပြီး လေယာဉ်များ ဆင်းသက်ပျံသန်းနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် လေယာဉ်များ ဆင်းသက်ပျံသန်းရန် မဖြစ်နိုင်သေးသော်လည်း လိုအပ်သည့်အချိန်တွင် မြန်ဆန်စွာ အသုံးပြုနိုင်ရေးအတွက် လေယာဉ်ကွင်းအား ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအား ဆက်လက်ထိန်းသိမ်းမည်ဖြစ်ပြီး သက်ဆိုင်ရာဒေသ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ထိန်းသိမ်းမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
