မြန်မာနိုင်ငံတွင် ယခင်က နိုင်ငံခြားဝင်ငွေကို ဆန်စပါး၊ ကျွန်းသစ်၊ ရေနံတို့မှရရှိခဲ့သော်လည်း ယခုအခါ နှစ်ရှည်သီးနှံ စက်မှုကုန်ကြမ်းများလည်း ပါဝင်နေပြီဖြစ်ပါကြောင်း၊ ၎င်းအပြင် စက်မှုသီးနှံများပါဝင်သည့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာခေါ် ကြက်ပေါင်ဈေးများကို ရင်းနှီးတည်ဆောက်ထားသည့်အတွက် ရော်ဘာစိုက် တောင်သူများအနေဖြင့် ကုန်ကျစရိတ်များ များပြားလာ ပါကြောင်း၊ ရော်ဘာ တစ်ဧက စိုက်ပျိုးမည်ဆိုပါက ပထမနှစ်တွင် တောခုတ်၊ မီးရှို့၊ ငုတ်ထုတ်၊ ကျင်းတူး၊ မျိုးဖိုး အစရှိသဖြင့် ကုန်ကျငွေ (၅)သိန်းကျော်ကျခံ ရမည်ဖြစ်ပါကြောင်း၊ နှစ်စဉ် ပေါင်းရှင်း၊ ခြုံခုတ်၊ မြေသြဇာကျွေးခြင်းများ ပြုလုပ်နေရခြင်းကြောင့် အစေးခြစ် ကာလရောက်သည်အထိ ၁၀ သိန်းကျော်ကျော် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ရော်ဘာ အစေးခြစ်၍ရသည့် အချိန်တွင် ရော်ဘာခြစ် လုပ်သားခ များ ဈေးကြီးမှု၊ ရော်ဘာဈေးကွက် မရှိမှုတို့ကြောင့် ရော်ဘာစိုက်တောင်သူများ ဒုက္ခရောက်နေကြရပါကြောင်း၊ သို့ရာတွင် နိုင်ငံတော်မှ စည်းရုံးလှုံဆော်မှု ပေးခဲ့သော်လည်း နောက်ပိုင်းဈေးကွက်ရှာဖွေမှုတွင် အကူအညီကင်းမဲ့နေရပါကြောင်း၊ နိုင်ငံတော်မှ ရော်ဘာဈေး ကွက်ရရှိရေးကို ရော်ဘာ စိုက်တောင်သူများ ဘဝနောင်ရေး စိတ်မလေးရအောင် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ပေးနိုင်ရေး အစီအစဉ်ရှိ/ မရှိ၊ စပါးသီးနှံကဲ့သို့ စိုက်ဧကအလိုက် စိုက်စရိတ်အား နှစ်လ၊ နှစ်ရှည် ငွေချေးပေးနိုင်မှုရှိ/မရှိနှင့် ရော်ဘာစိုက်သူများ စိတ်ဓာတ်မကျရန် နိုင်ငံတကာနှင့်မဆက်ပေးနိုင်ပါက သင့်တော်သည့် ဈေးနှုန်းဖြင့်ဝယ်ယူ ထားပေးနိုင်ခြင်းရှိ/မရှိ သိရှိလို ပါကြောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် ရော်ဘာအခြေခံဈေးကွက် ခိုင်မာမှုရှိစေရန်အတွက် ပြည်တွင်းတွင် ကုန်ချောထုတ်လုပ်သည့် အဆင့်သို့ရောက်ရှိရန် လိုအပ်လျက်ရှိပါကြောင်း၊ ရော်ဘာအခြေခံ ထုတ်ကုန်ပစ္စည်းများ ဖွံ့ဖြိုးရေး (Rubber Downstream Industry Development)အတွက် နိုင်ငံတော်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ လက်ရှိတည်ဆောက်ပြီးဖြစ်သော ရော်ဘာ စက်ရုံများအား အဆင့်မြှင့်တင်ခြင်း၊ ရော်ဘာအခြေခံ ထုတ်ကုန်များဖြစ်သည့် တာယာ၊ လက်အိတ်နှင့် ဘောလုံးစသည့် စက်ရုံအသစ်များ တည်ဆောက်ခြင်းကို ပြုလုပ်လျက်ရှိပါကြောင်း။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ နယ်ရှိ ဌာနပိုင် ရွှေဒူးရော်ဘာခြံတွင် ဖိုးလမင်းထရေးဒင်းကုမ္ပဏီလီမိတက်၊ မလေးရှားနိုင်ငံ Felda Global Ventures Holding Co., Ltd တို့နှင့် ပူးပေါင်းပြီး တစ်နှစ်လျှင် အဆင့်မြင့်ရော်ဘာတန် ၂၄၀၀၀ ထုတ်လုပ်နိုင်သည့် ရော်ဘာ ကုန်ချောစက်ရုံ တည်ဆောက်ခြင်း၊ မွန်ပြည်နယ် မုဒုံခြံတွင် ဧရာဟင်္သာ ကုမ္ပဏီလီမိတက်၊ ထိုင်းနိုင်ငံ Sri Trang International Co., Ltd တို့ပူးပေါင်းပြီး တစ်နှစ်တန် ၁၄၄၀ ကျ ရော်ဘာစက်ရုံအား အဆင့်မြင့်ရော်ဘာတန် ၂၈၈၀ ထုတ်လုပ်နိုင်သည့် စက်ရုံအဖြစ်သို့ အဆင့်မြင့်မြင့်တင်ခြင်း၊ မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ရိုးဂိုးရော်ဘာ သစ်စက်ရုံအား မိုးမြချယ်ကုမ္ပဏီနှင့် ဂျပန်နိုင်ငံ Sumitomo Forest Co., Ltdစင်ကာပူနိုင်ငံ Oji Forest Products Co., Ltd များနှင့် ပူးပေါင်းပြီး လက်ရှိတန် ၆၀၀ ကျ စက်ရုံအား တစ်နှစ်ရော်ဘာ သစ်ကုန်ချော ၉၆၀၀ တန် ထုတ်လုပ်နိုင်သည့် စက်ရုံအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ရော်ဘာစိုက်တောင်သူများ ဝင်ငွေပိုမိုရရှိရေးကို ရှေးရှုပြီးဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟို ဌာနနှင့် ပူးပေါင်းပြီး အမျိုးသားပို့ကုန် မဟာဗျူဟာရေးဆွဲဆောင်ရွက်လျက်ရှိရာ ရော်ဘာအပါအဝင် ကုန်ပစ္စည်း (၅) မျိုး အတွက် (၅) နှစ်စီမံကိန်း ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရော်ဘာထွက်ကုန်ပစ္စည်းကဏ္ဍ၏ ပို့ကုန်တင်ပို့မှုနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရရှိစေရန် အတွက် မြန်မာ့ရော်ဘာနှင့် ကမ္ဘာ့ ရော်ဘာထုတ် ကုန်များ၏ တန်ဖိုးကွင်းဆက်ဖြစ်စဉ်များတွင် တီထွင်ဖန်တီးမှုနှင့် စဉ်ဆက်မပြတ်တိုးတက်မှုများကို ဖော်ဆောင်ရန်ဟူ၍ မျှော်မှန်းချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မျှော်မှန်းချက်အောင်မြင်ရန် ကုန်သွယ်မှုယှဉ်ပြိုင်ရာတွင် အတားအဆီးများ လျှော့ကြစေရန် မဟာဗျူဟာ များ ရွေးချယ်မှုများဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပြီး မဟာဗျူဟာဆောင်ရွက်ချက်များသည် မြန်မာ့ရော်ဘာ တင်ပို့သူများအတွက် ကာလတိုနှင့် အလယ်အလတ်ကာလများအတွင်း အဓိကဈေးကွက်များ ဖွံ့ဖြိုးလာစေရန်နှင့် မြန်မာ့ရော်ဘာ၏ ဈေးနှုန်းတိုးမြှင့်ရရှိရန်အတွက် ရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသားပို့ကုန်မဟာဗျူဟာမှာ ထည့်သွင်းချမှတ်ထားတဲ့အချက်များအနေနဲ့ ရော်ဘာပို့ကုန် လုပ်ငန်းရှင်များအတွက် စုစုပေါင်း ရော်ဘာတင်ပို့မှုကို တစ်နှစ် လျှင် ၁၀ ရာခိုင်နှုန်းတိုးမြှင့်ရန် အာဆီယံ-ကိုရီးယားနှင့် အာဆီယံ-သြစတြေးလျ အဖွဲ့အစည်းများကဲ့သို့ လက်ရှိလွတ်လပ်သည့် ကုန်သွယ်မှုအစီအစဉ် တစ်ခုအဖြစ် အသုံးပြုပြီး ၎င်းတို့မှရရှိနိုင်တဲ့အခွင့်အရေးများနှင့် ဈေးကွက်လွယ်ကူစွာ ဝင်ရောက်နိုင်မှုများမှ အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်သွားရန် အဓိကဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ရော်ဘာထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းကိုသာ ပြည်တွင်းတွင်သုံးစွဲပြီး ၉၂ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ ရောင်းချခြင်းဖြစ်ပါသည်။ ယခုအခါ ပြည်ပရော်ဘာဈေးနှုန်းများ ကျဆင်းခဲ့မှုကြောင့် ပြည်ပဈေးကွက်ကိုသာ အားထားနေရသည့် မြန်မာနိုင်ငံ၏ ရော်ဘာဈေးနှုန်းသည် ကျဆင်းမှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပါကြောင်း။
ထို့အပြင် မြန်မာနိုင်ငံမှ ရော်ဘာမှိုင်းခံပြားအရည်အသွေး နိမ့်ကျနေမှုကြောင့် ပြည်ပသို့ရောင်း ချသည့်ဈေးနှုန်းသည် အခြားနိုင်ငံများ၏ ဈေးနှုန်းထက် တစ်တန်လျှင် ၃၀၀ ကနေ ၃၅၀ ဒေါ်လာအထိ လျော့ကျလျက်ရှိပါကြောင်း၊ မြန်မာ့ရော်ဘာ အရည်အသွေးနိမ့်ကျမှုအပေါ်တွင် ရော်ဘာအရည်အသွေး မြင့်မားလာစေရန်နှင့် တစ်ဧကအထွက်နှုန်း မြင့်မားလာစေရန်အတွက် သင်တန်းများပို့ချခြင်း၊ နည်းပညာပိုင်း ဆိုင်ရာဆွေးနွေးပွဲများ ပိုမိုဆောင်ရွက်ပေးလျက်ရှိသည့် အပြင် ရော်ဘာပညာရှင်များပါဝင်သည့် Mobile Teamများကို ဖွဲ့စည်းပြီး ရော်ဘာခြံရှင်များ၏ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်ကို မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများအသင်းနှင့် ပူးပေါင်းပြီး သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးလျက်ရှိပါကြောင်း။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နှစ်ရှည်သီးနှံဖြစ်သည့် ရော်ဘာစိုက်ပျိုးမှုအတွက် ယခင်ကတည်းက ချေးငွေပေးအပ်နိုင်မှု မရှိသည့်အပြင် နိုင်ငံတော်၏ အဓိကသီးနှံဖြစ်သည့် စပါးသီးနှံအတွက် ချေးငွေရရှိရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ချေးငွေကို မြန်မာ့စီးပွားရေးဘဏ်မှ အတိုးဖြင့်ချေးယူ၍ တစ်ဆင့်ပြန်လည်ထုတ်ရသဖြင့် လတ်တလော အခြေအနေတွင် ရော်ဘာစိုက်ပျိုးမှုအား ယခင်ပေးခဲ့မှုမရှိသည့်အတိုင်း ချေးငွေထုတ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ပြည်တွင်း၌ထုတ်သည့် ရော်ဘာများအား နိုင်ငံတော်မှ သင့်လျော်သည့် ဈေးနှုန်းဖြင့် ဝယ်ယူထားပေးရန် အစီအစဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ရော်ဘာစိုက်တောင်သူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းစေရန်အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာကို ရော်ဘာတွင် ထည့်သွင်းသတ်မှတ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင်လည်း နိုင်ငံတကာအဖွဲ့အစည်း များ၊ ပြည်တွင်းရှိ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်းထုတ်ကုန်များအပေါ် ဈေးနှုန်းထိန်းညှိနိုင်ရန်အတွက် ဝယ်ယူပေးခြင်းကို နိုင်ငံတော်အစိုးရမှ မည်သည့်နိုင်ငံမှ ဆောင်ရွက်မှု မရှိခြင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးဆောင်ရွက်နေပြီဖြစ်ခြင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ကြီးဌာနပိုင် ရော်ဘာခြံများမှ ထွက်ရှိသည့် မှိုင်းခံရော်ဘာများနှင့် လုံလောက်မှုရှိနေခြင်းတို့ကြောင့် ပြင်ပရာဘာစိုက် တောင်သူများထံမှ ရော်ဘာကိုသင့်တင့်သည့် ဈေးနှုန်းဖြင့် နိုင်ငံတော်မှ ဝယ်ယူပေးထားနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဦးစောဘသိန်း (သထုံမဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိတို့ရော်ဘာကို နိုင်ငံတော်ကနေပြီး သီးနှံများကို စိုက်ပျိုး ထုတ်လုပ်စေခဲ့သော်လည်း နောင်ကာလတွင် နိုင်ငံတော်မှ တာဝန်ယူပြီး ဈေးကွက်များကို မရှာပေးနိုင်သည့်အတွက်ကြောင့် ကျေးလက်နေတောင်သူများ ဘဝနိမ့်ကျသည့် အခြေအနေမျိုး ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် နောင်ကာလတွင် သီးနှံတစ်ခုကို Plan your jobဩဘ ဆိုသည့်စကားအရ လုပ်ငန်းစီမံချက်နှင့် ရေးဆွဲပြီး၊ စိုက်ပျိုးပြီးသည့်အခါတွင် ထွက်ရှိလာသောကုန်ကို တာဝန်ခံပြီး ဝယ်ပေးမည်ဆိုသည့် ကတိကဝတ်များကို လုပ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
မိမိတို့ ယနေ့ ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်နေသည့်အချိန်တွင် နိုင်ငံတော်အပိုင်းအနေနှင့် ရော်ဘာကို ပြည်ပနိုင်ငံများမှလည်း ဝယ်ယူခြင်းမရှိခဲ့ပါကြောင်း၊ ယခုအချိန်တွင် စက်မှုဝန်ကြီးဌာနအနေဖြင့် စက်ရုံများ လည်ပတ်နိုင်ရန်အတွက် ၎င်းတို့၏ ခြံများမှထွက်ရှိသော ရော်ဘာများဖြင့် လုံလောက်ခြင်းကြောင့် ပြင်ပမှရာဘာများ မဝယ်ယူနိုင်သည်ကို ဖြေကြားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် စက်ရုံများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်လာပါက နိုင်ငံတော်အနေဖြင့် စဉ်းစားပြီး စက်မှုဝန်ကြီးဌာနအနေနှင့် စက်ရုံ၏လိုအပ်ချက်အပေါ် မူတည်ပြီး ဆောင်ရွက်ပါကြောင်း၊ လောလောဆယ်တွင် စက်ရုံလိုအပ်ချက်မှာ လုံလောက်နေသည့်အတွက် နိုင်ငံတော်အပိုင်းမှ ဝယ်ယူခြင်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းမှ အဆိုပါမေးခွန်း၊ မေးမြန်းဖြေကြားချက်များအပေါ် မှတ်ချက်ပြုပြောကြားပါသည်။
တောင်သူလယ်သမား၊ အခွင့်အရေး၊ ကာကွယ်ရေးနှင့် တောင်သူများအကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ ယခုလိုပြဋ္ဌာန်းနေရာတွင် ဥပဒေအပြင် နည်းဥပဒေများလည်း ဆက်လက် ပြဋ္ဌာန်းပြီး ဖြစ်သည့်အတွက် ဥပဒေ၊ နည်းဥပဒေတွင်ပါသည့် အချက်အလက်များကို သေချာသုံးသပ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသည့် အဖွဲ့အစည်းမှ ရာဘာအပါအဝင် အခြားသီးနှံများ၏ အနှိမ့်ဆုံးဈေးနှုန်းအပါအဝင် အခြားကိစ္စများကို ထိုအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးမည်ဆိုလျှင် ထိုက်သင့်သော အကျိုးခံစားမှုရနိုင်မည် ဖြစ်သည့်အတွက် ယခုအပိုင်းကိုလည်း မေ့မထားဖို့လိုကြောင်း ပြောကြားလိုပါသည်။
