မိမိမဲဆန္ဒနယ်၏ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ကျေးရွာပေါင်း ၁၁ ရွာနှင့် လူဦးရေပေါင်းဟာ ၄၅၉၀၀ ဦးနေထိုင်ကြလျက်ရှိပြီး ၎င်းတို့၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးသည် တစ်ဖက်ကမ်းနှင့် များစွာ ကွာဟနိမ့်ကျနေခြင်း၊ ပညာရေးတွင်လည်း ခက်ခဲစွာပညာ သင်ကြားနေရခြင်း၊ ကျန်းမာရေးတွင် လည်း တစ်ဖက်ကမ်းသို့သွားရောက် ကုသနေရခြင်းများ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် မြို့ဖက်ကမ်းမှ တစ်ဖက်ကမ်းရှိ ရွာများသို့ဆက်သွယ်ပေးသည့် တံတားတစ်စီးရရှိပါက အဆိုပါ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်းများသည် များစွာပြောင်းလဲတိုးတက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကြည့်မြင်တိုင်မြို့တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းရွာများသို့ ပြည်ထောင်စုအစိုးရ ဘတ်ဂျက်အနေဖြင့် တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန် ကာလတွင် တည်ဆောက်မည်၊ အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြစ်ကူးတံတား၊ ကြည့်မြင်တိုင်-အေးရွာတံတား စီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်နိုင်ငံ JICA အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ထားသော မဟာရန်ကုန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် ထည့်သွင်း ရေးဆွဲထားသောလုပ်ငန်း ဖြစ်ပါကြောင်း၊ အဆိုပါတံတား တည်ဆောက်နိုင်ရန်အတွက် ဂျပန်နိုင်ငံ (Ministry of Land, infrastructure, Transport and Tourism (M.L.I.T) ၏ ကူညီထောက်ပံ့မှုဖြင့် JFE Engineerings Corporation, Japan မှ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာမှု လုပ်ငန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ အကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှု လုပ်ငန်းဆောင်ရွက်ပြီး ဖြစ်ပါကြောင်း။
အကြိုလေ့လာမှုအရ တံတားအရှည် ၂၆၅၇ မီတာခန့် ရှည်လျားမည်ဖြစ်ပြီး ယခုအခါ စီမံကိန်းနှင့် သက်ဆိုင်သော အချက်အလက်များ ရရှိရေးအတွက် အသေးစိတ်ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု ကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြည့်မြင်တိုင်-အေးရွာအနီးတွင် လှိုင်မြစ်ကူးတံတား တည် ဆောက်နိုင်ပါက ရန်ကုန် မြို့တော်အတွင်း လမ်းကွန်ရက်အသစ် ပေါ်ပေါက်လာနိုင်ခြင်း၊ မြို့ပြကို ချဲ့ထွင်နိုင်ခြင်း၊ ယာဉ်ကြော ပိတ်ဆို့မှုများကို လျှော့ချနိုင်ခြင်းများအပြင် မြန်မာအင်ဂျင်နီယာများ အနေဖြင့် တည်ဆောက်ရေး အဆင့်မြင့်နည်းပညာများကို ရရှိလာမည် ဖြစ်ပါကြောင်း။
ယခုအခါ မိမိတို့အနေဖြင့် ကြည့်မြင်တိုင်နှင့် အေးရွာလှိုင်မြစ် ကူးတံတားတည်ဆောက်ရေးအတွက် အကြို အင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ အသေးစိတ်အကြို အင်ဂျင်နီယာလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး တံတားကြီးဖြစ်မြောက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
