(ဃ)- ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အတွက်သက်ဆိုင်ရာတည်ဆဲဥပဒေများကိုခေတ် စနစ်နှင့် အညီ ပြန်လည်ပြုစု ပြဋ္ဌာန်းရန်နှင့် ယာဉ်မောင်း လိုင်စင်များ ထုတ်ပေးနိုင်မှု အခြေ အနေတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၈.၁၀.၂၀၁၃)
မေးခွန်း အကြောင်းအရာ 

မြန်မာနိုင်ငံ၏ မော်တော်ယာဉ်စီးရေတိုးတက်မှုသည် ၁၉၉၅ မှ ၂၀၁၃ ခုနှစ်ထိ ၃၇၀၀၀၀၀ သိန်းလောက်ထိရောက်ရှိ ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ကြေညာချက်အရ ယာဉ်ထိခိုက်သေဆုံးမှုသည် ကမ္ဘာ့အဆင့် ၉ ရောက်ဖြစ်ပြီး အသက် ၁၅ နှစ် မှ ၂၄ နှစ်အထိ အရွယ်များ လမ်းပေါ်သေဆုံးမှုသည် ကမ္ဘာ့အဆင့် ၁ ကို ရောက်ရှိ နေပြီဖြစ်ပါကြောင်း၊ ယင်းသို့ဖြစ်ပေါ်နေမှုများသည် နိုင်ငံတွင် တစ်နိုင်ငံလုံးပြုပြင်ပြောင်းလဲမှု စီးပွားရေး အရှိန်အဟုန်နှင့် တိုးတက်နေခြင်းကို ကြီးစွာသောအဟန့်အတားဖြစ်နေ ပြီဖြစ်ပါကြောင်း၊  ထို့ပြင် ယာဉ်ပိတ်ဆို့မှုအန္တရာယ်ကိုလည်း  ကြုံတွေ့နေရပြီဖြစ်ရာ ယာဉ်ပိတ်ဆို့ရခြင်း အကြောင်းများစွာရှိသည့်အနက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှု၊ စနစ်တကျထိန်းသိမ်းမှု အားနည်းမှု များကြောင့်ဖြစ်ပါကြောင်း၊ အကြောင်းမဲ့ယာဉ်ပိတ်ဆို့ခြင်းဖြင့် အချိန်များ၊ စက်မောင်းဆီများ အင်မတန်များပြားစွာ ကုန်ကျနေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင်  မော်တော် ယာဉ်များ  မော်တော်ဆိုင်ကယ်များ တိုးပွားလာခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အလွန်အားနည်းခြင်းများသည် ယာဉ်ထိခိုက်သေဆုံးရခြင်း၏ အချက်တစ်ရပ်ဖြစ်သည်ဟု မိမိယူဆပါကြောင်း၊ ထိုသို့သောအခြေအနေများသည် နိုင်ငံ့စီးပွားရေးတိုးတက်မှုအတွက် အဟန့်အတားတွေဖြစ်လာသည့် အခါမှာ ပြုပြင်ဖို့လိုအပ်နေပြီဟု ယူဆပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တိုးတက်သော နိုင်ငံများတွင် ကျင့်သုံးနေသော လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများကို လေ့လာရမည်ဖြစ်ပါကြောင်း၊ မိမိတို့အိမ်နီးချင်းနိုင်ငံ များတွင်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သတ်ပြီး အများကြီးပြုပြင်ပြောင်းလဲနေသည့် အနေအထားများကို တွေ့ရပါကြောင်း၊ ဥပမာ ဘန်ကောက်တွင် လမ်းမကြီးပေါ်မှ သွားလာနေသော ကားများသည် လမ်းသွယမှထွကသောကားများကို ဦးစားပေးရခြင်း၊ လမ်းသွယ်ထဲမှထွက်လာသော ကားများကို ဦးစားပေးရခြင်း၊ အချိန်နဲ့ High Traffic ဖြစ်ပေါ်နေသောအချိန်များတွင် အရေးပေါ်လမ်းကြောင်းအဖြစ် Ambulance ကားများ၊ မီးသတ်ကားများ သွားလာရန်လမ်းကြောင်းတစ်ကြောင်း စီစဉ်ပေးထားခြင်း၊ ဗီယက်နမ်နိုင်ငံမှာ ဟိုချီမင်း၊ ဟနွိုင်းမြို့များတွင် မိမိတို့နိုင်ငံ ထက်များပြားလာသော ဆိုင်ကယ်များအား မည်သို့မည်ပုံထိန်း သိမ်းသည်ကို လေ့လာရန်လိုပါကြောင်း၊ တတ်ကျွမ်းနားလည်သောပုဂ္ဂိုလ်များနှင့် ဆက်လက်ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ပိုမိုစနစ်တကျ ထိန်းသိမ်းနိုင်ရေး အတွက် သက်ဆိုင်ရာတည်ဆဲဥပဒေများကို ခေတ်စနစ်နှင့် အညီ ပြန်လည်ပြု စုပြဋ္ဌာန်းရန် အစီအစဉ်ရှိ/မရှိ၊ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအတွက် ယာဉ်မောင်း လိုင်စင်များ ထုတ်ပေးနိုင်မှု အခြေအနေ၊ တိုးပွားလာနေသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအတွက် ယာဉ်ထိန်း ရဲများနှင့် စည်းကမ်းထိန်းသိမ်းရေး အထောက်အကူပြုယာဉ်များ၊ ဆက်သွယ်ရေးကိရိယာများ တိုးချဲ့ခန့်ထား စီစဉ်ဆောင်ရွက်ပေးနိုင်မှု အခြေအ‌ေနေများကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။  


  

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ပိုမိုစနစ်တကျ ထိန်းသိမ်းနိုင်ဖို့အတွက်ကို ၁၉၆၄ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေနှင့် ၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ်နည်း ဥပဒေများကို ခေတ်စနစ်နှင့်အညီ ပြန်လည်ပြုစုပြဋ္ဌာန်းပေးရန် စီစဉ်ဆောင်ရွက် လျက် ရှိပါကြောင်း၊ လက်ရှိအသုံးပြုနေသော မော်တော်ယာဉ် ဥပဒေနှင့် နည်းဥပဒေတို့ကို ဗီယင်နာကွန်ဗန်းရှင်း (Viena Convention) အခြေခံ ထားပြီးပြုစု ထားတာလည်းရှိပါကြောင်း၊ နိုင်ငံအလိုက် ပြည်တွင်းအနေအထားအရ လိုအပ်သည် များကိုပြုပြင်ဆောင်ရွက်သကဲ့သို့ အခြားနိုင်ငံများနှင့် ဆက်စပ်သော ကိစ္စရပ်များအတွက် နှစ်စဉ်ကျင်းပသည့် ကုလသမဂ္ဂ Working Group Meeting များတွင်တင်ပြပြီး အများသဘောတူ ပညာရပ်ဆိုင်ရာအလိုက် ပြုပြင်ဆောင် ရွက်မှုများလည်း ရှိပါကြောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန အနေနှင့် လည်း ခေတ်နှင့်လျော်ညီသော ဥပဒေ၊ နည်းဥပဒေများဖြစ်စေရန်အတွက် ၁၉၆၄ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတစ်ရပ်ကိုလည်း ပြင်ဆင်ရေးဆွဲပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ပေးပို့ ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ကြောင်း၊            မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ရှိသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအတွက်ကို  ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးရာတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်မှာရှိသော ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေ အခန်း ၄ ပုဒ်မ ၁၆ ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေ အခန်း ၄ ပုဒ်မ ၅၇၊၅၈၊၅၉ တို့နှင့်အညီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ များနှင့်ပတ်သက်ပြီး ရေးဖြေနှင့်လက်တွေ့ယာဉ်မောင်းစစ်ဆေးခြင်းများကို အောင်မြင်သူများသာ ယာဉ်မောင်း လိုင်စင်များ စနစ်တကျ ထုတ်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၃ ခုနှစ် သြဂုတ်လအထိ မော်တော်ယာဉ်မောင်း လိုင်စင် ၁၃၁၄၈၁၈ စောင်နှင့် မော်တော် ဆိုင်ကယ်မောင်းလိုင်စင်အတွက်ကို ၁၅၂၇၅၈၄ စောင်၊ စုစုပေါင်း ၂၈၄၂၄၀၂ စောင်တို့ကိုထုတ်ပေးပြီးဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလ ၈ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် ၄၀/၂၀၁၂ ဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲသည့်အတွက် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ကာ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို အသစ်တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၊ တပ်ဖွဲ့ခွဲ ၃ ခု၊ ဒုတိယ တပ်ဖွဲ့ခွဲ ၁၅ ခု၊ ယာဉ်ထိန်းသင်တန်းကျောင်း ၁ ကျောင်း၊ တပ်ဖွဲ့စု ၆၅ စုနှင့် ယာဉ်ထိန်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၁-၁၂ ခုနှစ် အတွင်း နိုင်ငံတော်အဆင့်အခမ်းအနားများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် လမ်းကြောင်းရှင်းရှေ့ပြေးတာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် ရှေ့ပြေးမီးတန်းဆလွန်းယာဉ် ၂၀ စီး၊ လမ်းရှင်း/လမ်းပိတ် ယာဉ် ၃၀ စီး၊ ရှေ့ပြေးမော်တော်ဆိုင်ကယ် ၄၀ စီးကို နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် အသင့်စုဖွဲ့ထားပြီးဖြစ်သည့်အပြင် သာမန်ခရီးစဉ်နှင့် လမ်းကြောင်းတာဝန် ထမ်းဆောင်နိုင်ရန် အတွက် ကို ရှေ့ပြေးမီးတန်း ယာဉ် ၂၅ စီး၊ ရှေ့ပြေးမော်တော်ဆိုင်ကယ် ၁၈၄ စီးထားရှိပြီးဖြစ်ပါကြောင်း၊ SEA GAME လုံခြုံရေး ဆောင်ရွက်နိုင်ရန်အတွက် ရှေ့ပြေး မော်တော်ဆိုင်ကယ် အစီး ၁၅၀ ကိုလည်း သတ်မှတ်ချိန် အတွင်းရောက်ရှိနိုင်ရန်၊  ဆူဇူကီးအမျိုးအစား ရှေ့ပြေးမော်တော်ဆိုင်ကယ် ၁၀၀ စီးနှင့် ဆက်သွယ်ရေးစက် ၂၃ လုံးကိုလည်း ထပ်မံ ဖြည့်စည်းဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊ ယာဉ်လမ်းရှင်းလင်း ထိန်းသိမ်းရန်လုပ်ငန်း အတွက် လိုအပ်သောဆက်သွယ်ရေး စက်များကို ဘဏ္ဍာရေးနှစ်အလိုက် ထပ်မံဝယ်ယူဖြည့်တင်းရန် စီစဉ်ဆောင် ရွက်ထားပြီဖြစ်ပါကြောင်း ဖြေကြားပါသည်။