(က)-၂၀၁၂ခုနှစ်၊လူမှုဖူလုံရေးဥပဒေပါအကျိုးခံစား ခွင့်များအတွက်ပြည်ထောင်စုအစိုးရအဖွဲ့၏အတည်ပြု ချက်ဖြင့်သတ်မှတ်သောလုပ်ငန်းများမှအလုပ်သမား များအားလုံးခံစားခွင့်ရရှိရန်အစိုးရကယခုသက်တမ်း တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၂၁)ရက်မြောက်နေ့ (၂၄.၂.၂၀၁၅)

ဦးခိုင်မောင်ရည် (အလုံ) နိုင်ငံတော်နှင့် အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သော အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုရရှိစေရန် လက်တွေ့ပကတိအခြေအနေနှင့် ကိုက်ညီသော အကျိုးခံစားခွင့် များ ခေတ်နှင့်လျော်ညီစွာရရှိစေရန်သော်လည်းကောင်း အလုပ်သမားများ၏ မကျန်းမာမှု၊ မီးဖွားမှု၊ လုပ်ငန်းခွင့်ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုတို့အတွက် ငွေကြေးခံစားခွင့်၊ အငြိမ်းစားယူပြီး ဆေးဝါးကုသ ခံယူခွင့်၊ မိသားစုထောက်ပံ့ခံစားခွင့်၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှု ထောက်ပံ့ခံစားခွင့်၊ သက်ပြည့် အငြိမ်းစားခံစားခွင့်၊ ကျန်ရစ်သူအကျိုးခံစားခွင့်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်၊ အိမ်ရာနေထိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်များရရှိစေရန်သော် လည်းကောင်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လူမှုဖူလုံရေး အခွင့်အရေးများ မှန်မှန်ကန်ကန်ရရှိစေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင်‌့များအတွက် မှတ်ပုံမတင်မနေရပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့် အချက် ၁၅ ချက်ပါ အစိုးရဌာနများ စည်ပင်သာယာရေးအဖွဲ့အစည်းများ ကုမ္ပဏီအသစ်အဖွဲ့အစည်းများ၊ ဆိုင်များ အလုပ်သမား ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သော လုပ်ငန်းဌာနများတို့မှ အလုပ်သမားများမှ လူမှုဖူလုံရေးမှတ်ပုံတင်နိုင်မှသာ အကျိုးခံစားခွင့်များ ခံစားရရှိနိုင်မည် ဖြစ်ပါသောကြောင့် မှတ်ပုံမတင်မနေရပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သည့် အလုပ်သမားများနှင့် အခြား ဆန္ဒရှိ အလုပ်သမားများ လူမှုဖူလုံရေးမှတ်ပုံတင်နိုင်ရန် ဆောင်ရွက်ပေးသင့်ပါကြောင်း၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအတွက် မှတ်ပုံမတင်မနေရ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့် အစိုးရအဖွဲ့အစည်းအပါအဝင် ကုမ္ပဏီအသင်းအဖွဲ့အစည်းများ အလုပ်သမားဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သောလုပ်ငန်းများမှ အလုပ်သမားများ အားလုံး ခံစားခွင့်ရရှိနိုင်ရန် ပြည်ထောင်စုအစိုးရမှ ယခုသက်တမ်းတွင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း
အဖြေ

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ၃၁-၈-၂၀၁၂ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်(၁၅) အဖြစ် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေကို ၁-၄-၂၀၁၄ နေ့တွင် စတင်ကျင့်သုံးခဲ့သည့်အတွက် စတင်အကောင်အထည်ဖော်သည့် ကာလသည် ၁၀ လကျော်သာ ရှိပါကြောင်း။ ယင်းဥပဒေကို စတင်အကောင်အထည်ဖော်သည့်အခါ ပုဒ်မ ၁၀၀ နှင့်အညီ အာမခံစနစ်များကို အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ကြောင်း ပြဋ္ဌာန်းချက်အရ အာမခံစနစ် ၆ မျိုးရှိသည့် အနက် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ မိသားစုထောက်ပံ့မှုအာမခံစနစ်၊ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့်အာခံစနစ် ၃ မျိုး ကိုသာ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် လူမှုဖူလုံရေးအဖွဲ့၏ ကြိုးစားဆောင်ရွက်မှုများစွာကြောင့် ၂၀၁၄ ခုနှစ် မတ်လတွင် အကျုံးဝင် အလုပ်ဌာနပေါင်း ၃၃၁၁၉ ခုနှင့် အာမခံ လုပ်သားဦးရေ  ၇ သိန်းကျော်ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလသို့ ရောက်ရှိသည့်အခါတွင် အကျုံးဝင်သည့် အလုပ်ဌာန ၃၄၅၄၀ ဖြစ်လာပြီး အာမခံလုပ်သားဦးရေ ၇၆၄၇၀၅ ဦးအထိ တိုးတက်မှတ်ပုံပြီး ယခင်နှစ်ကထက် အလုပ်သမား ၆ သောင်းကျော် ပိုမိုမှတ်ပုံတင်လာပါကြောင်း၊ အဆိုပါအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်ပြီး စီမံကိန်းကာလစတင်သော ၁၀ လတာ ကာလအတွင်း လုပ်ဆောင်မှုကို တင်ပြမည်ဖြစ်ပါကြောင်း။

အာမခံအလုပ်သမားများ၏ အခမဲ့ဆေးကုသမှုအပြင် မကျန်းမာမှု၊ မီးဖွားမှု၊ မီးဖွားစရိတ်၊ ဖခင် ဘဝဖြစ်မှုခံစားခွင့်၊ ဇနီးဖြစ်သူ မီးဖွားခြင်း အစရှိသော မီးဖွားစရိတ်၊ နာရေးစရိတ်၊ ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိပါသည့်အပြင် လူမှုဖူလုံရေး ဆေးရုံကြီးများသို့ တက်ရောက်ကုသရခြင်းများအတွက် ခရီးစရိတ်အပါအဝင် ဆေးဖိုးပြန်အမ်းခြင်းကို ခွင့်ပြုထုတ်ပေးခဲ့သော အမှုတွဲပေါင်း ၆၀၅၅၀ ခုနှင့် ခွင့်ပြုငွေကျပ်သည် ၉၇၉.၅၁၃ သန်းအထိ သုံးစွဲခဲ့ပါကြောင်း၊ ထို့အပြင် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား ၅၄ ဦး၏ မိသားစုကို ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် နာရေးစရိတ်များအတွက် ၁၅၁.၇၄၂ သန်း ခွင့်ပြုခဲ့ပါကြောင်း၊  ထို့ပြင် ရွေ့လျားဆေးကုသယာဉ်(Mobile Medical Unit)များအသုံးပြု၍ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင့်အရောက် စမ်းသပ်မှု၊ ဆေးကုသမှုတွေ ပြုလုပ်ခဲ့သည့်အတွက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ ၁၁ လတာကာလတွင် ကျန်းမာရေးစောင်‌့ရှောက်မှုခံယူသည့် အာမခံအလုပ်သမားပေါင်း ၄၃၅၉၄ ဦးရှိပြီး ငွေကျပ် အရ ၅၀၀.၉၇၀ သန်း အကုန်အကျခံ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ပါကြောင်း။

ကျန်အာမခံစနစ် သုံးမျိုးတွင်ပါဝင်တွင်သောသ အလုပ်လုပ်ကိုင်နိုင်ရန်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်၊ ကျန်ရစ်သူခံစားခွင့် အာမခံစနစ်နှင့် အခြားလူမှုဖူလုံရေးစနစ်ပါ အိမ်ရာစီမံကိန်းကို ပုဒ်မ ၁၀၀ နှင့်အညီ အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ္ဍာရန်ပုံငွေရန်ပုံငွေဖူလုံမှုအပေါ်မူတည်ပြီးတော့ လာမည့်ဘဏ္ဍာရေးနှစ် များတွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အာမခံစနစ်များအလိုက် လစဉ် အလုပ်သမား၏ တစ်လလုပ်ခဝင်ငွေအပေါ်မူတည်ပြီး ထည့်ဝင်ကြေးများကို အလုပ်ရှင်နှင့် အလုပ် သမားတို့မှ သတ်မှတ်ရာခိုင်နှုန်းအရ အချိုးကျထည့်ဝင် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်ရှင်အလုပ်သမားတို့၏ ထည့်ဝင်နိုင်မှု အခြေအနေအပေါ် မူတည်ပြီး အလေးထားချင်‌့ချိန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် လက်ရှိအခြေအနေတွင် မဝင်မနေရပြဋ္ဌာန်းချက်၌ အလုပ်သမား ငါးဦးနှင့်အထက်ရှိ သော လုပ်ငန်းများကိုသာ သတ်မှတ်ထားရာမှ မဝင်မနေရပြဋ္ဌာန်းချက်များတွင် အလုပ်သမားသုံးဦး အထက် သို့မဟုတ် တစ်ဦးအထက်သို့ လျော့ချသတ်မှတ် အကျုံးဝင်စေမည်ဖြစ်ပါကြောင်း၊  လက်ရှိမြို့နယ်ရုံးခွဲများတွင် အကျုံးဝင်ခြင်းမရှိသော ကျန်မြို့နယ်များမှ နီးစပ်ရာမြို့နယ်ရုံးခွဲများသို့ အကျုံးဝင်ရန် တိုးချဲ့သတ်မှတ် သွားရန် လျာထားပါကြောင်း၊ ဥပဒေသစ်တွင်ပါရှိသော စာချုပ်၊ ဆေးရုံ၊ ဆေးခန်းစနစ်စသည့် အကျုံးဝင်မြို့နယ် များတွင်လည်း အကောင်အထည်ဖော်ပြီး အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်းများနှင့် လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်သည့် စီမံကိန်းဖြစ်အောင်အတွက်လည်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

လူမှုဖူလုံရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင် အလုပ်ဌာနများမှ အလုပ်သမားများအားလုံး လူမှုဖူလုံရေးအကျိုးခံစား ရရှိနိုင်ရန် -

(က) ကျန်မြို့နယ်အားလုံးအား အကျုံးဝင်လာနိုင်စေရေးအတွက် တိုးချဲ့သတ်မှတ်ဆောင်ရွက်ခြင်း၊ (ခ) သတ်မှတ်လုပ်ငန်းများမှ အလုပ်သမားအားလုံး အကျုံးဝင်လာစေရန် ဆောင်ရွက်ခြင်း၊ (ဂ) ကျန်အာမခံ စနစ်သုံးမျိုးကို လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဆောင်ရွက်နိုင်မှုအခြေအနေများကို ဆက်လက်ဖော် ဆောင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေပါ ပြဋ္ဌာန်းချက်များအရ အလုပ်သမားများအားလုံး အကျုံးဝင်ပြီး အကျိုးခံစားခွင့်များကို ရရှိစေနိုင်ရန်အတွက် အဖွဲ့၏ ဝန်ထမ်းအင်အားများ၊ ဘဏ္ဍာငွေခွင့်ပြုချက်များ၊ ပြည်ထောင်စုအစိုးရ၏ ပံ့ပိုးကူညီမှု၊ အလုပ်ရှင်၊ အလုပ် သမားများ၏ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ပါကြောင်း၊ လုပ်သားထုတစ်ရပ်လုံး လူမှုဖူလုံရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို အလုပ်သမားဝန်ထမ်းများအားလုံး အကျုံးဝင်စေပြီး အကျိုးခံစားခွင့်ရရှိစေ နိုင်ရန်အတွက် နိုင်ငံတော်အစိုးရဘက်မှ အားပေးမှုတွေ ကူညီမှုတွေရှိသည့်အပြင် ထပ်မံတိုးချဲ့နိုင်ရန် အတွက် နိုင်ငံတကာပညာရှင်များ၊ အဖွဲ့အစည်းများ ဖိတ်ကြားပြီး ဆွေးနွေးပွဲများကိုလည်းကောင်း၊ နိုင်ငံတကာကို သင်တန်းများစေလွှတ်၍သော်လည်းကောင်း ဆောင်ရွက်လုပ်ဆောင်ပေးနေသည့်အပြင် လူမှု ဖူလုံရေးအဖွဲ့ အပေါ်၏ လုပ်ဆောင်မှု‌တွေအပေါ် အသိအမှတ်ပြု၍ တွန်းအားပေးဆောင်ရွက် ပြန်လည်ဆောင်ရွက်ပါသည်။  

ဦးခိုင်မောင်ရည် (အလုံ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

နိုင်ငံ့ဝန်ထမ်း များ လစာတိုးမြှင့်လာခြင်းနဲ့ အလုပ်သမားများ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်အပေါ် ဆက်စပ် မှုနှင့် အကျိုးသက်ရောက်မှုရှိ/မရှိနှင့် အကျိုးသက်ရောက်မှုရှိပါက အလုပ်သမားများ၏ လူမှုဖူလုံရေး အကျိုးခံစားခွင့်ကို ယခုထက်ပို၍ တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်းမေးမြန်းပါသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊    ဒုတိယဝန်ကြီး  ဒေါ်ဝင်းမော်ထွန်း

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လူမှုဖူလုံရေးအဖွဲ့ကို ဝင်ရောက်မည်ဆိုပါက အလုပ်သမားအနေဖြင့် ထည့်ဝင်ကြေးပေးရသည့်နည်းတူ အလုပ်ရှင်ဖြစ်သည့် နိုင်ငံတော်အစိုးရကလည်း ထည့်ဝင်ကြေး ထည့်ဝင်ရပါ ကြောင်းနှင့် ထိုသို့ ထည့်ဝင်ခဲ့မည်ဆိုပါက လူမှုဖူလုံရေးတွင် အကျုံးဝင်ပြီးသားဖြစ်ပါကြောင်း၊ ထို့ပြင် လူမှုဖူလုံရေးအဖွဲ့ဝင်အဖြစ်ဝင်မည်ဆိုပါက နိုင်ငံ့ဝန်ထမ်းများလစာတိုးသည့် အချိန်သည် အသင့်တော်ဆုံး အချိန်ပါဟု ပြောကြားလိုပါကြောင်း ထပ်ဆင့်မေးခွန်းကို ဖြေကြားပါသည်။