(ခ)မြို့နယ်အဆင့်တာဝန်ရှိသူများက နည်းဥပဒေ အတိုင်း ဆောင်ရွက်ပေးနိုင်ရန် မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှု ဗဟိုကော်မတီမှ မည်သို့ဆောင်ရွက်ပေး မည်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၉.၁၀.၂၀၁၃)

ဦးအေး (ဟုမ္မလင်း)စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက ၇ သိန်းခန့်ရှိရာ ၂၀၀၉-၂၀၁၀ ခုနှစ်မှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို တန်ဖိုးမြင့် သစ်နှင့် အခြားနှစ်ရှည်ပင်များ စိုက်ပျိုးရန် အဆိုပြုခဲ့ပြီး မြေ တ်၊ မြေလပ်နှင့် မြေရိုင်းများအသုံးပြုခွင့်ကို ပုဂ္ဂလိကနှင့် ကုမ္ပဏီများမှ ၅၄၃၈၉၈ ဧက ခန့် လျှောက်ထားခဲ့ ပါသည်။ ယင်းမြေဧက ၅ သိန်း ၄ သောင်းကျော်အနက်မှ အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်ကြသော ဧကပေါင်း ၂၂၅၅.၅ ဧကရှိနေရာ အလားတူကိစ္စရပ်မျိုးမှာ အခြားသော တိုင်းဒေသကြီးနှင့် ပြည့်နယ်များတွင်လည်း ရရှိနိုင်သည်ဟု ထင်မြင်မိပါကြောင်း။

ဟုမ္မလင်းမြို့နယ်တွင် တန်ဖိုးမြင့်သစ်မျိုးဖြစ်သော ရာဘာစိုက်ပျိုးမှုသည် အရင်းအနှီးများခြင်း၊ အကျိုးခံစားခွင့် စောင့်ဆိုင်းရခြင်း အချိန်ကာလကြာမြင့်ခြင်းများ ရှိသော်လည်း ကျေးလက်ဒေသပြည်သူများ အနေဖြင့် ရာဘာစိုက်ပျိုးမှု၏ အကျိုးကျေးဇူးကို လက်တွေ့မြင်တွေ့ရပြီ ဖြစ်သည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလုပ်ကိုင်နိုင်ရန် စိတ်အားထက်သန်လျှက်ရှိနေကြပါကြောင်း။

မိမအနေဖြင့်လည်း ပြည်သူများကို နှစ်ရှည်စီမံကိန်းတာဝန်ခံမှတစ်ဆင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလိုသူများ အား နှိုးဆော်စည်းရုံး ဖိတ်ခေါ်ခဲ့ရာ စိုက်ပျိုးလိုသူ ၅၅ ဦး၊ ဧကပေါင်း ၆၀၀ ရှိလာပါခဲ့ပါသည်။ သိုသော်လည်း ဤမေးခွန်းမှာ သတ္တမအကြိမ်က တင်ထားခဲ့သောမေးခွန်းဖြစ်သည့်အတွက် ယနေ့အချိန်မှာ အဆိုပြုသူ တစ်ရာကျော်၊ အဆိုပြုဧကပေါင်း ၅ ထောင်ကျော် ရှိလာခဲ့ပြီးဖြစ်ပါသည်။ ယခုအခါမှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေနှင့် နည်းဥပဒေတို့ကို ၂၀၁၂ ခုနှစ် မတ်လ ၃ ရက် နေ့တွင် ဥပဒေကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် နည်းဥပဒေကိုလည်းကောင်း၊  ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ အဆိုပါဥပဒေပုဒ်မ ၂၂ (ဂ) အရ ယခင်လျှောက်ထားခဲ့ပြီး အဆိုပြု ခွင့်ပြုသတ်မှတ်ချက်အတိုင်း ပြည့်မီအောင်စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်းမရှိဘဲ လျှောက်ထားသော မြေဧကများ ကို       နိုင်ငံတော်မှပြန်လည် သိမ်းယူပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပါသည်။ သို့သော်လည်း ဟုမ္မလင်းမြို့နယ်၊ မြို့နယ်အဆင့် သက်ဆိုင်ရာတာဝန်ရှိဦးစီးအရာရှိများအနေဖြင့် ၎င်းအမည်ပေါက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို လာရောက်လျှောက်ထားကြသများအတွက် မြေတိုင်းတာပေးခြင်း၊ ထောက်ခံစာတင်ပြပေးခြင်း ပြုလုပ်ရန်အခက်အခဲ ရှိပါသည်။ ၎င်းမြို့နယ်တာဝန်ရှိသူများ ထံသို့လည်းပဲ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုဗဟိုကော်မတီမှတဆင့် မည်သည့် ညွှန်ကြားချက်ကိုမှမရရှိကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ မြို့နယ်အဆင့်တာဝန်ရှိသူများမှ စိုက်ပျိုးလို၍ လျှောက်ထားလာသူများကို နည်းဥပဒေအတိုင်း ဆောင်ရွက်ပေးနိုင်ရန် မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှုဗဟိုကော်မတီမှ မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း