မိမိတို့ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်များကို နိုင်ငံခြားမှ တရားဝင်တင်သွင်းခွင့်ယူထားပြီးဖြစ်ပါကြောင်း၊ သို့ သော် အကောက်အခွန်မဲ့မော်တော်ယာဉ်များကို မြို့နယ်တော်တော်များများမှ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ဆဲ ဖြစ်ပါကြေင်း၊ သက်ဆိုင်ရာ မြို့နယ်တရားရုံးများမှ တရားစွဲဆိုအမိန့်ချပြီးသည့် ယာဉ်များအား လေလံတင် ရောင်းချမည့်ကာလ ကြာရှည်စွာ ထိန်းသိမ်းထားရသည့်အတွက် ယာဉ်များပိုမိုပျက်စီးမှုဖြစ်ပေါ်ရခြင်း၊ ယာဉ်များ အချိန်စောစွာ မရောင်းချရသည့်အတွက် သတ်မှတ်တန်ဖိုးမရရှိဘဲ နိုင်ငံတော်ဝင်ငွေရရှိမှု နည်းပါးခြင်း၊ သက်ဆိုင်ရာမြို့နယ်တရားရုံးတော်မှ ဆုံးဖြတ်ချက်အမိန့် ချမှတ်ပြီးသော မော်တော်ယာဉ်များအနက် အခြားယာဉ်များအား သက်ဆိုင်ရာ ပြည်နယ်တိုင်း အစိုးရအဖွဲ့အား လေလံတင်ရောင်းချရန် လုပ်ပိုင်ခွင့် ပေးနိုင်/မပေးနိုင်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ဒေသအသီးသီးတွင် ဖမ်းဆီးရမိသည့် လိုင်စင်မဲ့မော်တော်ယာဉ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ တရားဥပဒေအရ တရားစွဲဆိုပြီး တရားရုံးမှဆုံးဖြတ်ချက် အတည်ဖြစ်ပါက နိုင်ငံတော်ဘဏ္ဍာသိမ်းယာဉ်များကို Open Tender စနစ်ဖြင့် ရောင်းချရန် ကြမ်းခင်းဈေးသတ်မှတ်မှုကို တရားဝင် ပြည်ပမှ လိုင်စင်တင် သွင်းဈေးနှုန်းထက် မနိမ့်ကျရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်အားလုံး တပြေးညီဖြစ်စေရန်အတွက် Open Tender မပြုလုပ်မီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ကြမ်းခင်းဈေး သတ်မှတ်ရေးဆိုင်ရာ သဘောထားမှတ်ချက် တောင်းခံပြီးမှ ဆောင်ရွက်ရန်ဖြစ်ပြီး ရောင်းချမရသည့်၍ မော်တော်ယာဉ်များကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနကို နိုင်ငံပိုင်စာရင်း ရေးသွင်းလွှဲပြောင်းပေး အပ်ပြီး နိုင်ငံတော်၏ အစီအစဉ်ဖြင့် လိုအပ်သည့် အဖွဲ့အစည်းဌာနများ အသုံးပြုနိုင်ရန်အတွက် ပြန်လည်ထုတ်ဝေပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ၂၆-၁၂-၂၀၁၂ ရက်စွဲပါစာဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အားလုံးကို ညွှန်ကြား ထားပြီးဖြစ်ပါကြောင်း။
ဖော်ပြပါ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်နှင့်အညီ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ရုံးများအနေဖြင့် သက်ဆိုင်ရာမြို့နယ်တရားရုံးများက ဆုံးဖြတ်ချက်အမိန့် ချမှတ်ပြီးသည့် လိုင်စင်မဲ့မော်တော်ယာဉ်များကို Open Tender စနစ်ဖြင့် ရောင်းချခဲ့သည့်အခါ ၆-၁၁-၂၀၁၃ ရက်နေ့ မွန်ပြည်နယ်မှ မော်တော်ယာဉ်စီးရေ ၈၈ စီးရောင်းချခဲ့သည့်အနက် တင်ဒါအောင်မြင်သည့် မော်တော်ယာဉ်စီးရေ ၇၇ စီး၊ ၇-၇-၂၀၁၄ ရက်နေ့ တနင်္သာရီတိုင်းဒေသကြီးတွင် ရောင်းချခဲ့သည့် မော်တော်ယာဉ်စီးရေ ၃၃ စီးအနက် တင်ဒါအောင်မြင်သည့် မော်တော်ယာဉ်စီးရေ ၃၁ စီး၊ ၆-၁၂-၂၀၁၄ ရက်နေ့တွင် ကရင်ပြည်နယ်မှာရောင်းချခဲ့သည့် မော်တော်ယာဉ်စီးရေ ၈၆ စီးအနက်မှ တင်ဒါအောင်မြင်သည့် မော်တော်ယာဉ်စီးရေ ၃၃ စီးတို့ကိုရောင်းချခဲ့ပြီးဖြစ်ပါကြောင်း၊ ဒီ Open Tender ဖြင့် မအောင်မြင်သော မော်တော်ယာဉ်စီးရေ ၆၆ စီးကိုလည်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနမှ လွှဲပြောင်းလက်ခံခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ သက်ဆိုင်ရာမြို့နယ်တရားရုံးများမှ ဆုံးဖြတ်ချက် အမိန့်ချမှတ်ပြီးသော လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် အခြားယာဉ်များကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ Open Tender စနစ်ဖြင့် ရောင်းချရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို တင်ပြခွင့်ပြုချက်တောင်းခံပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
