(ဃ)အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ အတွက်ချေးငွေရယူခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၇.၁၀.၂၀၁၃)
မေးခွန်း အကြောင်းအရာ 

နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နိုင်ရန်၊ ချေးငွေများ ထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကြားသိရပါသည်။ သို့ရာတွင် အများစုမှာ ချေးငွေချေးငှားရန် အခက်အခဲ ရှိသလို တိုင်းဒေသကြီး/ပြည်နယ်များမှ ငွေချေးငှားလိုသော စက်မှုလုပ်ငန်းရှင် အငယ်များ အနေဖြင့်လည်း ငွေထုတ် ချေးမည့် ဘဏ်များရှိသော်လည်း အခက်အခဲများနှင့် တွေ့ ကြုံနေရ ပါသည်။ ၎င်းတို့၏ အဓိကအခက်အခဲမှာ လုပ်ငန်းလုပ်ကိုင်နေကြောင်း ထောက်ခံချက် ကို ယခင်က စက်မှုဝန်ကြီးဌာန၊ ဒေသန္တရစက်မှုစစ်ဆေးရေးဦးစီးဌာနမှ မှတ်ပုံတင်ထားရှိကာ လုပ်ငန်းဆောင်ရွက်သူြ ဖစ်ကြောင်း ထောက်ခံချက် ထုတ်ပေးသော်လည်း ယခုအခါ ထုတ်ပေးမှုမရှိတော့ပါကြောင်း၊ ထို့အတူ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အလိုက် စက်မှုလုပ်ငန်းရှင်များ၏ စာရင်းများလည်း လိုအပ်လျက်ရှိသည့်အပြင် ထိုစာရင်းများရှိမှသာ မြို့နယ်များ ကလည်း ထောက်ခံတင်ပြလျက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများထံမှ ချေးငွေ ရယူနိုင်မည် ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည့်အတွက် အောက်ပါ ကြယ်ပွင့်ပြမေးခွန်းများ ကို မေးမြန်း လိုပါကြောင်း၊

  • အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများအား ဆောင်ရွက်ပေးနေသည့် စက်မှု ဝန်ကြီးဌာနရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ စက်မှုမှတ်ပုံတင်စာရင်းများအား မြို့နယ်များ အဆင့်သို့ ပေးပို့နိုင်ခြင်း ရှိ/မရှိအား လည်းကောင်း၊ ထိုမှတ်ပုံတင်စာရင်းဝင်ပုဂ္ဂိုလ်များအား စက်မှုလုပ်ငန်း ဆောင်ရွက်နေသူ အဖြစ် ထောက်ခံချက် ထုတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း၊
  • အကယ်၍ ထိုသို့စက်မှုလုပ်ငန်း ဆောင်ရွက်နေသူအဖြစ် တိုက်ရိုက်ထောက်ခံချက် မထုတ်ပေးနိုင်ပါက အခြားနည်းလမ်းအားဖြင့် အဆိုပါ ဌာနမှ အသိအမှတ်ပြုထားသော စက်မှုမှတ်ပုံ တင်လက်မှတ် မူရင်းမိတ္တူများသည် ၎င်းမူရင်းမိတ္တူများဖြင့် တင်ပြလာပါက စက်မှုလုပ်ငန်းဆောင်ရွက် နေသူအဖြစ် အထောက်အထားဖြစ်ပါကြောင်း အသိပေးကြေညာစွာ ထုတ်ပြန်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိ လိုပါကြောင်း၊
  • အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ အနေဖြင့် စက်မှုလက်မှုဖွံ့ဖြိုးရေး ဘဏ်ဌာန ချေးငွေများကို မည်သို့ မည်ပုံ အဆင့်ဆင့် ချေးငှားထုတ်ယူနိုင်ပါကိုကြောင်းကို ရှင်းလင်းတင်ပြပေး စေလိုပါကြောင်း၊
  • ယနေ့ မြန်မာ့ရုပ်မြင်သံကြားတွင် တင်ဆက်ပြသနေသော အသေးစား၊ အလတ်စား စက်မှု လုပ်ငန်းကြော်ငြာနှင့် ယနေ့ အကောင်အထည်ဖော် ဆောင်ရွက်နေသော အသေး စား၊ အလတ်စား စက်မှုလုပ်ငန်းဆိုင်ရာမူဝါဒများသည် ကိုက်ညီမှု ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

[ဦးအေးမောက်၊ မလှိုင်မဲဆန္ဒနယ်ကိုယ်စား ဦးဝင်းသန်း၊ သာပေါင်းမဲဆန္ဒနယ်မှ မေးမြန်း ပါသည်။]


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများကို အထောက်အကူပြုစေသည့် အသေးစားနှင့်  အလတ်စား လုပ်ငန်းများအား အထောက်အပံ့ ပေးနိုင်ရန် ရည်ရွယ်၍ စက်မှုဝန်ကြီးဌာန၌ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ယခင်မြန်မာ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်ကိုလည်း ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှစ၍ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်အဖြစ် အမည်ပြောင်းလဲ၍ စီးပွားရေးဖွံ့ဖြိုးရန် အလားအလာကောင်းမွန်သည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ အား ငွေကြေးအထောက် အပံ့ပေးနိုင်ရေးအတွက် ချေးငွေများ ထုတ်ချေးပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

အသေးစားနှင့်အလတ်စားလုပ်ငန်းများအား ချေးငွေများထုတ်ချေးပေးသည့် အဆင့်များမှာ လုပ်ငန်းရှင်များမှ မိမိလုပ်ငန်းအတွက် ငွေချေးယူလိုကြောင်း စက်မှုလုပ်ငန်းလိုင်စင်များနှင့်တကွ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနကို တင်ပြလျှောက်ထားရမည်။ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနမှ ချေးငွေလျှောက်ထားသော လုပ်ငန်းအနေဖြင့် အမှန်တကယ် လုပ်ငန်း လည်ပတ်နေခြင်း ရှိ/မရှိနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတွင် စက်မှုလုပ်ငန်း မှတ်ပုံတင်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းသွားရောက် စစ်ဆေးထားသည့် ထောက်ခံ ချက်ဖြင့် ချေးငွေထုတ်ချေးနိုင်ရေးအတွက် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်ကို ပေးပို့ ပါသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၏ ထောက်ခံချက်ဖြင့် ပေးပို့လာသော အထောက်အထားများကို အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ စစ်ဆေးပြီး မှန်ကန်ပြည့်စုံ ပါက ချေးငွေလျှောက်လွှာ နဲ့ ဖြည်‌့စွက်စေပြီးချေးငွေ လျှောက်ထားစေပြီး ချေးငွေလျှောက်လွှာနဲ့အတူ စက်မှုလုပ်ငန်းလိုင်စင်၊ လုပ်ငန်းဝင်ငွေ၊ ထွက်ငွေ၊ အရှုံးအမြတ်စာရင်း၊ ပေးဆောင်ပြီးသောအခွန်ပြေစာ၊ အာမခံပေးမည့် မြေနှင့်အဆောက် အဦ၊ ပိုင်ဆိုင်မှု အထောက်အထား အပြည့်အစုံမိတ္တူ၊ အာမခံပေးရမည့် အဆောက်အဦနှင့် လုပ်ငန်းပြရှေ့၊ နောက်၊ ဝဲ၊ ယာ ဓာတ်ပုံများ၊ ချေးငွေလျှောက်ထားသူ၏ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းမိတ္တူများလည်း ပူးတွဲပါရှိရမည်ဖြစ်သည်။

အာမခံပေးရမည့် မြေနဲ့အဆောက်အဦအား ဘဏ်ရာဖြတ်မှ ကွင်းဆင်းစစ်ဆေးရန် သင်/မသင့် ကို အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)ရှိ ချေးငွေဌာနမှ ဦးဆောင်ညွှန် ကြားရေးမှူးထံ ခွင့်ပြုမိန့်တောင်းခံရမှာ ဖြစ်ပါတယ်။ ဦးဆောင်ညွှန်ကြားရေးမှူးထံမှ ခွင့်ပြုမိန့်ရရှိပါက ဘဏ်ရာဖြတ်မှ အာမခံပေးအပ်သောမြေ၊ လုပ်ငန်းနဲ့ အဆောက်အဦများကို ကွင်းဆင်းစစ်ဆေးစေမှာ ဖြစ်ပါတယ်။ ဘဏ်ရာဖြတ်မှ အာမခံပေးအပ်သော မြေနှင့်အဆောက်အဦ တန်ဖိုးကို ကွင်းဆင်းစစ်ဆေးပြီး အတင်းအကြပ်ရောင်းဈေး Force Sale Value (FSV) တန်ဖိုးကို သတ်မှတ်ပြီးပါက ကျပ်သိန်း ၂၀၀၀ အောက်ချေးငွေအမှုတွဲများကို ဘဏ်ဥက္ကဋ္ဌ(၂)နှင့် ဒါရိုက်တာအဖွဲ့ဝင်(၄) ဦးပါဝင်သော ချေးငွေကော်မတီ Credit Committee (CC)သို့ တင်ပြပြီး ကျပ်သိန်း ၂၀၀၀ အထက် လျှောက်ထားသော ချေးငွေအမှုတွဲ များကို Board of Director အဖွဲ့သို့တင်ပြပြီး ဆုံးဖြတ်ချက်ရယူရမည်ဖြစ်ပါသည်။ ကျပ်သိန်း ၂၀၀၀ အောက် ချေးငွေအမှုတွဲများကို ချေးငွေကော်မတီမှ တစ်ပတ်တစ်ကြိမ် စိစစ်ဆုံးဖြတ်ပြီး ကျပ်သိန်း ၂၀၀၀ အထက် ချေးငွေများကို နာယက၏ ဒါရိုက်တာအားလုံး ပါဝင်သော Board of Director အဖွဲ့မှ တစ်လတစ်ကြိမ် စိစစ်ဆုံးဖြတ်မည်ဖြစ်သည်။

အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် ချေးငွေပမာဏကို အများဆုံးကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးပေး၍ ချေးငွေသက်တမ်းကာလမှာ သုံးနှစ်ဖြစ်ပါသည်။ အဆိုပါချေးငွေအမှုတွဲများကို ဒါရိုက်တာအဖွဲ့မှ အာမခံခိုင်မာမှုနှင့် လုပ်ငန်းကောင်းမွန်မှုအပေါ်အဓိက သုံးသပ်ဆွေးနွေးကြပြီး အတင်းအကြပ်ရောင်းဈေး Force Sale Value (FSV) တန်ဖိုးရဲ့ အနည်းဆုံး ၃၀ ရာခိုင်နှုန်းမှ အများ ဆုံး ၅၀ ရာခိုင်နှုန်းအထိ ထုတ်ချေးပေးရန် ဆုံးဖြတ်ကြပါတယ်။ ဆုံးဖြတ်ပြီးချေးငွေများကို လုပ်ငန်းရှင် များထံသို့ သုံးရက်အတွင်း ထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့အထိ ပြည် တွင်းလုပ်ငန်းရှင် ၆၀၅ ဦးတို့အား ချေးငွေကျပ် ၈၈၆၄၉.၂၆ သန်းကို ထုတ်ချေးပေးခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတော်မှ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်သို့ လယ်ယာ အမတော်ကြေးကဲ့သို့ ထုတ်ချေးပေးခဲ့သည့် ငွေကျပ် ၁၀ ဘီလီယံကိုလည်း ဘဏ်လုပ်ထုံးလုပ် နည်းနှင့်အညီ အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် အချိန်ကာလ သုံးနှစ်အထက် စီးပွားရေးဖွံ့ဖြိုးရန် အလား အလာကောင်းမွန်သော အသေးစားနှင့် အလတ်စားလုပ်ငန်း ၆၂ ခုသို့ ထုတ်ချေးပေးပြီးဖြစ်ရာ အသေးစား နှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သမျှပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

ဦးဝင်းသန်း(သာပေါင်းမဲဆန္ဒနယ်)က တစ်ဆက်ဆစ်စပ်တည်းမေးခွန်း မေးမြန်းရာ   

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြေကြားမှုအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း၊ သို့သော်လည်း မူရင်းမေးခွန်းရှင် ဦးအေးမောက်၏ မေးခွန်းမှာ လေးခုရှိပါကြောင်း၊ ဒုတိယဝန်ကြီး ယခုဖြေကြား သွားသည်မှာ မေးခွန်းအမှတ်စဉ် ၃ ကိုသာ ရှင်းလင်းဖြေကြားခြင်းဖြစ်ပြီး မေးခွန်း (၁) ဖြစ်သော ဒေသန္တရအစိုးရများက ပေးနိုင်မယ်‌့ချေးငွေအတွက် မြို့နယ်အဆင့်များကို စက်မှုကြီးကြပ်ရေး စစ်ဆေးရေး ဦးစီးဌာနက မှတ်ပုံတင်စာရင်း ပေးနိုင်/ မပေးနိုင်၊ ထောက်ခံချက် ပေးနိုင်/မပေးနိုင် ဆိုသည့်ကိစ္စရပ်များမှာ အရေးတကြီးဖြစ်နေသည့်အတွက် မေးခွန်း(၁) ထုတ်ပေးနိုင်ခြင်း ရှိ/မရှိနဲ့ မထုတ်ပေးနိုင် ရင်လည်း အသိအမှတ်ပြုထားသော လက်မှတ်များမှာ စက်မှုလုပ်ငန်း ဆောင်ရွက်နေသူအဖြစ် ခိုင်မာသည့် အမိန့်ကြော်ငြာစာ ထုတ်ပြပေးနိုင်ခြင်း ရှိ/မရှိ ကိုဖြေကြားပေးစေလိုပါကြောင်း ဆက်လက်မေးမြန်းပါသည်။

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်

မိမိဖြေကြားခဲ့သည့်အဖြေမှာ  ၂၀၁၃ ခုနှစ်၊ စက်တင် ဘာလ ၂ ရက်နေ့ အသေးစားနှင်‌့ အလတ်စားစက်မှု လုပ်ငန်းများ ချေးငွေရယူရန်နှင့်ပတ်သက်၍ မေးခွန်းကိုသာ ဖြေကြားခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလှယ်ကြီး ဦးဝင်းသန်း တင်ပြသော အချက်လေးချက် မပါဝင်ပါကြောင်း၊ ယခုဖြေကြားချက်မှာ ပေးပို့လာသောမေးခွန်းကိုသာ ရှင်းလင်းဖြေကြားခြင်းဖြစ်သည့်အတွက် ကျန်ရှိသောမေးခွန်းများကို မေးခွန်းအနေဖြင့် ထပ်မံပေးပို့စေပြီး မိမိတို့အနေဖြင့် သက်ဆိုင်ရာ ဌာနများဖြင့် ညှိနှိုင်းပြီး ပြန်လည်ဖြေကြား သွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြား ပါသည်။