စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီး၊ ဖောင်းပြင်၊ ဟုမ္မလင်း မြို့များသည် ၂၄ နာရီဓာတ်အား ရရှိရေးအတွက် ဖဆပလအစိုးရလက်ထက်က စတင်ခဲ့သော ထမံသီစီမံကိန်းကို မျှော်လင့်အားထားခဲ့ကြရပါကြောင်း၊ သို့သော် ယခုအချိန်တွင် ထမံသီစီမံကိန်းကို ရပ်ဆိုင်းလိုက်သည့်အတွက် ဒေသအတွင်းရှိ ပြည်သူများ မျှော်လင့်ချက် ကုန်ဆုံးသလောက်ဖြစ်သွားခဲ့ရပါကြောင်း၊ ယခုအချိန်၌် ဟုမ္မလင်းမြို့ပေါ်တွင် အိမ်ခြေ ၂၀၀၀ ကျော်၊ ၃၀၀၀ နီးပါး ရှိသော်လည်း ဒီဇယ်မီး ပေးရသည့်အတွက် တစ်ညလျှင် သုံးနာရီမီးလင်းရေးကော်မတီက ပေးပြီး ဓာတ်အားခကမှာ တစ်ယူနစ်ကို ၄၀၀ နှုန်း ပေးရသော်လည်း စက်အားမနိုင်သည့်အတွက် ၅၀၀ ကျောက်ခန့်သာ သုံးစွဲနေရပါကြောင်း၊ ပြင်ပ ပုဂ္ဂလိကဌာန သွယ်ယူရသည့် မီးအားက ဓာတ်အားခမှာ တစ်ယူနစ်လျှင် ၆၀၀၊ ၇၀၀ အထိ ဈေးကြီးပေး၍ သုံးစွဲနေရပါကြောင်း၊ ထို့ကြောင်း ယင်းဒေသရှိ ပြည်သူများ ၂၄ နာရီဓာတ်အားရရှိရေးအတွက် အစီအမံများရှိ/မရှိ၊ လက်ရှိ မဟာဓာတ်အားလိုင်းရရှိနေသော ပင်လယ်ဘူးမြို့မှတစ်ဆင့် ဖောင်းပြင်မြို့ကို ပထမအဆင့်အနေဖြင့် မဟာဓာတ်အားလိုင်း သွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် မဟာဓာတ်အားလိုင်းမှ သွယ်တန်းပေးရန် အခက်အခဲရှိပါက ၂၄ နာရီဓာတ်အား ရရှိနိုင်ရေးအတွက် အခြားမည်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်ပေးနိုင်ပါမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး မြောက်ဘက်အခြမ်းရှိ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီမြို့များသည် နိုင်ငံတော်ဓာတ်အားစနစ်မှ အလှမ်းကွာဝေးလွန်းသည့်ဒေသများ ဖြစ်သောကြောင့် ဓာတ်အားလိုင်းများ သွယ်တန်းပို့လွှတ်ရန် အချိန်ယူရမည် ဖြစ်ပါကြောင်း၊ သို့သော် အဆိုပါဒေသများသည် အသေးစား ရေအားလျှပ်စစ်စီမံကိန်းများ ပြုလုပ်ပြီးတော့ ဓာတ်အားရရှိစေရန် ဆောင်ရွက်နိုင်သော ရေအားအရင်းအမြစ်များရှိသည့် ဒေသများဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အကြောင်းကြားချက်အရ ယခုနှစ်ပွင့်လင်းရာသီတွင် ဖောင်းပြင်မြို့နယ်၊ ကန်တော်ချောင်းနှင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ နတ်နန်းချောင်းနှင့် မောက်ဆည်ချောင်းတို့ကို ကွင်းဆင်း လေ့လာရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ ခန္တီးမြို့နယ်အတွင်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံး၏ အကြောင်းကြားချက်အရ ၂၀၁၂ ခုနှစ်အတွင်း မိမိတို့ သွားရောက် တိုင်းတာရာတွင် နန်းခမ်းချောင်းသည် ရေအလွန်နည်းပါးသည့်အတွက် ဖြစ်နိုင်ခြေ နည်းပါးသောကြောင့် ပြန်လည်တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပွင့်လင်းရာသီတွင် တိုင်းတာရေးအဖွဲ့များ မထွက်ခွာမီ အခြားသော နီးစပ်ရာအရင်းအမြစ်များ တွေ့ရှိပါက ဒေသခံများနှင့် ညှိနှိုင်းအကြောင်းကြားလာမည်ဆိုပါက တစ်ပြိုင်တည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပင်လယ်ဘူးမြို့ကို ပို့လွှတ်ထားသော ၃၃ ကေဗွီဓာတ်အားလိုင်းသည် ၅၁ မိုင်အလျားရှိပြီး ဖောင်းပြင်ကို ၆၅ မိုင် ထပ်ဆွဲမည်ဆိုပါက ၃၃ ကေဗွီဓာတ်အားလိုင်းသည် ၁၁၆ မိုင်အထိ ရှည်လျားသွားမည်ဖြစ်သောကြောင့် မည်သူမှ အကျိုးမရှိဘဲ ဓာတ်အားရောက်ရှိမည်ဖြစ်သည့်အတွက် နည်းပညာအခက်အခဲကြောင့် ဆောင်ရွက်ပေးမှု မရှိခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးမြို့များကို ဓာတ်အားပေးရေးစနစ်အတွက် အမြန်ဆုံး ဖြစ်နိုင်ခြေရှိသည့် အသေးစားရေအားလျှပ်စစ်အရင်းအမြစ်များကို ရှာဖွေဆောင်ရွက်ခြင်းသာလျှင် အကောင်းဆုံးဖြစ်မည်ဟု ယူဆသည့်အတွက် ယခုနှစ်ပွင့်လင်းရာသီတွင် အကြောင်းကြားထားပြီးဖြစ်သော ရေအားလျှပ်စစ်အရင်းအမြစ်များကို သွားရောက်တိုင်းတာပေးမည်ဖြစ်ပါကြောင်း၊ အဆိုပါမြို့များကို ၂၄ နာရီ ဓာတ်အားရရှိရေးအတွက် လက်ရှိ မဟာဓာတ်အားလိုင်း ရောက်ရှိသော နေရာမှ ဟုမ္မလင်းပတ်ဝန်းကျင်ကနေ အထက်ပိုင်းကို နီးစပ်ရာဓာတ်အားလိုင်းမှ သွယ်တန်းနိုင်ရန် မဟာဓာတ်အားလိုင်းရောက်ရှိသော ဒေသများသို့ ရောက်ရှိရေးနည်းလမ်းရှာဖွေ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းဖြေကြားပါသည်။
