ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်များမှ ဟောင်းနွမ်းဆွေးမြေ့နေသည့် အချို့သော မီးတိုင်များမှာ ခြေရင်းတွင် ပျက်ထွက်လုမတက် ဖြစ်နေပြီး အန္တရာယ်ရှိအ သွင်ဆောင်နေခြင်း၊ အချို့သော ဓာတ်တိုင်များတွင် တစ်တိုင်ထဲမှ အိမ်ခန်းပေါင်းများ စွာမှ ဆွဲယူသုံးစွဲပြီး ဓာတ်ကြိုးများချုပ်ထွေးကာ ပျက်ရိနေသကဲ့သို့ဖြစ်ခြင်း၊ သစ် ပင်များနှင့် ညှိနေ၍ မီးများလောင်နေခြင်း၊ အ.ထ.က (၃)အလုံတွင်လည်း အနှစ် ၃၀-၄၀ ခန့်ရှိ ဓာတ်ကြိုးများကို ဟောင်းနွမ်းနေခြင်း၊ လျှပ်စစ်ရှော့ဖြစ်၍ မီးလောင်ခြင်းများရှိပါကြောင်း၊ လျှပ်စစ်ဌာနကလည်း ငွေကြေးကုန်ကျများ စွာဖြင့် ကျေးလက်များအထိ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်နေခြင်းများ ယူနစ်ပျောက်ဆုံးမှုအတွက် ပြုပြင်ပြောင်းလဲတပ်ဆင်မှုများ ဆောင်ရွက်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားစနစ်များကို တိုးတက်ဖွံ့ဖြိုးစေရန် အစီအစဉ်ရှိခြင်းများကို လည်း တွေ့ရှိရပါကြောင်း၊ သို့သော် ယခင်ကရှိသော လျှပ်စစ်စနစ် အသုံးပြုပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အန္တရာယ်မရှိ ကောင်းမွန်စွာသုံးစွဲနိုင်အောင် ကြိုးစားအားထုတ်နိုင်ခြင်းသည်လည်း အရည်အချင်းကောင်းတစ်ရပ်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် သိရှိလိုသည်မှာ (က) အလုံမြို့နယ်ရှိလမ်းများတွင် အန္တရာယ်ရှိသော ဆွေးမြေ့ဟောင်းနွမ်းဓာတ်တိုင်များနှင့် အသစ်ဖြစ်ရန်လိုအပ်လျက်ရှိသော ဓာတ်တိုင်များ သက်တန်းကြာမြင့်ပြီဖြစ်သော နှစ် ၃၀ ကျော် လျှပ်စစ်ကြိုးများကို အစားထိုးပြင်ဆင်ပြုပြင်တပ်ဆင်ပေးရန် (ခ) ရန်ကုန်တိုင်းအတွင်းရှိ အန္တရာယ်ရှိ လျှပ်စစ်ကြိုး၊ လျှပ်စစ်ဓာတ်တိုင်များ ပြုပြင်တပ်ဆင်ပေးရန် (ဂ) အန္တရာယ်ရှိသော သစ်ပင်သစ်ကိုင်းများ လျှပ်စစ်ကြိုးနှင့်တယ်လီဖုန်းကြိုးများ ရှုပ်ထွေးညှိတွယ်နေမှုများကို မိုးမကျမီဆောင်ရွက်ပေး ရန် အစီအစဉ်များ ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ခွဲဝေရရှိသော ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဝန်ကြီးဌာနပိုင် သစ်သားတိုင်နှင့်သံတိုင်များကို ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှယ်လျက်ရှိရာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာတစ်နိုင်ငံလုံးမှာ လဲလှယ်ရန် သစ်သားတိုင်ပေါင်း ၁၆၂၃၉၃ တိုင်၊ သံတိုင် ၆၉၉၁၄ တိုင် ကျန်ရှိနေ ပါသေးကြောင်း၊ အဆိုပါဆွေးမြေ့သစ်သားတိုင်နှင့် သံတိုင်များကို ကွန်ကရစ်တိုင် များဖြင့် အစားထိုးလဲလှယ်ခြင်း တပါတည်းဆောင်ရွက်ရပြီး လိုအပ်ပါက ကြွေသီး၊ ကြိုးများကိုပါ လဲလှယ်သွားမည် ဖြစ်ပါကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဝန်ကြီးဌာနပိုင် ဆွေးမြေ့သစ်သားတိုင်၊ သံတိုင်အားလုံးကို ကွန်ကရစ်တိုင်များဖြင့် လဲလှယ်ပါက ခန့်မှန်းကုန်ကျငွေမှာ ယခုကာလပေါက်ဈေးဖြင့် ကွန်ကရစ်တိုင်၊ သံလက်တန်း၊ ကြွေသီးဖိုးအပါအဝင် စုစုပေါင်းကျပ် ၅၄.၅၈ ဘီလီယံခန့်ကုန်ကျ မည် ဖြစ်ပါကြောင်း။
တစ်နိုင်ငံလုံးမီးသုံးစွဲသူဦးရေ၏ ထက်ဝက်နီးပါးခန့်ရှိသော ရန်ကုန်တိုင်းဒေသကြီး၌ ဝန်ကြီးဌာနပိုင် သစ်သားတိုင် ၃၆၆၄ တိုင်၊ သံတိုင် ၂၁၂၈ တိုင် စုစုပေါင်း ၅၇၉၂ တိုင်လဲလှယ်ရန် ကျန်ရှိနေသည့်အတွက် အဆိုပါတိုင်များအားလုံးကို လဲလှယ်မည်ဆိုပါက ခန့်မှန်းကုန်ကျငွေမှာ စုစုပေါင်း ကျပ်ဝ.၅၆ ဘီလီယံခန့် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် နှစ်စဉ်ရရှိသည့် ရန်ပုံငွေပေါ်မူတည်၍ တစ်နှစ်လျှင် ကွန်ကရစ်တိုင် ၂၀၀၀ နှုန်းလဲလှယ်ခြင်းအတွက် ငွေကျပ်သန်း ၁၉၅ သန်းခန့်သာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
အခြားနှင့်တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအထိ ဝန်ကြီးဌာနပိုင် သစ်သားတိုင် ၁၅၈၇၂၉ တိုင်နှင့် သံတိုင် ၆၇၇၈၆ တိုင် စုစုပေါင်း ၂၂၆၅၁၅ တိုင်ကို ကွန်ကရစ်တိုင်ဖြင့် အစားထိုးလဲလှယ်ရန် ကျန်ရှိနေပြီး အဆိုပါလုပ်ငန်းအတွက် စုစုပေါင်းကုန်ကျငွေမှာ ၅၄.၀၂ ဘီလီယံခန့်သုံးစွဲသွားရမည် ဖြစ်ခြင်းကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှ နှစ်စဉ်ရရှိသည့် ခွဲဝေခွင့်ပြုနိုင်သော ဘဏ္ဍာငွေပေါ်မူတည်ပြီး ဝန်ကြီးဌာနပိုင် ဆွေးမြေ့သစ်သားတိုင်၊ သံတိုင်များကို ကွန်ကရစ်တိုင်ဖြင့် လဲလှယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာ တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တစ်နှစ်တည်း လဲလှယ်ပေးရန် အခက်အခဲရှိကြောင်း၊ အလုံမြို့နယ်တွင် သံတိုင် ၁၆၇ တိုင်ရှိပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် တွင် ကွန်ကရစ်တိုင် ၄၈ တိုင် လဲလှယ်ပြီးဖြစ်ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၂၇ တိုင် လဲလှယ်ပေးမည်ဖြစ်ပြီး ကျန်ရှိလဲလှယ်ရန် သံတိုင် ၉၂ တိုင်ကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အပြီး လဲလှယ်သွားနိုင်ရေး စီမံလျာထားသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်တိုင်များတွင် တယ်လီဖုန်းကြိုးများ သွယ်တန်းထားခြင်းကို ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ဝန်ကြီးဌာနသို့ သီးခြားပြောင်းလဲသွယ်တန်းပေးရန် ညှိနှိုင်းထားပြီး ဆက်သွယ်ရေး ဝန်ကြီးဌာန မှလည်း သီးခြားပြောင်းလဲသွယ်တန်းခြင်းလုပ်ငန်းကိုပါ ဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် ဟောင်းနွမ်းဆားဗစ်ကြိုး များ လဲလှယ်ရန်ကိစ္စသည် မီးသုံးသူများ၏ တာဝန်သာဖြစ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းများ အနေဖြင့် ဟောင်းနွမ်းနေသောကြိုးများကို လဲလှယ်ရန် သက်ဆိုင်ရာ မီးသုံးသူများထံသို့ အသိပေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
ဦးခိုင်မောင်ရည် (အလုံ) မှ ဆက်စပ်မေးမြန်းပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးနေရခြင်းများကို နားလည်ပါကြောင်းနှင့် လျှပ်စစ်ဝန်ကြီးဌာန၏ အချို့ကတိများ ကျန်ရှိနေခြင်းများကို လွှတ်တော်ကိုယ်စားလှယ်များက နားလည်ပေးထားပါကြောင်း၊ သို့သော် ဟောင်းနွမ်းနေခြင်းများကြောင့် မလိုလားအပ်သော အန္တရာယ်များတွင် လျှပ်စစ်ကို အရေးပေါ်ခေါ်ယူသော် လည်း ချက်ချင်းမရောက်ပါကြောင်းနှင့် ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ကြိုးများကြောင့် မီးလောင်မှုများ မကြာခဏဖြစ်ပွားရသည့်အပြင် လူသေမှုများအထိပါ ဖြစ်ပေါ်လာသည့်အတွက် လျှပ်စစ်အန္တရာယ်ရှိသော ကိစ္စများကို ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အန္တရာယ်ဖြစ်ပေါ်ပါက ချက်ချင်းဆောင်ရွက်ရန် အတွက် မိုးမကျမီ အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့အနေဖြင့် အရေးပေါ်အန္တရာယ်ရှိ ကိစ္စများ ပေါ်ပေါက်လာပါက အရေးပေါ်အနေဖြင့် ဆောင်ရွက်ပေးသွားရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိုးမကျမီ ဆောင်ရွက်ရမည့်လုပ်ငန်းကိုလည်း ရရှိရန်ပုံငွေမှ စိစစ်ပြီး ဆောင်ရွက်ပါမည် ဖြစ်ပါကြောင်း၊ ဆာဗစ်ကြိုးပေါက်ခြင်းကြောင့် ဖြစ်ပွားရခြင်းများကို ကာကွယ်ရန် အိမ်ရှင်တွေကို ဆားဗစ်ကြိုးလဲလှယ်ပေး ရန်အတွက် တစ်တိုင်းပြည်လုံးတွင် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တွင် ၆၀ ရာခိုင်နှုန်းကျော်ခန့်၊ နယ်တွင် ၇၀ ရာခိုင်နှုန်း ပြီးစီးဆောင်ရွက်ပြီးဖြစ်ပါကြောင့်နှင့် ဆက်လက်၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အိမ်တွင်း ဝါယာရှော့ ဖြစ်ပွားရခြင်းများသည် ကာယကံရှင်မီးသုံးသူများ၏ ဆောင်ရွက်ရမည့် တာဝန်ဖြစ်သည့်အတွက် မိမိတို့၏ အိမ်တွင်းတွင် လျှပ်စစ်ကျွမ်းကျင်သူများနှင့် ပြန်လည်စစ်ဆေးပြီး ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
