(င)-မချမ်းဘောမြို့နယ်ရှိထာခချောင်းရေအားလျှပ် စစ်စီမံကိန်းအားမည်သည့်အတိုင်းအတာထိဆောင် ရွက်နေသည်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၅.၃.၂၀၁၄)

ဦးယိန်းဘောမ် (ဝိုင်းမော်)ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် မချမ်းဘော မဲဆန္ဒနယ် ဦးအင်ဖုန်ဆန်းက မချမ်းဘောမြို့နယ် ထာခချောင်းရေ တံခွန်မှရေအား လျှပ်စစ်၊ ဓာတ်အားထုတ်လုပ်ရန်နှင့် စပ်လျဉ်းမေးမြန်းရာတွင် ထားခရေအား လျှပ်စစ်စီမံကိန်းသည် နိုင်ငံတော်၏ အထူးစီမံကိန်းအကောင်အထည် ဖော်ရေးအဖွဲ့မှ ခွင့်ပြုချက် ရရှိပြီးဖြစ် ကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော်ရန်ဖြစ်နိုင်ခြေကို စုံစမ်း လေ့လာစဉ် ကာလဖြစ်ကြောင်း၊  တိုင်းရင်းသားလုပ်ငန်းရှင် ကုမ္ပဏီတစ်ခုက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရေအားလျှပ်စစ် စီမံကိန်းဖြစ်လာအောင် ထာခချောင်းရေအား လျှပ်စစ်ကို အတိုင်းအတာတစ်ခုအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနက ဖြေကြားသွားပါကြောင်း၊  သို့သော် ယနေ့အချိန်အခါထိ အကောင်အထည်ဖော် လာခြင်း မရှိသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အဆိုပါ လုပ်ငန်းကို အကောင်အထည်ဖော်ပေးရန် အစီ အစဉ်ရှိ/မရှိ အကောင်အထည်ဖော်ဆောင်ရွက်မယ်ဆိုပါက  စတင်ဆောင်ရွက်မည့် ကာလကို လည်းကောင်း၊ မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်သန်းဦး
အဖြေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်သန်းဦးကချင်ပြည်နယ် ပူတာအိုမြို့မှ ၂၄ မိုင်ခန့်အကွာ ထန်ဂါရွာအနီးမှာတည်ရှိတဲ့ ထာခရေအားလျှပ်စစ် စီမံကိန်း ၆ မဂ္ဂါဝပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ထူးထရေးဒင်းကုမ္ပဏီလီမိတက်နှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ယခင်အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့သည် နားလည်မှုစာချွန်လွှာကို ၂၉-၁၂-၂၀၀၉ ရက်နေ့မှာ လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုကာ ၂၀၁၀ ခုနှစ်၊ ဖောဖော်ဝါရီလမှ စတင်၍ မြေပြင်တိုင်းတာခြင်း၊ ဘူမိဗေဒစူးစမ်းလေ့ လာခြင်း၊ ရေစီးရေလာ တိုင်းတာခြင်းလုပ်ငန်း များ ဆောင်ရွက်ပြီးနောက် စီမံကိန်းဆိုင်ရာ ဖြစ်မြောက်နိုင် စွမ်းလေ့လာမှု ဆိုင်ရာ အစီရင်ခံစာကို ၂၆-၆-၂၀၁၀ ရက်နေ့မှာ တင်ပြခဲ့ပါကြောင်း၊  အဆိုပါအစီရင်ခံစာတွင် စုစုပေါင်း ဓာတ်အားလိုင်းအရှည် ၄၄ မိုင် တည်ဆောက် ရမည်ဖြစ်ကာ   ကုန်ကျစရိတ်များပြားနိုင်ခြင်း၊ လမ်းပန်း ဆက်သွယ်မှု ခက်ခဲခြင်း၊ တည်ဆောက်ချိန်အနေဖြင့် ခန့်မှန်းသည်ထက်ကြာမြင့်နိုင်ခြင်း၊ အထူးသဖြင့် လျှပ်စစ်ဓာတ်အား လိုင်းသွယ်တန်း ရမည့် လမ်းအူကြောင်းသည်ရှည်လျားသည့်အပြင် သစ်တောထူထပ်ခြင်းနှင့် တောင်များကိုကျော်ဖြတ် သွယ်တန်း ရမှာဖြစ်သည့်အတွက် လက်တွေ့ဆောင်ရွက်ရန် အခက်အခဲများစွာ ရှိနေခြင်းများကြောင်‌့ ထာခရေးအား လျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်အခြေအနေ မရှိပါကြောင်း၊ သို့သော် ဒေသတွင်း လျှပ်စစ်မီးရရှိရေးအတွက် စက်တပ်ဆင်အင်အား ၈၀၀ ကီလိုဝပ်ရှိသည့် မူလာရှိးဒီး ရေအားလျှပ်စစ်စီမံကိန်းကိုသာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခင်လက်မှတ်ရေးထိုးပြီးဖြစ်သည့် ထာခရေ အားလျှပ်စစ်စီမံကိန်းဆိုင်ရာ MOUကို ပယ်ဖျက်ခွင့်ပြုပါရန်နှင့် ထာခရေအားလျှပ်စစ်စီမံကိန်း အစားဒေ သဖွံ့ဖြိုး တိုးတက်ရေးအတွက် စောလျင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် မူလာရှီးဒီးရေအား လျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖော်ဆောင် ရွက်ခွင့် ပြုပါရန်ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြခဲ့ရာ ၄-၈-၂၀၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေး အမှတ်စဉ် (၁၆/၂၀၁၁)မှ သဘောတူခွင့်ပြုခဲ့ပါ သဖြင့်  ထာခရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ MOU ကိုပယ်ဖျက်ပြီး ဖြစ်ပါကြောင်း၊ မူလာရှီးဒီးရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်သွားနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ  ထူးထရေးဒင်းကုမ္ပဏီ လီမိတက်သို့ ၂၀၁၁ ခုနှစ်၊ သြဂုတ်လပိုင်းကစတင် အကြောင်းကြားခဲ့ပြီး ဖြစ်ပါကြောင်းနှင့် အဆိုပါ စီမံကိန်းသည် စက်တပ်ဆင်အား ၈၀၀ ကီလိုဝပ်သာရှိသောကြောင့် သက်ဆိုင်ရာ ကချင်ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့်သာ ဆောင်ရွက်သွားရမည့်စီမံကိန်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။