ပုသိမ်-မုံရွာကားလမ်းဘေး တောင်ကုန်းပေါ်တွင် မြေဧက ၈၀ ကျော်ခန့်ရှိ တောင်ယာမြေ များပေါ်တွင် ပြည်တွင်းဖြစ်ရေနံချက်ဖိုကြီးများ ဆီတင် Boxer ကားကြီးများ၊ PRADOနှင့် လင်ခရူဇာကားများ စသည်ဖြင့် စက်မှုဇုန်ကြီးအလား တွေ့မြင်ရပါကြောင်း၊ အဆိုပါနေရာများရှိ ပြည်တွင်းဖြစ် ရေနံချက်ဖိုကြီးများတွင် နည်းပညာ ချို့တဲ့မှုကြောင့် လောင်စာထင်းကို အသုံးပြုကြပါကြောင်း၊ ထိုကဲ့သို့ အသုံးပြုရသော လောင်စာထင်း ကုန်ကျ မှုကို တွက်ချက်မည် ဆိုပါက ရေနံချက်ဖိုကြီး ၂၁ ဖိုအတွက် လောင်စာထင်းကုန်ကျမှုသည် တစ်နေ့လျှင် ကုဗပေ ပေါင်း ၇၅၆၀ ခန့် ကုန်ကျနေပါကြောင်း၊ ယခု တစ်လ နှစ်လအတွင်းမှာပင် အနီးပတ်ဝန်းကျင် တောင်များတွင် သစ်များ အကုန်ပြုန်းတီးကုန်ပါကြောင်း၊ အဆိုပါ ရေနံဖိုကြီး၏ ဘေးထွက်စွန့်ပစ္စည်းများ၏ အန္တရာယ်များသည် လည်း သဘာဝပတ်ဝန်းကျင်ကို များစွာ ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် ဒေသခံ မိဘပြည်သူများသည် အင်မတန် စိုးရိမ်နေကြပါကြောင်း၊ အထူးသဖြင့် စွန့်ပစ်ပစ္စည်းအများစုသည် တောင်ပေါ် အမြင့်တွင် ရှိနေခြင်း ကြောင့် အနီးအနား ကျေးရွာနယ်မြေသို့ တစ်နည်းနည်းဖြင့် ကျဆင်းလာမည်ကိုလည်း ဒေသခံများက အင်မတန် စိုးရိမ်ကြောင့်ကြနေပါကြောင်း၊ ရေနံလုပ်ငန်းရှင်များအတွက်မူ ရေနံ ချက်ဖိုတစ်ဖို သုံးရက်ချက်လုပ်ပါက တစ်ကြိမ်ကို သိန်း ၂၀ ခန့်မြတ်သည်ဟုလည်း သိရှိရပါကြောင်း၊ မိမိအနေဖြင့် မေးမြန်းလိုသည်မှာ (၁) ပြည်တွင်းဖြစ်ရေနံချက်လုပ်ငန်းခြင်းများရှိနေခြင်းကို နိုင်ငံတော်အစိုးရသိရခြင်း ရှိ/မရှိကို လည်းကောင်း၊ ရေနံချက်ဖိုများ အနေဖြင့် မည်သည့်ဝန်ကြီးဌာနများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည်လည်းကောင်း၊ (၂) တစ်နေ့လျှင် သစ်ကုဗပေ ၇၅၆၀ လောင်စာထင်းအဖြစ်အသုံးပြုနေ၍ သဘာဝပတ်ဝန်းကျင် ပျက်စီးနေမှုကို သိရှိ/မရှိကို လည်းကောင်း၊ (၃)ထင်းနှင့်အစားထိုးလောင်စာ အခြားလောင်စာမသုံးစွဲနိုင်ပါက စက်ရုံများကို ရပ်ဆိုင်းပေးထားပါရန် အစီအစဉ်ရှိ/မရှိကိုလည်းကောင်း၊ (၄)ရေနံချက်လုပ်ငန်းကြီးများအပေါ်မှ နိုင်ငံတော် အတွက် အခွန်ဘဏ္ဍာမည်မျှ ရရှိပါသည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် ငါးကတ်ကျကျေးရွာအုပ်စု (ပုသိမ်-မုံရွာကားလမ်းမဘေး) ယာမြေတောင်ကုန်းများပေါ်တွင် ပုဂ္ဂလိကပိုင် ပြည်တွင်းဖြစ်ရေနံချက်ဖို ၂၁ ခုခန့်ရှိနေခြင်းကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သိရှိပါကြောင်း၊ ၎င်းရေနံများသည် မကွေးတိုင်းဒေသကြီးအတွင်း ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သော လက်ယက်တွင်းများမှဖြစ်ပြီး မကွေးတိုင်းအတွင်း၌ နိုင်ငံတော်၏ အခွန်ငွေရရှိပြီးဖြစ်သည်ဟု သိရှိပါကြောင်း၊ ဧရာဝတီတိုင်းအတွင်း၌ ရေနံချက်ဖိုများ ခွင့်ပြုပေးခြင်းအားဖြင့် ရေနံချက်ဖိုတစ်ဖိုလျှင် အလုပ်သမား ၁၀ ဦးခန့် အလုပ်အကိုင်ရရှိကာ စုစုပေါင်းဒေသခံ ၂၀၀ ဦးခန့် အလုပ်အကိုင်ရရှိ ကြောင်း၊ ရေနံချက်ဖိုများမှရရှိလာသော လောင်စာဆီများကိုလည်း တိုင်းဒေသကြီးအတွင်းရှိ လယ်ယာကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကျေးလက်ဒေသများ ခရီးသွားလာရေးကဏ္ဍများတွင် ပြန်လည် အသုံးပြုရသဖြင့် ဒေသအတွက် များစွာအကျိုးဖြစ်ထွန်းမှုရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် တရားဝင် ဖွဲ့စည်းထားသော ဧရာဝတီတိုင်းဒေသကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို တစ်ပီပါလျှင် ၁၀၀၀ နှုန်းဖြင့်ပေးသွင်းစေပြီး လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ အဆိုပါဖောင်ဒေးရှင်းမှာလည်း တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် ဖွံ့ဖြိုးရေးကိစ္စများမှာ ဆောင်ရွက် အသုံးပြုသော ဖောင်ဒေးရှင်းတစ်ခုဖြစ်ပါကြောင်း၊
၁၄-၅-၂၀၁၄ ရက်နေ့များတွင် သတင်းစာရှင်းလင်းပွဲများပြုလုပ်ပြီး ရေနံချက်ဖိုများအား ဆန့်ကျင် ကန့်ကွက်သဖြင့် ၂-၆-၂၀၁၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီး ဦးဆောင်သောအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီးတော့ ထင်းဖြင့်အသုံးပြုခြင်းလုပ်ငန်းကို ရပ်ဆိုင်းထားခဲ့ပါကြောင်း၊ ယခုအချိန်အထိ လယ်ယာမြေများကို ထိခိုက်မှုမရှိကြောင်း၊ ယခုအခါ ထင်းမသုံးဘဲ ထင်းအစားထိုးလောင်စာ ဖြစ်သော စပါးခွံ၊ ကျောက်မီးသွေး အသုံးပြုရန် ညွှန်ကြားထားသည်အပြင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင်နှင့် လယ်ယာမြေများ ထိခိုက်မှုမရှိအောင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့များဖြင့် အမြဲမပြတ်စောင့်ကြည့် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ လက်ရှိဆောင်ရွက်နေသော ရေနံမြေများ၊ နိုင်ငံခြားကုမ္ပဏီတို့ဖြင့် စာချုပ်ချုပ်ဆိုဆောင်ရွက်သော လုပ်ကွက်များနှင့် လွှတ်ကင်းသည့် နေရာများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၅ နှင့် နိုင်ငံတော် စီးပွားရေးပိုင်လုပ်ငန်းဥပဒေ ပုဒ်မ ၃၊ ၄ တို့အရ နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့မှ အဆင့်ဆင့်ထောက်ခံတင်ပြချက် စည်းကမ်းသတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီပါက ပြည်ထောင်စု အစိုးရ အဖွဲ့၏ အမိန့်ကြော်ငြာစာဖြင့် ရေနံလက်ယက်တွင်းတိမ်များ ရှာဖွေတူးဖော်ထုတ်လုပ်ခွင့်ပြုမိန့်များ ထုတ် ပေးနိုင် ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့် နည်းတူ စွမ်းအင်ဝန်ကြီးဌာနနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများအကြား လုပ်ငန်းများ ခွဲဝေပိုင်းခြားဆောင်ရွက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၆ ဇယား ၁ နှင့် ပုဒ်မ ၁၈၈ ဇယား ၂ တို့ကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီး လိုအပ်သော ဥပဒေပြင်ဆင်ဖြည့်စွက်မှုနှင့် နည်းဥပဒေရေး ဆွဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ရေနံချက်ဖိုလုပ်ငန်းများနှင့်ပတ်သက် ပြီး စွမ်းအင်ဝန်ကြီးဌာန ဆောင်ရွက်မှုအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်သွားပါရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ညှိနှိုင်းအသိပေး အကြောင်းကြား ဆောင်ရွက် ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
အဆိုပါမေးခွန်းဖြေကြားချက်များနှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ သုံးသပ်ရာတွင်
ယခု မေးခွန်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များကိုပါရှိပါကြောင်း၊ မေးခွန်းကို ပြန်လည်ဖြေဆိုရာတွင်လည်း အဖြေများ မတိကျပါက နောက်ဆက်တွဲပြဿနာများလည်း ရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ယနေ့တွင် တိကျရေရာသော အဖြေမပေးနိုင်ပါက နောက်တစ်နေ့တွင် လွှတ်တော်၌ လာရောက်၍ အဖြေကို တိတိကျကျ ဖြေပေးရန်ဖြစ်ကြောင်း ပြောကြားပါသည်။
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် ထင်းသုံးစွဲမှုကို လုပ်ငန်းကို ရပ်ဆိုင်းထားပြီးပြီဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ
ရနံချက်လုပ်ခြင်းနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများအရ ခွင့်ပြုထားပြီး ဖြစ်ကြောင်းဟုတ်/ မဟုတ်ကို မေးမြန်းပါသည်။
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်
မိမိတို့ ဥပဒေအရ (1934 Petroleum Act) အပေါ်တွင် အခြေခံပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေကို ရေးဆွဲထားပြီးဖြစ်ပါကြောင်းနှင့် ယင်းဥပဒေ၏ သဘောထားမှတ်ချက်ကိုလည်း ရှေ့နေချုပ်ရုံးကို မိမိတို့ တင်ပြထားပါကြောင်း၊ ၎င်း၏ နည်းဥပဒေဖြစ်သော ချက်လုပ်ခြင်းနှင့် ပတ်သက်ပြီး အသေးစိတ်ပါဝင်သော နည်းဥပဒေအပိုင်းကို့ ရေးဆွဲပြုစုဆောင်ရွက်ဆဲ ဖြစ်ပါကြောင်းပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
တည်ဆဲဥပဒေအရ အကျိုးသက်ရောက်မှုမည်သို့ရှိသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်
ချက်လုပ်ခြင်းကဏ္ဍသည် အနည်းငယ် ကျယ်ပြန့်ပါကြောင်း၊ ရေနံထွက်ပစ္စည်းချက်လုပ်ခြင်းသည် နံပါတ်(၁) အနေဖြင့် အရည်အသွေး ကောင်းမွန်ရန် လိုပါကြောင်း၊ ယခုလုပ်ဆောင်ချက်များတွင်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် ရည်ရွယ်ချက်ကောင်းဖြင့် လုပ်ဆောင်နေသည်မှာ မှန်ကန်ပါကြောင်း၊ ရေနံချက်လုပ်ရာတွင်လည်း နည်းစဉ် များရှိရန် ခေတ်မီသော နည်းစဉ်များနှင့် ချက်လုပ်ရန်လိုအပ်သည့်အတွက် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီဖြစ်ရန် နည်းဥပဒေထဲတွင် Technical အပိုင်းများ အစ ပါဝင်ပြီး ဆွေးနွေး ပြုစု ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
မေးခွန်းများ မေမြန်းဖြေကြားရာတွင် မေးခွန်း၏ ရည်ရွယ်ချက်ပေါ်မူတည်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက လည်း တိကျသော အဖြေ တစ်နည်းအားဖြင့်ကတိကဝတ်ပြုနိုင် သော အဖြေမျိုးသာ ဖြစ်စေချင်ပါကြောင်း၊ ယခုအဖြေသည် ကတိကဝတ်ဖြစ်မြောက်ခြင်း မရှိသကဲ့သို့ဖြစ်နေပြီး တစ်ဖက်ကလည်း မတိကျခြင်းကြောင့်ပြန်လည် အဖြေပေးစေလိုပါကြောင်း၊ ဆောင်ရွက်မည့် ကိစ္စများကိုလည်း တိတိကျကျဖြစ်သွားမှပင် အားလုံးအတွက် အဆင်ပြေ မည်ဖြစ်ခြင်းကြောင့် မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် တိကျသော အဖြေ ကတိကဝတ်ဖြစ်စေသောကိစ္စများကို ပြန်လည်ဖြေကြားပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့တ့ို ပြန်လည်တိုက်တွန်း ပါကြောင်းဖြင့် ပြောကြားပါသည်။
