(ဆ)-ခန္တီးလေယာဉ်ကွင်းအား သင့်တော်သည့်အ တိုင်းအတာထိ တိုးချဲ့ဆောက်လုပ်ရန် အစီအစဉ် ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၂၀.၆.၂၀၁၄)

ဦးလှထွန်း (ခန္တီး)ခန္တီးလေယာဉ်ကွင်းကို ၁၉၅၂ ခုနှစ် တွင် စတင်ဖောက်လုပ်ခဲ့ပြီး မြစ်ကျောက်စရစ်ခင်းသည့်  ကွင်းဖြစ်ပါသည်။ အကျယ် ၁၀၀ ပေ အလျား ၄၂၀၀ ပေဖြစ်ပြီး ထိုကွင်းကို ၂၀၀၄-၂၀၀၅ ခုနှစ်မှစပြီး ၂၀၀၇-၂၀၀၈ ခုနှစ် အထိ ပေ ၂၅၀၀ ထပ်မံတိုးချဲ့ဖောက်လုပ်ပေးပြီး ကတ္တရာခင်းကွင်း အဖြစ်ဖောက်လုပ်ပေးခဲ့သည့်အတွက်  ယခုအချိန်တွင်ရာသီမရွေး လေယာဉ်တက်ဆင်းနိုင်ပြီဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် လေယာဉ်ကွင်း ထပ်မံတိုးချဲ့ခြင်း၏ မူလရည်မှန်းချက်မှာ ပေ ၁၂၀၀၀ ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ထမံသီရေအားလျှပ်စစ်စီမံကိန်း စတင်တည်ဆောက်မည်ဖြစ်ပြီး ဆည်တည်ဆောက်မည့်နေရာတွင် ကျရောက်သောကျေးရွာများကိုလည်း ပြောင်းရွှေ့နေရသည့် အချိန်ဖြစ်ပါကြောင်း၊ ခန္တီးလေယာဉ်ကွင်းကို ပေ ၁၂၀၀၀ ဆောက်လုပ်မည်ဆိုပါက ကွင်း၏တစ်ဝက်သည် အဲဒီဆည်၏ ရေဝပ်ဧရိယာတွင် ကျရောက်မည်ဖြစ်ပြီး ရေလယ်ခေါင်တွင် ကျွန်းသဖွယ် ဖြစ်နေသည့်အတွက် ပေ ၆၇၀၀ ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရပါသည်။

ယခုအခါ ထမံသီရေအားလျှပ်စစ် စီမံကိန်းသည်လည်း ဆိုင်းငံ့ထားခြင်း၊ ခန္တီးမြို့နယ်၊ လဟယ်မြို့နယ်အပြင် ထန်ပါခွေမြို့နယ်ခွဲ၊ ဒုံဟီးမြို့ နယ်ခွဲများ တိုးချဲ့လိုက်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ ပိုမိုများပြားလာခြင်း၊ ခရီးသွား ပြည်သူများများလာခြင်း၊ နယ်စပ်ဒေသတည်ငြိမ်နေပြီဖြစ်သည့် အတွက်ကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ များပြားလာခြင်းတို့ကြောင့် ၄၂ ဦး ဆံ့လေယာဉ်များနှင့် မလုံလောက်ခြင်းတို့ကြောင့် ၇၂ ဦးဆံ့လေယာဉ်များ ပြေးဆွဲနေရပါသည်။ ၎င်း ၇၂ ဦးလေယာဉ်များ တက်ဆင်းသည့်အခါ ကွင်း၏ အလျားတိုသည့်အတွက်ကြောင့် ရံဖန်ရံခါအခက်အခဲကြုံတွေ့ရပါကြောင်း၊ ၎င်းအပြင် ခန္တီးလေယာဉ်ကွင်း နယ်စပ် ဒေသလုံခြုံရေးအတွက် အင်မတန်မှ အရေးကြီးအချက်အချာကျသည့် ကွင်းလည်းဖြစ်နေပါသည် သို့ဖြစ်ပါ၍ ခန္တီးလေယာဉ်ကွင်းပြေးလမ်းအား သင်တော့်သည့်အတိုင်းအတာအထိ တိုးချဲ့ ဖောက်လုပ်ရန် အစီအစဉ်ရှိ/ မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ လေယာဉ်ကွင်း၏ မူလပြေးလမ်းသည် အလျား ၄၂၀၀ ပေ၊ အကျယ် ၁၀၀ ပေရှိပြီး ကျောက်ရောမြေကြီး ပြေးလမ်းအမျိုးအစားဖြစ်ပါသည် လေယာဉ်ပြေးလမ်းကို အလျား ၁၀၀၀ ပေ၊ ကျောက်ကတ္တရာ ခင်းပြေးလမ်းအမျိုးအစားရရှိအောင် စီမံကိန်းရည်မှန်းချက်ထား၍ ပြေးလမ်းတိုးချဲ့ခြင်းနှင့် မူလ လေယာဉ်ပြေးလမ်းကို ကျောက်ကတ္တရာ ထပ်ပိုးလွှာတင်ခြင်းလုပ်ငန်းများကို ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေး နှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်မှာ ပြေးလမ်းအလျား ၆၀၀၀ ကျော်ရရှိခဲ့ပါသည် တိုးချဲ့ရန်ကျန်ရှိသည့် အလျား ၄၀၀၀ ပေ၊ ပြေးလမ်းတာဘောင်ပိုင်း ထမံသီဆည် ရေဝပ် ဧရိယာတွင် ကျရောက်မည်ဖြစ်ပြီး တည်ဆောက်ရမည့် တာဘောင်အမြင့် ၁၈၃ ပေရှိသည့်အနက် ၁၃၃ ပေမှာ ရေအောက်တွင် နစ်မြှုပ်နေပြီဖြစ်ပြီး ပြေးလမ်းတာဘောင်အတွင်းသို့ ဆည်ရေစိမ့်ဝင်မှု ဖိအားသည်ရေနှင့် ထိစပ်ဧရိယာတိုင်း ရေစိမ့်ဝင်မှုတူညီခြင်းမရှိသည့်အတွက် Slip Cycle အတွင်း ရောက်ရှိကာ ပြေးလမ်းတာ ဘောင်ပြိုကျနိုင်သည့်အတွက် တိုးချဲ့ခြင်းလုပ်ငန်းကို ထိုအချိန်တွင် ရပ်ဆိုင်းခဲ့ရပါကြောင်း၊ လက်ရှိ ခန္တီးလေယာဉ်ပြေးလမ်း အလျား ၆၀၀၀ ပေ၊ အကျယ် ၁၀၀ ပေ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ် International Civil Emulation Organization က သတ်မှတ်ထားသော စံနှုန်းအရ ပြည်တွင်း လေကြောင်းလိုင်းများ အသုံးပြုလျက်ရှိသည့် လေယာဉ်အမျိုးအစား ဖြစ်ပြီး Area 72, Area 42 လေယာဉ်များ ဆင်းသက်လုံလောက်မှုရှိပါကြောင်း၊

ခန္တီးလေဆိပ်၏ တစ်နှစ်ခရီးသည်အဝင်/အထွက် အသုံးချမှုသည် ၂၀၁၃ ခုနှစ်တွင် ၁၁၉၇၂ ဦးသာ ရှိပါသည် ခရီးသည်ပမာဏနှင့် အသုံးပြုသည့် လေယာဉ်အမျိုးအစား လုံလောက်မှုရှိပါသဖြင့် လေယာဉ်ပြေးလမ်း ထပ်မံတိုးချဲ့ရန် လိုအပ်မှုမရှိသေးကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေသည် ခန္တီးလေယာဉ်ပြေးလမ်း တိုးချဲ့တည်ဆောက်ရန် ရန်ပုံငွေခွင့်ပြုထားခြင်း၊ တောင်းခံထားခြင်း မရှိပါကြောင်း၊ သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးလေယာဉ်ပြေးလမ်း တိုးချဲ့ရခြင်း လုပ်ငန်းအား ဆောင်ရွက်ရန် အစီအစဉ်မရှိ သေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။