ယခုအစိုးရလက်ထက်တွင် ယခင်အစိုးရများနည်းတူ ဘဏ္ဍာနှစ်အလိုက် စီမံကိန်း များ ဆောင်ရွက်မှု၊ ဘဏ္ဍာငွေ သုံးစွဲမှု၊ နှစ်အလိုက်ဘဏ္ဍာငွေရသုံးများကို လွှတ်တော်သို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ အမျိုးသား စီမံကိန်း နှစ်ပတ် လည် အစီရင်ခံစာကို ထပ်ဆင့်ဖြင့် ထုတ်ပြန်သည်ကိုလည်း ကြားသိရ ပါကြောင်း၊ ယခင် အစိုးရများ လက်ထက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် ဘဏ္ဍာနှစ် အလိုက် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး အခြေ အနေများ တင်ပြချက်ကို အမှန်စာရင်း၊ ရှေ့ပြေးအမှန်စာရင်း၊ ယာယီစာရင်း တင်ပြချက်များနှင်အညီပြုစုပြီး ထုတ်ပြန်သည်ကို လေ့လာမှတ်သားခဲ့ရပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် ယခင် အစိုးရများထုတ်ပြန်သကဲ့သို့ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးတင်ပြချက်များကို ရှင်းလင်းလွယ် ကူသော၊ ပြည်သူများ အလွယ်တကူတင်ပြနိုင်သော ပညာရပ်ဆိုင်ရာ ရေးသားချက်များမဟုတ်သော ပကတိ အခြေအနေများကို ဖော်ပြသော တင်ပြချက်များ နှစ်အလိုက် ထုတ်ပြန်ရန်ရှိ/မရှိ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ပြုစုသော စီမံကိန်းနှစ်ပတ်လည်အစီရင်ခံစာတွင် ယခင်အစိုးရများလက်ထက်က တင်ပြခဲ့သော ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ တင်ပြချက်များအတိုင်း ခြုံငုံသုံးသပ်မှုရှိ/မရှိနှင့် ၎င်းထက် ပိုမိုပြည့်စုံစွာ တင်ပြထားသည်ဟု ယူဆပါက ကန့်သတ်အဆင့်မှပယ်ဖျက်ပြီး ပြည်သူများကို ယခင်ကကဲ့သို့ ထုတ်ပြန်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးတိုးတက်မှုများ ကို ခေတ်စနစ် အလိုက် ပြုစု တင်ပြရာတွင် ၁၉၆၂ ခုနှစ်မှ ၁၉၇၃-၁၉၇၄ ဘဏ္ဍာနှစ် အထိ ပြည်သူများထံသို့ အစီရင်ခံစာအဖြစ် ပြုစုတင်ပြခဲ့ပါကြောင်း၊ ၁၉၇၄-၁၉၇၅ ဘဏ္ဍာနှစ်မှ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်အထိ ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ အဖြစ် ပြုစုတင်ပြခဲ့ပြီး ၁၉၈၉-၁၉၉၀ ဘဏ္ဍာနှစ်မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အထိ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ တင်ပြချက်များ အဖြစ် ပြောင်းလဲပြုစု တင်ပြခဲ့ပါကြောင်း၊ နှစ်စဉ် စီမံကိန်း အစီရင်ခံစာများကို ၁၉၉၇- ၁၉၉၈ ဘဏ္ဍာနှစ်အထိ စာပေဗိမာန်မှ တစ်ဆင့် ပြည်သူများကို ဖြန့်ဖြူးရောင်းချခဲ့သော် လည်း နောက် ပိုင်းနှစ်များ တွင် ပြည်သူများကို ထုတ်ပြန်ခြင်းမရှိဘဲ ဌာနတွင်း အသုံးပြုရန်အတွက် သာ ဆောင်ရွက်ခဲ့ပါကြောင်း။
ယခုအစိုးရလက်ထက် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတင်ပြချက်အစီရင်ခံစာဟု ပြုစုခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြခဲ့ပါ ကြောင်း၊ ထို့နောက် ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလတွင် ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးကို တင်ပြခဲ့ရာတွင် ပြည်ထောင်စုလွှတ်တော်မှ မှတ်တမ်းတင်ထားရှိခဲ့ပြီး အဆိုပါအစီရင်ခံစာ စာအုပ်ကို အများပြည်သူဝယ်ယူနိုင်ရန် မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေဗိမာန်မှတစ်ဆင့် ရောင်းချခဲ့ပါကြောင်း။
၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် အစီရင်ခံစာကို ၂၀၁၁-၁၂ ဘဏ္ဍာနှစ် အစီရင်ခံစာ တင်ပြစဉ်က လွှတ်တော် ကိုယ်စားလှယ်အချို့၏ ဆွေးနွေးချက်အရ အမည်ပြောင်းလဲပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်၊ အမျိုးသား စီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာဟု ပြုစုပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြခဲ့ပါကြောင်း၊ တင်ပြပါအစီရင် ခံစာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒများ၊ ပြုပြင်ပြောင်းလဲမှုများ၊ မက်ခရိုစီးပွားရေးအခြေအနေ၊ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးအခြေအနေ၊ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ရသုံးမှန်းခြေငွေစာရင်း၊ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ဆောင်ရွက်နိုင်မှု၊ ကဏ္ဍစီမံကိန်းနှင့် ပြည်သူ့ဘဏ္ဍာရေး၊ ဒေသန္တရစီမံကိန်းများနှင့် ပြည်သူ့ ဘဏ္ဍာရေး၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ အထူးစီးပွားရေး ဇုန်များနှင့် ဆောင်ရွက်မှု အခြေ အနေ၊ ပြည်ပအကူအညီ အထောက်အပံ့ရရှိ မှု၊ ပြည်ပစီးပွားရေး ဆက်ဆံမှုများနှင့် မြန်မာနိုင်ငံ၏အလားအလာ တို့်ဖြင့် အခန်းပေါင်း ၁၁ ခန်းဖြင့် နိုင်ငံတော်၏ ဖြစ်ပေါ်နေသော ပကတိအခြေအနေကို ခြုံငုံသုံးသပ် ဖော်ပြ ထားပါကြောင်း၊ မှတ်တမ်းတင်နိုင်ပါရန် ပြည်ထောင်စုလွှတ်တော်ကို မိမိတို့ အများပြည်သူ ကို ဖြန့်ဖြူးထုတ်ပြန် သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကောင်အထည်ဖော်မှုများကို ထင်ဟပ်ဖော်ပြသော အမျိုးသားစီမံကိန်းနှစ်ပတ်လည်အစီရင်ခံစာများကို ဘဏ္ဍာနှစ်များအလိုက် ပြုစု တင်ပြပြီး ပြည်သူသို့ နှစ်စဉ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
