(ဂ)-သောက်သုံးရေရရှိရေးဖြစ်သော ရေစုကန် တူးဖော်ခြင်းနှင့် တမူးမြို့ ရေပေးဝေရေး လုပ်ငန်းများ၊ မြို့တွင်းလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းများကိုမည်သို့စီမံဆောင်ရွက် ပေးမည် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၂)ရက်မြောက်နေ့ (၄.၂.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

တမူးမြို့သည် နွေရာသီတွင် သောက်သုံးရေခက်ခဲလျက်ရှိပြီး တစ်နှစ်ထက် တစ်နှစ် ရေပြတ်လပ်မှုများ ကြုံတွေ့နေရပါကြောင်း၊ သောက်သုံးရေအတွက် မြို့မရပ်ကွက် မြို့မသာသနာ့ရိပ်သာတွင်ရှိသော နတ်ရေကန် ကို ပြည်သူများ အားကိုးအားထားပြုနေကြရသည့်အတွက် ၎င်းကန်အနီးတွင် နွေရာသီတွင် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရန်အတွက် ကန်ကြီးတစ်ကန် တူးဖော်ဆောင်ရွက်နိုင်ရေး တင်ပြခဲ့ကြပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိန်း ၁၀၀ ဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်းကိုလည်း တင်ပြထားပါကြောင်း၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးအပြီး ပြည်ထောင်စုလွှတ်တော်နာယက ချင်းပြည်နယ်ခရီးစဉ်၊ ကလေးမြို့လူထု တွေ့ဆုံပွဲတွင် တမူးမြို့မြို့နယ် အထောက်အကူပြု ကော်မတီအတွင်းရေးမှူးမှ တမူးမြို့ရေပေးဝေရေးလုပ်ငန်း အား ဆောင်ရွက်ပေးရန် တင်ပြခဲ့သော်လည်း ယခုအချိန်ထိ စီစဉ်ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ဆက်လက်တင်ပြရခြင်းဖြစ်ပါကြောင်း၊  တမူးမြို့ ရေပေးဝေရေးလုပ်ငန်းနှင့် တမူးမြို့အတွင်း ကတ္တရာလမ်း ၄ မိုင် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ရန်ပုံငွေလျာထားရရှိနိုင်ရေး တင်ပြဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့သော်လည်း ယခုအချိန်ထိ တိုင်းဒေသကြီးအစိုးရဘတ်ဂျက်၊ နယ်စပ်ရေးရာဘတ်ဂျက်များတွင် လျာထားပေးခဲ့ခြင်း မရှိပါကြောင်း၊ သောက်သုံးရေ ရရှိရေးအတွက် တမူးမြို့ ရေပေးဝေရေးလုပ်ငန်းနှင့် မြို့တွင်းလမ်းကတ္တရာခင်းခြင်းတို့အား မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း
အဖြေ
ဖြေကြားချက် 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သောက်သုံးရေရရှိရေးအတွက် ရေစုကန်တူးဖော်ခြင်းနှင့် တမူးမြို့၊ ရေပေးရေးလုပ်ငန်းများ၊ မြို့တွင်းလမ်းများ ကတ္တရာခင်းခြင်းလုပ်ငန်းတို့နှင့် ပတ်သက်၍ ကတ္တရာခင်းခြင်းလုပ်ငန်း ၄ မိုင် ကို ၂၀၁၅- ၁၆ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၃၁၆.၂ သန်းနှင့် ဆောင်ရွက်ရန် လျာထားပြီး ဖြစ်ပါကြောင်း၊ သောက်သုံးရေရရှိရေးအတွက် မြို့မသာသနာ့ရိပ်သာအနီး ရေကန်တူးဖော်ခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် အများသုံး သောက်သုံး ရေကန်ပြုပြင်ခြင်း (၁၀x၁၁x၇) ပေ အား ကျပ်သိန်း၂၀ ဖြင့် ဆောင်ရွက်ရန် လျာထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။