ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မင်းလှ၊ ကင်းတောင်း၊ ညောင်လွယ်၊ စတောင်၊ အင်းတော်၊ ရွာမမြို့မအစရှိသည့်နေရာများတွင် အာဆီယံ/အာရှ လမ်းမကြီးကို ပေ ၃၀၀ သတ်မှတ်ပြီး လမ်းဘေးဝဲယာ တစ်လျှောက်ရှိ နေအိမ်ခြံဝန်းများ၊ အဆောက် အဦများ၊ လမ်းဘေးရှိ လူနေအိမ်၊ ခြံဝန်းအဆောက်အဦများ ကျူးကျော်သတ်မှတ်ခြင်း တို့ကြောင့် ဒေသခံများအနေဖြင့် အခက်အခဲ၊ အကြပ်အတည်းများ ရင်ဆိုင်နေ ရပါကြောင်း၊ အစိုးရအဖွဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ တကာစာချုပ် စည်းကမ်းများအရ အာဆီယံ/အာရှလမ်းကို အဆင့်မြင့်သည့်အခါမှာ လမ်းဧရိယာကို တိုးချဲ့သတ်မှတ်ခြင်း ဖြစ်နိုင်ပါကြောင်း၊ ပြည်သူများကို ရှင်းလင်းတင်ပြသည့် အခါတွင် ပြည်သူများသည် ရှေးယခင်တည်းက နေထိုင်လာခဲ့ကြပြီး အာဆီယံ/အာရှ AH1 လမ်းကို ယနေ့လူများနေထိုင်သော နေအိမ်ခြံဝန်းများကို ရှောင်ကွင်းပြီးမှ ယခု ရန်ကုန်-မန္တလေးအဝေးပြေး လမ်မသစ်ကြီးသို့ သီးခြားဖောက်လုပ်သင့်ကြောင်းနှင့် ယခင်အတိုင်း လူနေအိမ်ခြေနေ ရာများကို စုစုပေါင်းလမ်းအကျယ် ပေ ၁၀၀ အဖြစ်သတ်မှတ်သင့်ကြောင်း၊ ယခု လမ်းတစ်ဖက်အကျယ်ကို ၁၁၅ ပေဟုသတ်မှတ်ပြီး ပေ ၂၃၀ အကျယ် နယ်နိမိတ်ကျောက်တိုင်များ စိုက်ထူရန်ညွှန်ကြားထားကြောင်း သိရှိရပါသည်။ လမ်းမကြီးဥပဒေကြမ်းကိုလည်း လွှတ်တော်တွင် တင်ပြလာ ထားပြီးဖြစ်ပါကြောင်း၊ ပြည်သူများ အနေဖြင့် ဥပဒေကြမ်းပါအတိုင်း တရားစွဲဆိုခံရပြီး ထောင်ဒဏ်များကြခံရမည့် အနေအထားမျိုးရှိနေပါကြောင်း၊ မိမိတို့ ပျော်ဘွယ်မြို့တွင် အာဆီယံ/အာရှလမ်းမကြီး AH1 လမ်းမကြီး ဖြတ်သန်းသွားရာ လမ်းဘေးဝဲယာ တစ်လျှောက် ကျေးရွာများရှိ လူနေအိမ်ခြေများကို လမ်းအကျယ် ပေ ၃၀၀ ဟုသတ်မှတ်သဖြင့် ယခင်နှစ်ပေါင်းများ စွာကတည်းက တည်ရှိခဲ့သော လူနေအိမ်ခြံဝန်းများ အဆောက်အဦများကို ကျူးကျော်သတ်မှတ်ပြီး ဖယ်ရှားရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြောင်းကြားလာသောကြောင့် ပြည်သူလူထုမှ အခက်အခဲများ စွာကြုံတွေ့နေရပါကြောင်း၊ အာဆီယံ/အာရှလမ်းမကြီး AH1 သည် ယခုမှ ပေါ် ပေါက်လာပြီး လမ်းအကျယ် ပေ ၃၀၀ ဟုသတ်မှတ်ကာ ပြည်သူများကို ကျူးကျော်မှုသတ်မှတ်ခြင်းသည် တရားမျှတခြင်းမရှိပါကြောင်း၊ လမ်းဘေးဝဲယာရှိ စိုက်ပျိုးနေသည့် လယ်ယာမြေများသည်လည်း ယခင်က တည်းက လုပ်ကိုင်ခဲ့ကြခြင်း၊ လယ်ယာမြေလုပ်ကိုင်မှု လက်မှတ်များကိုလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တရားဝင် ထုတ်ပေးထားခြင်းများရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အာဆီယံ/အာရှလမ်းမကြီးကို ယခု ရန်ကုန်-မန္တလေးအဝေးပြေးလမ်းမသစ်ကြီးကဲ့သို့ လူနေမြို့/ရွာ များကို ရှောင်ကွင်း၍ ဆောက်လုပ်သင့်ကြောင်း သို့မဟုတ် လက်ရှိလမ်းမအကျယ်အတိုင်း ထားရှိရန်သတ်မှတ် သင့်ကြောင်း တင်ပြလာပါ သဖြင့် နိုင်ငံတော်အစိုးရ၊ ဆောက် လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏တင်ပြချက်အပေါ် မည်ကဲ့သို့စီစဉ်ပေး မည်ဖြစ်ကြောင်း မေးမြန်းပါ သည်။
ပျော်ဘွယ်မြို့ရှိ အာဆီယံ/အာရှလမ်းမကြီး AH1 လမ်းမကြီးကို ယခုရန်ကုန်-မန္တလေးအဝေးပြေး လမ်းမသစ်ကဲ့သို့ လူနေမြို့ရွာများကို ရှောင်ကွင်း၍ ဖောက်လုပ် သင့်ကြောင်း သို့မဟုတ် လက်ရှိလမ်းမအကျယ်အဝန်း အတိုင်းအတာ ထားရှိသတ်မှတ်သင့်ကြောင်း နိုင်ငံတော်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူများ၏ တင်ပြချက်အပေါ် မိမိတို့အနေနှင့် ထပ်မံပြီးအသေး စိတ် ပြန်လည်ရှင်းလင်းတင်ပြရလျှင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းတွင်ရှိသော ရန်ကုန်-ပဲခူး-မိတ္ထီလာ-မန္တလေးလမ်းသည် အာဆီယံ/အာရှလမ်းမကြီး AH1 တွင်ပါဝင်မည်ဖြစ်ပါကြောင်း၊ ထိုအပိုင်းကို ယုဇနဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်သို့ ၁-၁၀-၂၀၀၂ ခုနှစ်ကစတင်ပြီးတော့ BOT စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း၊ ယခုအခါတွင် ယုဇနဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ပျော်ဘွယ်မြို့တွင်း လမ်းကို ၄၈ ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိပြီး ကျန်လမ်းအပိုင်းများ ကိုလည်း ၄၈ ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်း လုပ်ငန်းဆောင်ရွက်ရန်စီစဉ်ထားပါကြောင်း၊ မိမိတို့ သတ်မှတ်ထားသော ADD အရ စံနှုန်းများ၊ ခရီးသွား လာသော မော်တော်ကားအရေအတွက်များ မြင့်တက်လာသည့်အတွက် လမ်းများကိုချဲ့ထွင်ပေး ရခြင်း ဖြစ် ပါကြောင်း၊ အာဆီယံ/အာရှ လမ်းမကြီးများကို မူလက လမ်းနယ်နိမိတ်ကို ၃၀၀ ပေ သတ်မှတ်ခဲ့သော်လည်း တိုင်းဒေသကြီး/ ပြည်နယ်အတွင်းမှာရှိသော လမ်းနယ်နိမိတ်များကို ASIAN, ASEAN & GMS လမ်းအဆင့် အတန်းများနှင့်အညီ သတ်မှတ်ဆောင်ရွက်မည် ဖြစ်သည့်အတွက် အာဆီယံ/အာရှ လမ်းမကြီးများ၏ လမ်းနယ်နိမိတ်ကို ၂၃၀ ပေ (၇၀ မီတာ) သတ်မှတ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီမှ တစ်ဆင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၄) မှ သဘောတူ အတည်ပြုသတ်မှတ်ခဲ့ပါကြောင်း၊ အာဆီယံ/အာရှ လမ်းမကြီးများ၏ နယ်နိမိတ်ကို ၂၃၀ ပေ သတ်မှတ်ထားရှိပြီး မြို့တွင်းလမ်းများ တိုးချဲ့ရာတွင် မူလလမ်းတည်ဆောက်ပြီး ဆောက်လုပ်ထားသော အဆောက်အဦများကို ဖယ်ရှားဆောင်ရွက်ပြီး လမ်း မတည်ဆောက်မီက ဆောက်လုပ်ထားသော အဆောက်အဦ များကို ဖယ်ရှားခြင်းမပြုဘဲထားရှိရန် မူချမှတ်ထားပါကြောင်း၊ ထို့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းမကြီးများဥပဒေ ပုဒ်မ ၁၀ တွင် ဖြည့်စွက်ချက်များအဖြစ် မြို့ရွာများကို ဖြတ်သန်းဖောက်လုပ်သည့် လမ်းမကြီးများ၏ နယ်နိမိတ်များကို သတ်မှတ်ရာတွင် လိုက်နာဆောင်ရွက်သွားရန်အတွက် ၂၆-၂-၂၀၁၄ နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖြည့်စွက်ချက်များ အတည်ပြုပြီးဖြစ်ပါကြောင်း၊ ၎င်းဖြည့်စွက်ချက်များမှ(၁) မြို့တွင်း၊ ရွာတွင်း နေအိမ်အဆောက်အဦများ တည်ရှိမှုအခြေအနေ၊ (၂) တည်ဆောက်ပြီးသော အချိန်ကာလ၊ (၃) မြို့ပြဖွံ့ဖြိုးမှု အခြေအနေ၊ (၄) အခြားတည်ဆဲမြို့ပြ ဆိုင်ရာဥပဒေများ၏ အကျိုးသက်ရောက်မှုတို့ကို ထည့်သွင်းစဉ်းစား၍ သတ်မှတ်သွားမည်ဖြစ်ပါကြောင်း၊ လမ်းနယ်နိမိတ်ကို အထက်ပါအတိုင်း သတ်မှတ်ထား သော်လည်း မြို့တွင်းနေရာများတွင် အနည်းဆုံး လိုအပ်ချက်အတိုင်း သာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း နှင့် မြို့ကြီးများ၏ လိုအပ်သောနေရာများတွင် ရှောင်ကွင်းလမ်း များ ဖောက်လုပ်ရေးကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ် ပါကြောင်း ဖြေကြားပါသည်။
