(ဂ)-မြို့နယ်စာရင်းစစ်အရာရှိအဆင့်အားရာထူး တိုးမြှင့်သတ်မှတ်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၂၀.၆.၂၀၁၄)

မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းဖွဲ့စည်းပုံများတွင် မြို့နယ်အကြီးအကဲများကို လက်ထောက်ညွှန်ကြားရေးမှူး အဆင့် သတ်မှတ်ထားပြီး မြို့နယ်အဆင့် စာရင်းစစ်ရုံးတွင် လက်ထောက် ညွှန်ကြားရေးမှူးအဆင့် သတ်မှတ် ပေးထားခြင်း မရှိသည့်အတွက် မြို့နယ် စာရင်းစစ်အရာရှိက အခြားဌာနဆိုင်ရာများနှင့် ပတ်သက်သော စာရင်းအင်းများကို စစ်ဆေးရာတွင် မိမိထက်ရာထူးတာဝန်မြင့်သူကို စစ်ဆေးနေရသကဲ့သို့ ဖြစ်နေပါကြောင်း၊ ထိုကြောင့် မြို့နယ်စာရင်းစစ်အရာရှိကို လက်ထောက်     ညွှန်ကြားရေးမှူးတာဝန် တိုးမြှင့်သတ်မှတ်ပေးနိုင်ခဲ့ ပါက မြို့နယ်အဆင့် အခြားသောဌာနဆိုင်ရာ အကြီးအကဲများနှင့် ရာထူးအဆင့် တူညီမည်ဖြစ်ခြင်းကြောင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ပိုမို အဆင်ပြေနိုင်မည် ဖြစ်ပါကြောင်း။ ထို့ကြောင့် မြို့နယ်စာရင်းစစ် ရုံးများတွင် မြို့နယ်စာရင်းစစ်အရာရှိအား လက်ထောက်ညွှန်ကြားရေးမှူးအဆင့် တိုးမြှင့်သတ်မှတ်ပေးနိုင်ရန် အစီ အစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဒုတိယစာရင်းစစ်ချုပ်၊ ဦးမျိုးမြင့်
အဖြေ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဒုတိယစာရင်းစစ်ချုပ်၊ ဦးမျိုးမြင့်စာရင်းစစ်ရုံးအဆင့်ဆင့်၏ ဖွဲ့စည်းပုံ အရ မြို့နယ်စာရင်းရုံး စုစုပေါင်း ၃၂၁ ရုံးဖွင်‌့လှစ်ထားပြီး  ထပ်မံ၍ (၉)ရုံး တိုးချဲ့ဖွင့်လှစ်ရန် ရှိပါကြောင်း၊ ထို့ကြောင့် မြို့နယ်စာရင်းရုံးပေါင်း ၃၃၀ ရုံးဖြစ်လာမည်ဖြစ်ပါကြောင်း၊ ယခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စာရင်းစစ်ရုံး ၃၂၁ ရုံးနှင့် ခရိုင်ရုံး ၆၉ ရုံးတို့အတွက် မြို့နယ်ရုံးအကြီးအကဲများကို ဦးစီးအရာရှိ အဆင့်၊ ခရိုင်ရုံးအကြီးအကဲများကို လက်ထောက်ညွှန်ကြားရေးမှူးအဆင့်နှင့် လစာတွက်ချက် ဘတ်ဂျက်ရရှိပြီး ဖြစ်ပါကြောင်း၊

မြို့နယ်များတွင် တချို့ ဌာန(၄)ခုသည် A.E အဆင့်၊ လက်ထောက်ညွှန်ကြားရေးမှူးအဆင့် ဖြစ်ပြီး မြို့နယ် စာရင်းစစ်ရုံးဦးစီးအနေဖြင့် ဦးစီးအရာရှိအဆင့်ဖြစ်ပါကြောင်း၊ မိမိတို့ လေ့ကျင့်ရေးနှင့် သုတေသနဌာနက တာဝန်ထမ်းဆောင်ရသည့် လုပ်ငန်းပမာဏ စီမံခန့်ခွဲရသည့် အတိုင်းအတာကို ကြည့်ပြီး မြို့နယ်စာရင်းစစ် အရာရှိများ၏ အဆင့်ကို (၂)ပိုင်းခွဲခြားရန်လည်း စီစဉ်နေခြင်း ဖြစ်ပါကြောင်း၊  အကယ်၍ မြို့နယ် စာရင်းစစ် အရာရှိများကို လက်ထောက်ညွှန်ကြားရေးမှူးအဆင့်တိုးမြှင့်ပေးမည့်ဆိုပါက ၎င်းနှင့် ဆက်စပ်ပြီးခရိုင် အဆင့် အုပ်ချုပ်ရသည့် ခရိုင်အဆင့်ရုံးအကြီးအကဲများကို ဒုတိယညွှန်ကြားရေးမှူးအဆင့် တိုးမြှင့် သတ်မှတ်ရမည် ဖြစ်ပါကြောင်း။ ဖြစ်ပါတယ်။ ထိုသို့ တိုးမြှင့်သတ်မှတ်မည်ဆိုပါက လစာအနေဖြင့် ကျပ်ငွေ ၁၁၂ သန်း လက်ရှိငွေ ကုန်ကျမှာဖြစ်သည့်အတွက် စဉ်းစားသင့်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် လစာများ တိုးမြှင့် တောင်းခံရေးကိစ္စကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်တင်ပြရန် အစီအစဉ် ရှိပါကြောင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနများကို မိမိတို့ အနေနှင့် ဆီလျော်မှုအရှိဆုံး အနေအထားဖြင့် ချင့်ချိန်တွက်ချက်ပြီး တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။