(ခ)-ဆွမ်ပရာဘွမ် မြို့နယ်အတွင်းရှိ ပြည်ထောင်စု လမ်းမကြီးအား နွေ၊မိုး၊ဆောင်းသွားလာနိုင်သော လမ်းမကြီးအဖြစ် ဆောက်လုပ်ပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့ (၃.၂.၂၀၁၅)
မေးခွန်း အကြောင်းအရာ 

မိမိတို့ ဆွမ်ပရာဘွမ်မြို့နယ်တွင် ချွတ်ခြုံကျဆင်းရဲမှုနှင့် လမ်းပန်းဆက်သွယ်မှု၊ ခက်ခဲမှုများသည် အစိုးရ အဖွဲ့များတစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြောင်းလဲအုပ်ချုပ်တာဝန်ယူခဲ့သော်လည်း မိုးတွင်းအချိန်တွင် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ခက်ခဲမှုများဘယ်သောအခါမှ ပြောင်းလဲခြင်းမရှိပါကြောင်း၊ မိမိအနေဖြင့် ပြည်သူများ၏ ကိုယ်စား အကြိမ်ကြိမ်အခါခါတောင်းခံတင်ပြရာတွင် အစိုးရအဖွဲ့အနေဖြင့် ပြင်ပချေး ငွေဖြင့် တာဝန်ယူတည်ဆောက်ပေးမည်ဟု ဖြေကြားခဲ့သော်လည်း နှစ်စဉ်အကောင်အထည်ဖော်မှုမရှိသည်များကို ကြုံတွေ့ရပါကြောင်း။

ပြည်ထောင်စုအစိုးရ အဖွဲ့ကို တိုတ်တွန်းတောင်းခံလိုသော ကဏ္ဍများမှာ မည်သည့်နိုင်ငံကဖြစ်စေ၊ ချေးငှား တည်ဆောက်ပေးပါရန်၊ ထိုသို့မဟုတ်ပါကလည်း နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ရသုံးဆိုင်ရာ ဘဏ္ဍများမှ သန်းပေါင်းနှစ်သိန်းဖြစ်စေ၊ သန်းပေါင်းသုံးသိန်းဖြစ်စေ စိုက်ထုတ်အကောင်အထည်ဖော်ပါက ပြည်ပအကူ အညီ မရရှိသော်လည်း တည်ဆောက်ပြီးမြောက် အောင်မြင်သွားမည်ဖြစ်ကြောင်းကို တင်ပြလိုပါကြောင်း၊  မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းမကြီးသည် ချင်းပြည်နယ် ပြည်နယ်သူ/သားများအတွက်သာမက နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံးနှင့် သက်ဆိုင်သော ပြည်ထောင်စု လမ်းမကြီးဖြစ်သည့်အတွက် ဥက္ကဋ္ဌကြီးနှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေနှင့်လည်း နားလည်သဘောပေါက် ဝိုင်းဝန်းခွင့်ပြုထောက်ခံမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရသုံးဆိုင်ရာဘဏ္ဍတော်ထဲမှ ငွေလုံးငွေရင်း စိုက်ထုတ် တည်ဆောက်အကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းတောင်းခံပါကြောင်းနှင့် အဆိုပါ တင်ပြတောင်းခံမှု အပေါ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအနေဖြင့် ဘယ်နည်း၊ ဘယ်ပုံ တည်ဆောက်အကောင်အထည်ဖော်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
အဖြေ
ဖြေကြားချက် 

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ပူတာအိုလမ်းသည် ၂၁၈ မိုင်ရှည်လျားပြီး ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် မိုင်တိုင် ၅၃ မှ ၁၆၉၆ အထိ ၁၁၆ မိုင်နှင့် ၆ ဖာလုံပါဝင်ပါကြောင်း၊ အဆိုပါ တံတားသည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံ ခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊  ၃၁-၃-၂၀၀၄ ထိ ဆွမ်ပရာဘွမ်မြို့နယ်ရှိ လမ်းအရှည်များကို ဖော်ပြရမည်ဆိုပါက ကတ္တရာလမ်း ၃ မိုင်၊ ကျောက်လမ်း ၂၁ မိုင် ၁ ဖာလုံ၊ အမာခံလမ်း ၅၉ မိုင် ၂ ဖာလုံ၊ မြေလမ်း ၃၃ မိုင် ၃ ဖာလုံ စုစုပေါင်း ၁၁၆ မိုင်၊ ၆ ဖာလုံဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းတံတားအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရိက္ခာစု ပုံရေးယာဉ်တန်းများ ပူတာအိုအထိ တက်ရောက်နိုင် ခဲ့ပြီး ၂၃-၁၀-၂၀၁၄ မှ ၂၈-၁-၂၀၁၅ အထိ ယာဉ်စီးရေ ၇၃၀ စီး တက်ရောက်နိုင်ပြီဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် မြစ်ကြီးနား-ဆွပ်ပရာဘွမ်-ပူတာအိုလမ်းကို ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၄၈၉၁.၆၆ သန်းနှင့် ပြည်နယ်ရန်ပုံငွေကျပ်သန်း ၄၇၀၉.၇၆ သန်း၊ စုစုပေါင်း ကျပ် ၉၆၀၁.၄၂၃ သန်းဖြင့် ကတ္တရာလမ်းသစ်ခင်းခြင်း ၉ မိုင် ၇ ဖာလုံ၊ ကျောက်ခမ်းခင်းခြင်း ၅ မိုင် ၁ ဖာလုံ၊ သဲကျောက်ခင်းကြိတ်ခြင်း ၂၃ မိုင် ၄ ဖာလုံ၊ ကတ္တရာထပ် ပိုလွှာခင်းခြင်း ၂ မိုင် ၆ ဖာလုံ၊ လမ်းအနိမ့်အမြင်‌့ညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၃ မိုင် ၇ ဖာလုံ၊ တစ်လွှာတစ်ထပ် ဘေလီတံတား တည်ဆောက်ခြင်း ၅ စင်း၊ သစ်သားကြမ်းခင်းရေထုတ်ပြွန်အား ကွန်ကရစ်ကြမ်းခင်းပြုလုပ်ခြင်း ၅၇ စင်း၊ တံတားနှင့်ရေပြွန်တည်ဆောင်ခြင်း ၁၂၅ စင်း၊ သစ်သား တံတားတည်ဆောက်ခြင်း ၁၈ စင်း၊ ဖုန်အင်ခတံတား ၃၀၀ ပေ၊ မူလရှီးဒီးတံတား ၅၇၀ ပေ၊ တံတားအမှတ် (၁/၂၁၈) ၁၉၅ ပေ၊ တန်ဂျာ(၁) တံတား ၂၄၅ ပေနှင့် တန်ဂျာ (၂) တံတား ၃၂၀ ပေ ၅ စင်းတို့အား ပေ ၁၈၀ အထက် တံတားကြီးများကိုလည်း တည်ဆောက် ပေးထားပြီးဖြစ်ပါကြောင်း၊ တင်ပြပါ လုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွမ်ပရာဘွမ်မြို့နယ်ပိုင်းအတွက် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် သန်း ၇၉၀ ၊ ပြည်နယ်ရန်ပုံငွေကျပ် သန်း ၈၅ ၊ စုစုပေါင်း ကျပ် ၈၇၅ သန်းနှင့် ကျောက်လမ်းခင်း ၅ မိုင် ၁ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာတင်ခြင်း ၁ မိုင်၊ ၄၀ပေနှင့်အောက် ၄၀ သံကူကွန်ကရစ်တံတား ၄ စင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းကို အိန္ဒိယချေးငွေအကူအညီ အမေရိကန်ဒေါ်လာ ၁၂၀ သန်းအနက်မှ အမေရိကန်ဒေါ်လာ ၅၀ သန်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်မှာ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရန် ပထမအဆင့် အနေဖြင့် အိန္ဒိယအစိုးရမှ အထောက်အပံ့ရရှိသော အမေရိကန် ဒေါ်လာ ၈ သန်းဖြင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာမှု Feasibility Study (F.S) နှင့် စီမံကိန်းအသေးစိတ် တင်ပြချက် Detail Project Report (D.P.R) ဆောင်ရွက်ရန် အိန္ဒိယကုမ္ပဏီများအား တင်ဒါခေါ်ယူခြင်းအား  The New Light of Myanmar သတင်းစာတွင် ၁၆-၁-၂၀၁၅၊ ၁၉-၁-၂၀၁၅နှင့် ၂၀-၁-၂၀၁၅ နေ့များတွင် ထည့်သွင်းကြော်ငြာထားပြီး ဖြစ်ပါကြောင်း၊ တင်ဒါပုံစံများကို ၂၉-၁-၂၀၁၅ ရက်နေ့မှ ၃၀-၁-၂၀၁၅ နေ့အထိ ရောင်းချခဲ့ပြီး ၂၄-၁-၂၀၁၅ ရက်နေ့တွင် (F.S) နဲ့ (D.P.R) ဆောင်ရွက်ရန် အိန္ဒိယကုမ္ပဏီများအား တင်ဒါ ဖွင့်လှစ်ရွေးချယ်သွားမည် ဖြစ်ပါကြောင်း၊ တင်ဒါရွေးချယ်ပြီးပါက အိန္ဒိယချေးငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် အိန္ဒိယ အစိုရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့်လည်း ကချင်ပြည်နယ်၏ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက် စေရန်အတွက် အဓိကကျသော ပြည်ထောင်စုလမ်းမကြီးဖြစ်သော ရွှေဘို-မြစ်ကြီးနားလမ်း၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအိုလမ်းများကို နှစ်စဉ်ရန်ပုံငွေများထည့်သွင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း  ဒေသ၏ အခြေအနေများအရ အချို့နှစ် များတွင် မိမိတို့ မှန်းသလောက် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါကြောင်း။ ရန်ပုံငွေများကိုလည်း လွှဲပြောင်းသုံးစွဲခဲ့ရ သည် များလည်းရှိပါကြောင်း၊  ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းကို ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း ၅၀၀၀၊ ပြည်နယ်ရန်ပုံငွေကျပ် ၁၁၄၃၆-၅ သန်း၊ စုစုပေါင်း ကျပ်သန်း ပေါင်း ၁၆၄၃၆.၅ သန်းဖြင့် လမ်း၊ တံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွား ရန်လျာထားတင်ပြတောင်းခံထားပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။