(ဆ)-မတူပီမြို့နယ်၊ဆဘောင်းတဲကျေးရွာသို့မဟုတ် လှုံမန်းကျေးရွာအနီးမြန်မာ၊အိန္ဒယနယ်စပ်တွင်နယ် စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၁၈.၃.၂၀၁၄)

ဦးထန်းလိန်း (မင်းတပ်)ချင်းပြည်နယ်(တောင်ပိုင်း)၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်သည် အိန္ဒိယနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော မြို့နယ်များဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ချင်းပြည်နယ်အတွင်း ထွက်ရှိသော စိုက်ပျိုးမွေးမြူရေးအထောက်အကူများ တရားမဝင်သော နည်းလမ်းနှင့် မတူပီမြို့နယ်၊ ဆဘောင်းတဲနှင့် လှုံမန်းကျေးရွာမှ တစ်ဆင့် အိန္ဒိယနိုင်ငံ နဆိုတန်ပြည်နယ်ကို တင်ပို့ရောင်းချ နေကြသဖြင့် ချင်းပြည်နယ်အတွက် ကောက်ခံရမည့် အခွန်အကောက်များ နစ်နာဆုံးရှုံးခဲ့ရပါကြောင်း၊ ချင်းပြည်နယ်၏ ထွက်ကုန်များသည် ကုန်ခမ်းသလောက်ဖြစ်နေသည့်အပြင် ထပ်မံ စိုက်ပျိုးမွေးမြူသော ထွက်ကုန်များလည်း တရားမဝင်သောနည်းလမ်းဖြင့် အခွန်အခ မရရှိပဲ နှစ်စဉ်တင်ပို့ရောင်းချနေကြသည့် အတွက် နိုင်ငံတော်နှင့် ချင်းပြည်နယ်အတွက် ဘဏ္ဍာငွေဆုံးရှုံးပြီး နိုင်ငံတော်အတွက် ဝင်ငွေရှာပေးနိုင်ခြင်း မရှိသည့်အတွက် ချင်းပြည်နယ်သည် ဆင်းရဲဆုံးဒေသအဖြစ် သတ်မှတ်ခံရသည်ဟု ဆိုနိုင်ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည့် နိုင်ငံအတွက် အခွန်စည်းကြပ်သောစနစ် တိကျမှန်ကန်ခြင်းသည် နိုင်ငံတော်ဘဏ္ဍာ စီမံခန့်ခွဲရေးအတွက် အရေးကြီးဆုံး ကဏ္ဍဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဆဘောင်းတဲရွာနှင့် လှုံမန်းရွာအနီး မြန်မာ-အိန္ဒိယနယ်စပ်တွင် ကုန်သွယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ပေးနိုင်မည် ဆိုပါက ချင်းပြည်နယ်သည် ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး တိုင်းရင်းသားများ စီးပွားရေးအမြင် ပွင့်လင်းလာနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက် လာနိုင်ကြမည်ဟု မျှော်လင့်မိပါကြောင်း၊ ဆဘောင်းတဲရွာနှင့် လှုံမန်းရွာသည် မန္တလေးမြို့မှ မိုင်ပေါင်း ၄၃၀ ခန့်၊ ပခုက္ကူမြို့မှ မိုင် ၃၀၀ ကျော်၊ မင်းတပ်မြို့မှ ၂၀၅ မိုင်ခန့်၊ မတူပီမြို့မှ ၁၀၃ မိုင်ခန့်အသီးသီး ကွာဝေးရာ မန္တလေးမှ မတူပီအထိ ၂၂၇ မိုင်သည် ကတ္တရာလမ်းဖြစ်ပြီး မတူပီမြို့မှ လှုံမန်းကျေးရွာအထိ ၁၀၃ မိုင်ခန့်တွင် ၄၃ မိုင်သည် မြေသားလမ်းဖြစ်ပြီး မိုင် ၆၀ ခန့်သည် မော်တော်ဆိုင်ကယ်လမ်းဖြစ်ပါကြောင်း၊ မတူပီမှ လှုံမန်းကျေးရွာအထိ မိုင်ပေါင်း ၆၀ သည် စက်ယန္တရားနှင့် လွယ်လွယ်ကူကူဖောက်လုပ်နိုင်သောလမ်း ဖြစ်သော်လည်း မတူပီမှ ရေဇွာဘက်ကို ဖောက်ထားသော မိုင်ပေါင်း ၁၅၀ သည် မြေသားလမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ချင်းပြည်နယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေနိုင်ရန်အတွက် မြန်မာ-အိန္ဒိယ စီးပွားရေး တံခါးပေါက်တစ်ခုအဖြစ် သတ်မှတ်ဖွင့်လှစ်ပေးမည်ဆိုပါက ချင်းပြည်နယ်နှင့် နိုင်ငံတော်၏ စီးပွားရေး လုပ်ငန်းများကို အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်နေကြပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်၊ မင်းတပ် မြို့နယ်၊ ဆဘောင်းတဲ သို့မဟုတ် လှုံမန်းကျေးရွာအနီး မြန်မာ-အိန္ဒိယနယ်စပ်တွင် ကုန်သွယ်ရေးစခန်းတစ်ခု နိုင်ငံတော်မှ ဖွင့်လှစ်ပေးမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာပွင့်ဆန်း
အဖြေ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဒုတိယဝန်ကြီး၊ဒေါက်တာပွင့်ဆန်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနသည် အိမ်နီးချင်းနိုင်ငံများနှင့် ပုံမှန် ကုန်သွယ်ရေး၊ နယ်စပ်ကုန်သွယ်ရေးတို့နှင့် နယ်စပ်ဖြတ်ကျော် ကုန်စည် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအား နယ်စပ်မျက်နှာစာအသီးသီးတွင် နယ်စပ်ကုန်သွယ်ရေး စခန်းများ ဖွင်‌့လှစ်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခု၊ မြန်မာ-ထိုင်းနယ်စပ်တွင် အသစ်ဖွင့်လှစ်သော နယ်စပ်ကုန်သွယ်ရေးစခန်း ၆ ခု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်  နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခုနှင့် မြန်မာ-အိန္ဒိယနယ်စပ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၃ ခု စုစုပေါင်း ၁၅ ခု ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်း အသစ်များဖွင့်လှစ်ရာတွင် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုရှိခြင်း၊ ဒေသတွင်း လုံခြုံငြိမ်းချမ်းမှုရှိခြင်း၊ လမ်းပန်းဆက်သွယ်မှု ချောမွေ့ကောင်းမွန်ခြင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်း အစီအစဉ်နှင့် ဘဏ်လုပ်ငန်းအစီအစဉ်များ နှစ်ဖက်ညှိနှိုင်းသဘောတူညီမှုနှင့် ယင်းအခြေခံ အဆောက်အအုံများ ထူထောင်ပေးနိုင်မှုရှိခြင်း၊ ဒေသတွင်းစားသုံးမှု ဖူလုံသည့်အပြင် ပိုလျှံမှုရှိပြီး ပြည်တွင်းပြည်ပဈေးကွက်များသို့ ရောင်းချနိုင်မည့် ကုန်စည်များရှိခြင်းနှင့် ဈေးကွက်ဖွံ့ဖြိုးမှုရှိခြင်း၊ အခြားပြည်နယ်များ၊ တိုင်းဒေသကြီးများနှင့်လည်း ချိတ်ဆက်ပြီး ကုန်စည်များကို တရားဝင်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ပြီး တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံ ကုန်သွယ်ရောင်းဝယ်မှုပြုနိုင်သော အခြေအနေရှိခြင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင်‌့လှစ်မည့် နယ်စပ်ဒေသတွင် နှစ်နိုင်ငံ နယ်နိမိတ်တိုင်းတာရေးကိစ္စများ ရှင်းလင်းပြီးခြင်း စသည့်အချက်များပေါ် မူတည်ပြီး စခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ချင်းပြည်နယ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားပေးမှုမှာ မြန်မာ-အိန္ဒိယ မျက်နှာစာမှာရှိ တမူး၊ ရိဒ်၊ ထန်တလန် နယ်စပ် ၃ ခုအနက် ချင်းပြည်နယ်အတွင်း ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ၁-၄-၂၀၁၃ ရက်နေ့တွင် အသစ်ဖွင့်လှစ်ပေးထားသော ထန်တလန် ယာယီနယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရာတွင် အထက်ဖော်ပြပါ အခြေခံ အချက်များအပေါ် မူတည်ဆောင်ရွက်ပြီး ကုန်သွယ်မှုတိုးတက်စေရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေ အပေါ် သုံးသပ်ပြီး Infrastructure များ တည်ထောင်ပေးရခြင်းဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာ-အိန္ဒိယနယ်စပ်တစ်ခုလုံး၏ ကုန်သွယ်မှုသည် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန်အမေရိကန်ဒေါ်လာ ၈.၂၈ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၄.၅၂ သန်း၊ ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၁၂.၈၂ သန်း၊ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ပို့ကုန်အမေရိကန်ဒေါ်လာ ၈.၈၆၉ သန်း၊ သွင်းကုန်အမေရိကန် ဒေါ်လာ ၆.၅၄ သန်း၊ ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၁၅.၄ သန်း၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၂၆.၉၆ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၁၁.၆၇ သန်း၊ ကုန်သွယ်မှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈.၆၃ သန်း ဖြစ်သောကြောင့် ဘဏ္ဍာနှစ်အလိုက် တိုးတက်မှုများ ရှိလာသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ယင်းပမာဏသည် နယ်စပ်ကုန်သွယ်မှုအားလုံး၏ ၁.၀၄ ရာခိုင်နှုန်းသာရှိပြီး နိုင်ငံတော်၏ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုအပါအဝင် ကုန်သွယ်မှုကဏ္ဍတစ်ရပ်လုံး၏ ၀၁.၂ ရာခိုင်နှုန်းသာ ရှိသောကြောင့် အိန္ဒိယနယ်စပ်သည် နယ်စပ်ကုန်သွယ်ရေးစခန်းအသစ် ထပ်မံတည်ဆောက် နိုင်ခြင်း မရှိသေးသည်ကို တွေရရှိရမည်ဖြစ်ပါကြောင်း။

ယခုမေးမြန်းလာသော အိန္ဒိယနိုင်ငံနှင့် ဆက်စပ်နေသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်တို့ အနက် မတူပီမြို့နယ် ဆဘောင်းတဲရွာ သို့မဟုတ် လှုံမန်းရွာသည် နယ်စပ်ကုန်သွယ်ရေးစခန်း ထပ်မံ ဖွင့်လှစ်နိုင်မည့်အစီအစဉ် မရှိသေးသော်လည်း မြန်မာ-အိန္ဒိယနယ်စပ်တွင် နယ်စပ်ဈေးများ ဖွင့်လှစ်ရန် ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ မေလက မြန်မာနိုင်ငံကို လာရောက်ခဲ့သော အိန္ဒိယဝန်ကြီးချုပ်ခရီးစဉ်အတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာ ဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့သော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တွင် နယ်စပ်ဈေးများ ဖွင့်လှစ်နိုင်ရေး နားလည်မှုစာချွန်လွှာအရ မြန်မာ-အိန္ဒိယ နယ်စပ်တွင် နယ်စပ်ဈေးများတည်ထောင်နိုင်ရန် ညှိနှိုင်းလျက်ရှိပါကြောင်း၊ အိန္ဒိယအစိုးရဘက်မှ အဆိုပြုလာသော နေရာများအပေါ် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရနှင့် ချင်းပြည်နယ်အစိုးရတို့ထံ သဘောထားမှတ်ချက်များနှင့် ဖွင့်လှစ်လိုသောနေရာများကို သဘောထားတောင်းခံခဲ့ပြီး ပထမအကြိမ် အိန္ဒိယ-မြန်မာနယ်စပ် ဈေးပူးတွဲကော်မတီအစည်းအဝေးတွင် မိမိဘက်မှ ပန်ဆောင်၊ ခင်မန်း၊ လေးလက်၊ ဒါရ်ခိုင်း၊ ထာအို၊ ဖါရ်တလန်၊ ဆွန်မရာ၊ ရန်ခွန်း၊ ပွန်ညို၊ ခမ်းပတ် စသည့်နေရာ ၁၀ ခုတွင် နယ်စပ်ဈေးများ ဖွင့်လှစ်ရန် သဘောတူညီခဲ့ပြီး ဒုတိယအကြိမ် မြန်မာ-အိန္ဒိယ နယ်စပ်ဈေး ပူးတွဲကော်မတီအစည်းအဝေးတွင် နယ်စပ်ဈေးများ စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်း(မူကြမ်း)ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး ယင်းစီမံခန့်ခွဲရေးနည်းလမ်းများကို လက်မှတ်ရေးထိုးပြီးပါက ကနဦးစမ်းသပ် တည်ထောင်သည့်အနေဖြင့် အိန္ဒိယနိုင်ငံဘက် အရူနာချာပရာဒက်ပြည်နယ်၊ ချန်ဂလန်ခရိုင်၊ ပန်ဆော တောင်ကြား(နမ်ပေါင်)နှင့် မြန်မာနိုင်ငံဘက် စစ်ကိုင်းတိုင်းဒေသကြီး၊ ပန်ဆောင်မြို့နယ်၊ ပန်ဆောင်တွင် နယ်စပ်ဈေးတစ်ခု တည်ထောင်သွားမည်ဖြစ်ပါကြောင်း၊ ထိုနေရာတွင် စမ်းသပ်ဆောင်ရွက်မှု အောင်မြင်ပါက ကျန်ရှိသော ၁၀ နေရာတွင် နယ်စပ်ဈေးများ ထပ်မံဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း။

ထို့အပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ၂၀၀၈ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးထားသော ကုလားတန်မြစ် ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း ဆောင်ရွက်ရာတွင် လမ်းကြောင်း တစ်လျှောက် လိုအပ်သောရေကြောင်း၊ ကုန်းကြောင်းတည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ပစ္စည်းသယ်ဆောင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မိမိဘက်မှ လိုအပ်သော မြိတ်ဝနှင့် ပလက်ဝနေရာတို့တွင် ကုန်သွယ်ရေး စခန်းများထားရှိရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ကြောင့် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပါဝင်သော OSS အဖွဲ့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ပလက်ဝနယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်သည့်အခါ ချင်းပြည်နယ်အတွင်း ထွက်ရှိသော စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များသည် ပလက်ဝမှတစ်ဆင့် အိန္ဒိယနိုင်ငံနှင့် အခြားဈေးကွက်များကို  တင်ပို့ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများရှိပါကြောင်းနှင့် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဆဘောင်းတဲရွာ (သို့မဟုတ်) လှုံမန်းရွာတွင် နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်နိုင်မည့်  အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားပါသည်။