၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပြဋ္ဌာန်းခဲ့ ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် Special Economic Zone ဥပဒေကို ပြဋ္ဌာန်းသည့်အတွက် ပထမဦးဆုံး စတင်လုပ်ဆောင်မည့် ကျောက်ဖြူစီးပွားရေးဇုန်နှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ထားဝယ်စီးပွားရေးဇုန်၊ သီလဝါစီးပွားရေးဇုန်များသည် သီးခြားဥပဒေနှင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေနှင့် ဆောင်ရွက်သော ကျောက်ဖြူးစီးပွားရေးဇုန်မှာ ဥပဒေတွင် ပြဋ္ဌာန်းသည့်အတိုင်း ဆိုင်ရွက်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း၊ အခန်း (၅) တွင် စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းခြင်းနှင့် ၎င်း၏တာဝန်များတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ရင်းနှီးတည်ဆောက်မှုဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရေး၊ မြေအသုံးပြုရေး၊ ပတ်ဝန်းကျင်ထန်းသိမ်းရေးကို ဖော်ပြထားသည်မှာ ရှိပါကြောင်း၊ အခန်း ၈ တွင် ရင်းနှီမြှုပ်နှံမှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံသူ၏ တာဝန်များဟူ၍ ရင်းနှီးမြှုပ်နှံသူ၏တာဝန်မှာ ရင်နှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပါ စံချိန်စံညွှန်းများနှင့် လိုက်နာရမည်ဟူ၍ ဖော်ပြထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောက်ဖြူစီးပွားရေးဇုန်၊ နှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် ပတ်သက်၍ Physivility Study EIASIA ဆိုသည်မှာ မည်သို့ဆောင်ရွက်ထားသည်များကို သိရှိလိုပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ရန် စီစဉ်ထား သော ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိပုံများအား (က) မည်ကဲ့သို့ အဆင့်ဆင့် ဆောင်ရွက်နေကြောင်း၊ (ခ) စီမံကိန်းနှင့်ပတ်သက်၍ ရနိုင်မည့်အကျိုးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှုဆိုင်ရာ တွက်ချက်ထားပုံ၊ (ဂ) လူမှုရေး၊ စီးပွားရေး အကျိုးကျေးဇူးများ မည်သည့်အတိုင်းအတာအထိရနိုင်ကြောင်း စသည်တို့နှင့် စပ်လျဉ်း၍ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အဆင့် (၄) ဆင့်ဖြင့် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအဆင့် စိတ်ကူးစီမံချက် (Conceptual Plan) ရေးဆွဲသည့် လုပ်ငန်းစဉ်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၃ ခုနှစ် ဇူလိုင်လအထိ Japan Development Institute (JDI) မှ ပညာရှင်များ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကြံပေးအဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့ပေါင်းစုံတို့ ပါဝင်သော အဖွဲ့များဖြင့် ကျောက်ဖြူမြို့ကို အကြိမ်ကြိမ် သွားရောက်ကွင်းဆင်းလေ့လာကာ ဒေသခံများ၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ဦးစားပေး ဆောင်ရွက်နိုင်မည့် အထူးစီးပွားရေးဇုန်တစ်ခု ဖြစ်ထွန်းလာနိုင်မည့် စိတ်ကူးစီမံချက် (Conceptual Plan) တစ်ခုကို ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ ၎င်းအပြင် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်တို့တွင် ကျရောက်လာနိုင်သော ထိခိုက်နစ်နာမှုများကို လေ့လာစောင့်ကြည့် ကြပ်မတ်ရန်အတွက် စောင့်ကြည့်လေ့လာရေးအဖွဲ့ (Multi-Stakeholder Monitoring Committee) ကိုလည်း ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိပါကြောင်း။
ဒုတိယအဆင့်တွင် အကြံပေးကုမ္ပဏီ (Consulting Firm) ကို အိတ်ဖွင့်တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ၂၀၁၃ ခုနှစ်၊ သြဂုတ်လမှ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ အထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ၏ အကြံပေးအဖွဲ့ဝင်များနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေးဆိုင်ရာ လူထုအခြေပြု အဖွဲ့အစည်းများမှ ဒေသခံအများစုပါဝင်သော လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ရေးရာနှင့် အင်ဂျင်နီယာပိုင်း ဆိုင်ရာများ၊ ဥပဒေပိုင်းဆိုင်ရာများကို တတ်သိနားလည်သော အသိပညာရှင်၊ အတတ်ပညာရှင်များပါဝင်သော တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီ (Bid Evaluation and Awarding Committee) BEAC ကို ဖွဲ့စည်းတာဝန်ပေးနိုင်ခဲ့ပြီး ရင်းနှီးတည်ဆောက်သူခေါ်ယူသည့်အခါ BEAC အား အကြံပေးဝန်ဆောင်မှုပြုမည့် (CPG Consultants Ltd) ဦးဆောင်သော အကြံပေးကော်မတီအုပ်စုကို နိုင်ငံတကာစံချိန် စံညွှန်းနှင့်အညီ စိစစ်ရွေးချယ်နိုင်ခဲ့ပါကြောင်း၊ တတိယအဆင့် ရင်းနှီးတည်ဆောက်သူ Developers ကို အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ အဓိကအရေးပါသော လုပ်ဆောင်ချက်များအနေဖြင့် ငှားရမ်းထားသော အကြံပေးကုမ္ပဏီအုပ်စုမှ လုပ်ဆောင်ပေးရမည့် စီမံကိန်း ဖြစ်နိုင်ချေ အလားအလာများကို စာတွေ့၊ လက်တွေ့ လေ့လာဆန်းစစ်မှုများပြုလုပ်ပြီး ဒေသတစ်ခုလုံးလွှမ်းခြုံသည့် မဟာစီမံချက်ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲမှု ကော်မတီအား စနစ်တကျ ဖွဲ့စည်းခြင်း၊ စီမံကိန်းနယ်မြေ အတည်ပြုသတ်မှတ်ကြေညာရန် ဆောင်ရွက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု ကနဦးလေ့လာဆန်းစစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်နှင့် လူမှုရေး၊ စီးပွားရေးထိခိုက်လာနိုင်သည့် အခြေအနေများနှင့် ထိခိုက်မှုများမရှိအောင် ဆောင်ရွက်ထားရှိ သော အစီအမံများပါရှိ လေ့လာဆန်းစစ်မှု အစီရင်ခံစားများရေးဆွဲခြင်း၊ စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများအတွက် ပိုမိုကောင်းမွန်သော လူနေမှုအဆင့်အတန်း သင့်တင့်မျှတသော လျော်ကြေးငွေပေးခြင်း၊ မူလဝင်ငွေထက်မနည်းသော အလုပ်အကိုင်များ အသက်မွေးဝမ်းကျောင်းမှုများ ဖန်တီးပေးခြင်း၊ မူလအနေအထားထက် တိုးတက်ကောင်းမွန်သော လူနေမှုအဆင့်အတန်းများကို ပိုင်ဆိုင်နိုင်ဖို့ အစီအမံများပါရှိသော ကမ္ဘာ့ဘဏ် (World Bank) လမ်းညွှန်ချက် စံချိန်စံညွှန်းများနှင့်အညီ ပြန်လည်နေရာချထားခြင်းဆိုင်ရာ အစီအစဉ်များရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများစွမ်းရည်မြှင်တင်မှု သင်တန်းများ၊ ဒေသခံများအတွက် ကျွမ်းကျင်မှုမြှင့်တင်သည့်သင်တန်းများ ညှိနှိုင်းဖွင့်လှစ်ပေးခြင်း စသည့်လုပ်ငန်းများကို စီစဉ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စတုတ္ထအဆင့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် အကြံပေးကုမ္ပဏီအုပ်စု၏ ကနဦးအဆိုပြုချက်အရ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး၊ ဒေသခံများ၊ နိုင်ငံသားများပါဝင်လုပ်ဆောင်နိုင်ခွင့်ရရှိရေး၊ ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ရေးဆိုသည့် မူဝါဒရည်ရွယ်ချက်များကို အကောင်အထည်ဖော်ပေးနိုင်ပြီး ရေနက်ဆိပ်ကမ်းကိုအခြေပြုပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ အဆင့်ဆင့်ကုန်ချောထုတ်လုပ်သည့်လုပ်ငန်းများ၊ သိုလှောင်သယ်ပို့ရေးအပိုင်းကို ဦးစားပေးသည့် ထောက်ပံ့ပို့ ဆောင်နိုင်သော လုပ်ငန်းများပါဝင်နိုင်သော လုပ်ငန်းအမျိုးအစားများကို စုစည်းပြီး ရေနက်ဆိပ်ကမ်းရင်းနှီးတည်ဆောက်သူ၊ စက်မှုဥယျာဉ် (Industrial Pack) ရင်းနှီးတည်ဆောက်သူနှင့် လူနေအိမ်ယာများ ဆောက်လုပ်ခြင်း (Residential Development) အတွက် ရင်းနှီးတည်ဆောက်သူစသည်ဖြင့် တင်ဒါ (၃) ခုခွဲကာ ခေါ်ယူမည့် Master Plan မဟာစီမံချက်မူကြမ်းသည် ယခင် စိတ်ကူးစီမံချက်ပထမအဆင့်တွင် ဧက ၁၀၀၀ မှ ဧက ၄၀၀၀ ခန့်အထိ တိုးချဲ့ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှ အထူးစီးပွားရေးဇုန်၏ တန်ဖိုးပိုမိုမြင့်မားလာစေကာ ရင်းနှီးတည်ဆောက်သူများကို ပိုမိုဆွဲဆောင်မှု ရရှိလာနိုင်ပြီး ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ကြောင်း အကြံပြု ချက်အပေါ် BEAC အဖွဲ့မှ ဆွေးနွေးတိုင်ပင် ညှိနှိုင်းဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း။
အကောင်အထည်ဖော်ဆောင်ရွက်ရမည့် နည်းလမ်းများကို တင်ပြရမည်ဆိုပါက လုပ်ငန်းအဆင့်တိုင်းကို နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒသဘောထားများ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိသည့်အပြင် သက်ဆိုင်သူများ အားလုံးပါဝင်နိုင်သော နည်းလမ်း၊ ပြည်သူလူထု၏ သဘောထားကို အခြေခံသောနည်းလမ်း၊ သက်ဆိုင်သော မိတ်ဖက်အဖွဲ့ပေါင်းစုံနှင့် ဆွေးနွေးတိုင်ပင်သော နည်းလမ်း၊ ပွင့်လင်းမြင်သာသော နည်းလမ်း၊ တာဝန်ခံနိုင်သည့် နည်းလမ်းစသည့် နည်းလမ်းများဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာတွက်ချက်ထား စီမံထားပုံအနေဖြင့် ဒေသတစ်ခုလုံး လွှမ်းခြုံသော မဟာစီမံချက် (Regional Master Plan) ရေးဆွဲခြင်း လုပ်ငန်းများ၌ စီမံကိန်း မြေနေရာများ လျာထားသတ်မှတ်နိုင်ရန်ဖြစ်နိုင်ခြေရှိ/မရှိ၊ အထူးစီးပွားရေးဇုန် တည်ဆောက်မည့် နေရာများအား ကန့်သတ်တားမြစ်သည့် နေရာများဖြစ်သော သစ်တောဧရိယာနှင့် ဒီရေရောက်တောများကို ချန်လှပ်ထားခြင်း၊ သဘာဝမိုးရေများ ထိန်းသိမ်းသိုလှောင်ထားနိုင်သည့် နေရာများနှင့် ရေရရှိနိုင်သော အရင်းအမြစ်နေရာများကို သတ်မှတ်ကာ ကန့်သတ်ထိန်းသိမ်းထားခြင်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရန် အလားအလာကောင်းသည့် နေရာများဖြစ်သော ပင်လယ်ကမ်းခြေများ၊ ရွှံ့မီးတောင် အနီးနေရာများ၊ စိုက်ပျိုးပန်းမန်ရှုခင်း အလှများရနိုင်သော နေရာများကို ချန်လှပ်ထိန်းသိမ်းထားခြင်း၊ အထူးစီးပွားရေးဇုန် တည်ဆောက်ရန် သင့်တော်သောနေရာများကို ရွေးချယ်ခြင်း၊ သာသနာနိက အဆောက်အဦနေရာများ၊ ကျေးရွာသုဿန် မြေနေရာများကို ချန်လှပ်ထားရှိပြီး မဟာစီမံချက် (Master Plan) အား ကွင်းဆင်းလေ့လာ၍ စနစ်တကျရွေးချယ် ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ လိုအပ်ချက်များပြားသော သို့မဟုတ် ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း ဆိုင်ရာ အားနည်းသောကုမ္ပဏီများကို လုပ်ကိုင်ခွင့်မပြုရန် စိစစ်ဆောင်ရွက်ခြင်းတို့ ရွေးချယ်လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း။
အသေးစိတ် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး အကျိုးသက်ရောက်မှု လေ့လာဆန်းစစ်ခြင်း အပြည့်အစုံကို ရင်းနှီးတည်ဆောက်သူ (Developer) များမှ စီမံကိန်းများ အဆိုပြုသည့်အခါ တင်ပြကြရမည်ဖြစ်သကဲ့သို့ သက်ဆိုင်ရာများ၏ ခွင့်ပြုချက်နှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာစေပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေခြင်း၊ အလုပ်လက်မဲ့မြင့်မားခြင်းကို လျှော့ချလာနိုင်ပြီး ဒေသခံများ၊ နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိမည်အပြင် ၎င်းတို့၏ မိသားစုများပါ စီးပွားရေးအဆင်ပြေလာနိုင်ခြင်း၊ ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင် နေသော မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့တတ်သိနားလည်ထားသော အတွေ့အကြုံ အသိပညာများဖြင့် မိမိနိုင်ငံသို့ ပြန်လာကာ အလုပ်လုပ်ကိုင်နိုင်သော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခြင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု မဟာဗျူဟာကို ပိုမိုကျယ်ပြန့်လာစေရေးအတွက် အထောက်အပံ့ဖြစ်လာနိုင်ခြင်း၊ မူဝါဒအသစ်၊ ချဉ်းကပ်မှုအသစ်များအတွက် လက်တွေ့ စမ်းသပ်ခန်းသဖွယ် ဆောင်ရွက်ကာ စီးပွားရေးမူဝါဒသစ်များ ချမှတ်ရာတွင် အထောက်အပံ့ရလာနိုင်ခြင်း စသည့် လူမှုရေး/စီးပွားရေးအကျိုးရလဒ်များ ရရှိနိုင်မည်ဟု ခန့်မှန်း တွက်ချက်ထားရှိပါကြောင်း။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၄၅ ခုနှစ်အထိ နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်းများချမှတ်ကာ စီစဉ်ထားပါသဖြင့် စီမံကိန်းများအလိုက် ရွေးချယ်ထားသော စက်မှုလုပ်ငန်းများမှာ ကျောက်ဖြူဒေသအပါအဝင် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းဒေသများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအား လမ်းဖွင့်ပေးခြင်းဖြင့် တစ်နိုင်လုံး အတိုင်းအတာအထိ အလုပ်အကိုင် အခွင့်အလမ်းများ များစွာရရှိကာ လူမှုရေး၊ စီးပွားရေးအကျိုးရလဒ်များကို မျှဝေခံစားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်တင်နွယ်ဦး (ဒဂုံမြို့သစ်မြောက်ပိုင်း) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မေးခွန်း (၃) ခုအနက် ဒုတိယမေးခွန်းဖြစ်သော စီမံကိန်းနှင့် ပတ်သက်၍ ရရှိနိုင်မည့်အကျိုးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုဆိုင်ရာ တွက်ချက်ထားပုံကို ဝန်ကြီးတင်ပြသွားသည်မှ အလွန်ကောင်းမွန်ပါကြောင်း၊ စီမံကိန်း အဆင့်ဆင့်များသည်လည်း အလွန်ကောင်းမွန်ပြီး Conceptual Plan လည်း ကောင်းမွန်ပါကြောင်း၊ မိမိအနေဖြင့် စီမံကိန်းနှင့်ပတ်သက်ပြီး ယခုအချိန်တွင် Exciting Environment ၏ Impact နှင့် Potential Impact တို့ကို သိရှိလိုပါကြောင်း၊ အထူးအားဖြင့် Management Environment Plan ရေးဆွဲရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ဆိုင်သော ဝန်ကြီးဌာနပါရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာပတ်ဝန်းကျင်ဆိုင်သော ဝန်ကြီးဌာနက ထိန်းသိမ်းရမည် ဖြစ်ပါကြောင်း၊ စံချိန်စံညွှန်းမမီသော ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းကိစ္စကဲ့သို့ ရင်းနှီးမြှုပ်နှံသူများ၏ စွန့်ပစ်ပစ္စည်းသည် သတ်မှတ်ထားသော Norm၊ Standard များလုပ်ရန်လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ထိခိုက်မှုများ ဖြစ်မည်စိုး၍ Substance များကို မော်နဒရီးလုပ်နိုင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနက အရေးတကြီးလိုပါကြောင်း သင်ပြမေးမြန်းပါသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်း
မိမိတို့အနေဖြင့် အထူးစီးပွားရေးဇုန်ကို ၂၀၁၂ ခုနှစ်မှစပြီး ပြည်သူလူထုနဲ့ပူးပေါင်းကာ ဆွေးနွေးလာခဲ့သော Work Shop များ၏ Outcome များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပြည်သူလူထုက အလေးထားပြီး တင်ပြကြပါကြောင်း၊ ထို့ကြောင့် မိမိတို့ ရွေးချယ်ထားသော (Consulting Firm) ကိုလည်း Environmental Management Plan ထည့်ပြီး ရေးဆွဲခိုင်းထားပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနကလည်း တစ်ပါတည်း ပေါင်းစပ်ပြီး ဆောင်ရွက်နေပါကြောင်း၊ ထို့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လိုက်လျောဖြစ်သော အထူးစီးပွားရေးဇုန် ဖြစ်ရမည်ဆိုသော Environmental Friendly SEZ ဟု နာမည်ကိုလည်း တပ်ထားပါကြောင်း နိုင်ငံတကာကိုလည်း Press လုပ်ထားပါကြောင်း၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပေါင်းစပ်ပြီး နာမည်နှင့်လျော်ညီ အောင် EMP ကို ရေးဆွဲပြီး ဆောင်ရွက်နေပါကြောင်း၊ ဒေသတွင်ဖြစ်ထွန်းသော သစ်တောများကို Reforestation လုပ်ရန် Mangrove သစ်တောများက Reforestation လုပ်ရန် အစီအမံများဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ပါကြောင်း၊ ယင်းကိစ္စများသည် ပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ပေါင်းစပ်လုပ်ဆောင်နေသည့် အစီအမံများဖြစ်ပါကြောင်း၊ ရေနက်ဆိပ်ကမ်းများကို အဓိကထား အားထားပြီးလုပ်မည့် အထူးစီးပွားရေးဇုန်ဖြစ်သည့်အတွက် ရေနက်ဆိပ်ကမ်းများတွင် လိုက်နာရမယ့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဒေသ၏ထူးခြားချက်အရ ရေနက်ဆိပ်ကမ်းများပေါ်တွင် မှီခိုပြီးလုပ်ရမည့် အထူးစီးပွားရေးဇုန်ဖြစ်သည့်အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ညီညွတ်မှသာလျှင် နိုင်ငံတကာလုပ်ထုံး လုပ်နည်းများနှင့် ညီညွတ်မှသာလျှင် ခွင့်ပြုဆောင်ရွက်သွားပါမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဥက္ကဋ္ဌကြီးက သုံးသပ်ပြောကြားပါသည်။
ယခုကဲ့သို့ ပြည့်ပြည့်စုံစုံ ဖြေကြားပေးသည့်အတွက် ကျွန်တော်တို့အားလုံး ယခင်ကထက်ပို၍ သိခွင့်ရပါကြောင်း၊ လိုအပ်သည့်အကြံဉာဏ်များ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ပို၍ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လွှတ်တော်များ ဖွဲ့စည်းပေါ်ပေါက်လာပြီးနောက်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်များရဲ့ မေးခွန်တွေ၊ အဆိုတွေ၊ အခြား ဆွေးနွေးချက်များကြောင့် ကျန်ဝန်ကြီးဌာနများသည် လုပ်ပေးနိုင်သောကိစ္စများကို တော်တော်များများ လုပ်ပေးနိုင်ခဲ့ ပါကြောင်း၊ လွှတ်တော်များ ပေါ်ပေါက်လာပြီး နောက်ပိုင်းတွင် ပြည်သူ့ကိုယ်စားလှယ်များ၏ မေးခွန်းများ၊ အဆိုများ၊ အကြံပြုချက်များအပေါ်မူတည်၍ သက်ဆိုင်ရာပြည်ထောင်စုအစိုးရအုပ်ချုပ်ရေးအဖွဲ့များကလည်း တတ်နိုင်သမျှ ဆောင်ရွက်ပေးခဲ့ခြင်းများ ရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ်များလည်း မိမိတို့၏ တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နိုင်သကဲ့သို့ တစ်ဖက်ကလည်း ဖြည့်ဆည်းပေးသည့်အတွက် ကျေးဇူးတင်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်လုပ်မွေးဖွားပေးလိုက်သည့် ဆရာဝန်များသည် ၂၀၁၂-၁၃ တွင် အများကြီးပုံနေသော်လည်း အလုပ်မခန့် ထားနိုင်ပါကြောင်း၊ ကျန်းမာရေး မြှင့်တင်မှုကော်မတီ၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့က တာဝန်ရှိသူများနှင့် အစည်းအဝေးညှိနှိုင်းမှု ပြုလုပ်ပြီး လပိုင်းအတွင်း ဆရာဝန် ၁၅၀၀ နှစ်သုတ်ခွဲပြီး သင်တန်းတွေပေးနိုင်ခဲ့ပါကြောင်း၊ ယင်းကိစ္စများသည် လွှတ်တော်တွင်ရှိသော ကော်မတီများ၊ သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သော အကျိုးကျေးဇူးဖြစ်ပါကြောင်း၊ ထို့ကြောင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်းအားဖြင့် ပိုအဆင်ပြေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကော်မတီများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် တင်ပြအကြံပြုလိုကြောင်း သုံးသပ်ပြောကြားသွားပါသည်။
