ဝမ်းတွင်းမြို့နယ်၊ ဘုရားစုကျေးရွာအုပ်စုတွင် ဘုရားကျေးရွာ၊ ရုံးတော၊ ေတောင် ကန်သစ်၊ သစ်အုန်း၊ ကျောက်ကုန်း၊ မြောက်ကန်သစ်၊ တောင်ထိန်ပင် အင်း၊ မြောက်ထိန်ပင်အင်း ကျေးရွာများနှင့် ကျောက်ကန်ကျေးရွာအပါအဝင် စုစုပေါင်း (၉)ရွာရှိသည့်အတွက် မိုးကောင်းသောက်ဒေသဖြစ်သည့်အပြင် ကျောက်ဆစ်ကုန်းမြေဖြစ်နေသည့်အတွက်လည်း အင်မတန်မှ သောက်သုံးရေအခက်အခဲရှိသည့် ကျေးရွာအုပ်စုဖြစ်ပါကြောင်း၊ အိမ်ထောင်စုအားဖြင့်လည်း ၁၂၃၄ခု၊ လူဦးရေစုစုပေါင်း ၆၅၃၅ ဦးအပြင် ကျွဲ၊ နွား၊ သိုး၊ ဆိတ် တိရစ္ဆာန် ၃၆၀၀ ရှိပါကြောင်း၊ ရေကောင်းရေသန့်ရရှိရေးအတွက် စက်ရေတွင်းများကို ပေပေါင်း ၁၅၀၀ ထိတူးဖော်သော် လည်း ရေချိုမရဘဲ ရေငံများသာထွက်ရှိနေခြင်းကြောင့် ကျေးရွာမှ တစ်မိုင်ခန့် ကွာဝေးသည့် ချောင်းအတွင်းမှ လက်ယက်တွင်းတူးပြီး ရေစည်လှည်းများ၊ ကင်းနားလက်ဝဲမြောင်းက ရေကို ထော်လာဂျီမိုးရေကန်များဖြင့် သယ်တိုက်သုံးစွဲလျက်ရှိနေပါကြောင်း၊
သို့ဖြစ်ပါ၍ ဘုရားစုကျေးရွာအုပ်စု၏မြောက်ဘက် ပေ ၃၉၆၀၊ ၆ ဖာလုံခန့်ဝေးသော ဒိုင်ကောင်း ကုန်း ကျေးရွာက ရှစ်လက်မစက်ရေတွင်းတူးဖော်ပြီး ဘုရားစုသောက်သုံးရေသန့် ရရှိရေးအတွက် ဖြန့်ဝေပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနက နိုင်ငံတော်အထောက်အပံ့နှင့် ဆောင်ရွက် ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၆၉ အုပ်စု၊ ကျေးရွာပေါင်း ၂၁၈ ရွာရှိပြီး ဝမ်းတွင်း မြို့နယ်အတွင်း သောက်သုံးရေရှားပါးခြင်းကြောင့် ရေရရှိရေးဆောင်ရွက်နေသည့် ဘုရားစုကျေးရွာ အုပ်စုတွင် ကျေးရွာကိုးရွာအပါအဝင် အိမ်ခြေ ၁၂၃၄ အိမ်နှင့် လူဦးရေ ၆၅၃၅ ဦးရှိပါကြောင်း၊ အဆိုပါ ကျေးရွာများ ရေရရှိရေးအတွက် ဘုရားစုကျေးရွာအုပ်စု၏ မြောက်ဘက်ပေ ၄၀၀၀ ခန့် ကွာဝေးသော ဒိုင်ကောင်းကုန်းကျေးရွာတွင် စက်ရေတွင်းတူးဖော်ပြီး ရွာကိုးရွာသို့ ရေဖြန့်ဝေနိုင်ရေး ဆောင်ရွက် လိုခြင်းလည်း ဖြစ်ပါကြောင်း၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ကျပ်သန်း ၄၀ ဖြင့် ပင်းတလဲကျေးရွာနှင့် လေးမျက်နှာ ကျေးရွာနှစ်ရွာမှ စက်ရေတွင်း နှစ်တွင်းတူးဖော်ရန် လျာထားခွင့်ပြုခဲ့ပြီးလည်း ဖြစ်သည့်အပြင် ကျောက်ကန်ကျေးရွာ၊ ထိန်ပင်အင်းတောင် ကျေးရွာ၊ ကန်သစ်တောင်ကျေးရွာနှင့် ကန်သစ်မြောက်ကျေးရွာလေးရွာများတွင် မြေသားကန်လေးကန် တူးဖောရန်နှင့် ဒိုင်ကောင်းကုန်းရွာတွင် ၄ လက်မ စက်ရေတွင်းတူးဖော်ခြင်းတို့ဆောင်ရွက်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် မူလရန်ပုံငွေမှာ ငွေကျပ် ၅၇.၇၆ သန်းလျာထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ကျန်ရှိသော ကျေးရွာ ငါးရွာသောက်သုံးရေရရှိရေးအတွက် ၂၀၁၅-၁၆ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်းမှာ ဦးစား ပေး အစီအစဉ်အတိုင်း ရန်ပုံငွေတင်ပြတောင်းခံ ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဦးသန်းမြင့်၊ ဝမ်းတွင်းမဲဆန္ဒနယ်မှ ထပ်ဆင့်မေးခွန်းမေးမြန်းပါသည်။
ဘုရားစုကျေးရွာအုပ်စုမှာရှိသည့် ရွာကိုးရွာအနက် လေးရွာကို ကန်တူးပေးမည့် အစီအစဉ်ရှိကြောင်း သိရသော်လည်း ၎င်းကျေးရွာရှိ ကိုးရွာအတွက် ဆက်လက် ခက်ခဲနိုင်သည့် အနေအထား ဖြစ်နေပါကြောင်း၊ ယနေ့ နိုင်ငံတော်အစိုးရကလည်း ကျေးလက်ဒေသ သောက်သုံး ရေရရှိရေးပေါ်မှာ အလေးထားဆောင်ရွက်နေသည့်အတွက်လည်း ၎င်း ကျေးရွာများ သောက်သုံးရေရရှိရေးကို အထူးဦးစားပေး ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ ထပ် ဆင့်သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ဒိုင်ကောင်းကုန်းကျေးရွာတွင် လက်တလော စက်ရေတွင်းတစ်တွင်း ရှိသော်လည်း ရေမရသည့်အတွက် လို့ ပျက်စီးနေကြောင်းကို သိရှိရပါကြောင်း၊ ဒိုင်ကောင်းကုန်းကျေးရွာနှင့် ရွာကိုးရွာတို့၏ အကွာအဝေးများကိုလည်း ကွင်းဆင်း တိုင်းတားခဲ့ရာ အဝေးဆုံးအနေဖြင့် ဒိုင်ကောင်းကုန်း- ထိန်ပင်အင်းက ပေ ၁၀၀၀၀ ရှိပြီး၊ ဒိုင်ကောင်းကုန်း- ရုံးတောက အနီးဆုံး ပေ ၄၀၀၀ ရှိပါကြောင်း၊ ထို့ကြောင့် ဒိုင်ကောင်းကုန်းကျေးရွာတွင် တူး မည်ဆိုပါက ယခင်တူးထားပြီးသား တွင်းအနေအထားကို ပြန်ကြည့်ပြီး နောက်နှစ်လာမည့် ဘတ်ဂျက် များတွင် ရေကန်လေးကန်တူးဖော်ခြင်းကို ခေါင်းစဉ်ပြောင်း ဆောင်ရွက်မည်ဆိုလျှင်လည်း ရပါကြောင်း၊ မိမိတို့အနေဖြင့် ကွင်းဆင်း စမ်းသပ်ပြီးမှသာ တွက်ချက်တင်ပြလိုကြောင်း ထပ်မံဖြေကြားပါသည်။
