ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကုန်းပြင်ကျေးရွာ၊ ရွာသာကြီးကျေးရွာတို့နှင့် ဆက်သွယ် ထားသော ရေနောက်ဝ(ရွာသာကြီး)တံတားသည် ပေ ၁၀၀ ရှည်သော သစ်သား အမျိုးအစားတံတားဖြစ်ပါကြောင်း၊ ၎င်းရေနောက်ဝတံတား သည် ကျေးရွာ အုပ်စုများဖြစ်ကြသော သက်ကယ်ကျင်း၊ ရွာသစ်ကြီး၊ မိဿလင်၊ ပန်းပုကွင်း၊ လက်ပံပင်၊ ကုန်းပြင်ကျေးရွာများတွင် နေထိုင်ကြသော အိမ်ထောင်စုပေါင်း ၂၁၅၀၊ လူဦးရေပေါင်း ၁၀၇၀၀ ကျော်တို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကိစ္စရပ်များအတွက် အဓိကသုံးစွဲနေရသည့် တံတားတစ်စင်း ဖြစ်သော် လည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရ လက်ထက်တွင် တည်ဆောက်ပေးသည့် ကျေးလက်ဖွံ့ဖြိုးရေးတံတားဖြစ်သော်ကြောင့် နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်၍ ဟောင်းနွမ်းနေသည့်အပြင် ဒေသခံပြည်သူများအတွက် အန္တရာယ်ကျရောက်နေသော အနေအထားမျိုးရောက်ရှိနေပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကုန်းပြင် ကျေးရွာနှင့် ရွာသာကြီးကျေးရွာသို့ ဆက်သွယ်ထားသောဟောင်းနွမ်း ယိုယွင်းနေသည့် ရေနောက်ဝ ရွာသာကြီးတံတားအား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာနှင့် ရွာသစ်ကြီးကျေးရွာသို့ ဆက်သွယ် ထားသော ရေနောက်ဝ (ခေါ်) ရွာသစ်ကြီးတံတားသည် အလျားအဖြစ် ၉၆ ပေ၊ အနံ ၁၂ ပေနှင့် အမြင့် ပေ ၂၀ ရှိပြီး ကျေးရွာ ၄၆ ရွာ၊ လူဦးရေ ၁၀၇၅၀ ဦးအား အကျိုးပြုနေသော လမ်းဖြစ်ကြောင်း အဆိုပါတံတား အား ပြန်လည်ပြင်ဆင် တည်ဆောက်သည့်အခါတွင် အလျားပေ ၁၀၀၊ အနံ ၁၄ ပေ၊ အမြင့်ပေ ၂၀ အတိုင်းအတာ သံကူကွန်ကရစ် သံဘောင်ယက်မ၊ သစ်သားကြမ်းခင်း တည်ဆောက်မည်ဆိုပါက ကျပ်ငွေ သိန်း ၆၀ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊
ရေကြည်မြို့နယ်အတွင်းတွင်ရှိသော ကုန်းပြင်ကျေးရွာနှင့် ရွာသစ်ကြီးကျေးရွာများကို ဆက်သွယ်ထား သည့် ရေနောက်ဝခေါ် ရွာသစ်ကြီတံတားအား မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီး ဌာန၏ ၂၀၁၄-၁၅ လာမည့်ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် လျာထားပြီးဖြစ်ပါကြောင်း၊ ဖြေကြားပါသည်။
