(ခ)-သစ်တောများကိုကာကွယ်စောင့်ရှောက်ရာတွင် ထိရောက်မှုရှိစေရန်ဝန်ထမ်းများ တိုးချဲ့ထားပေး ရန်နှင့်သက်ဆိုင်ရာဌာနများသို့ဆုပေး၊ဒဏ်ပေးစနစ် ကျင့်သုံးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၁၇.၃.၂၀၁၄)

ဦးစိုးသိန်း (ကလေးဝ)မိမိအနေဖြင့် အနာဂတ်တိုင်းပြည်နှင့် အနာဂတ်မျိုးဆက်သစ်တွေအတွက် ရည်ရွယ် ပြီး မေးမြန်းခြင်းဖြစ်ပါကြောင်း၊ မဟာမြိုင်သစ်တောကြီးကဝင်ငွေ၏ မည်မျှရရှိမည် ကိုဆိုသည်ကို သြဂုတ်လတွင်က မိမိမေးမြန်းခဲ့ရာတွင်  ဝန်ကြီးဌာနမှ ၁၉၅.၄၄ သန်းရ ရှိခဲ့ကြောင်း ဖြေကြားခဲ့သည့်အတွက် အင်မတန်မှ အားရဖွှယ်ရာဖြစ်ပါကြောင်း၊ သို့သော် ပြီးခဲ့သည့် ဇန်နဝါရီလတွင် ကလေးဝမြို့နယ်ထဲ၌ သစ်မာများဖမ်းမိ ခဲ့ကြောင်း၊ စစ်ကိုင်းမြို့ထဲတွင် ကားမှောက်သည်အထိ တင်လာခဲ့သည့် သစ်များ၏ အရွယ်အစားကြည့်မည်ဆိုပါက Burma Slition System ဆိုသည့် ဥပဒေနှင့် အတော် ပင်ကွာခြားနေသည်ကို တွေ့ရပါကြောင်း၊

အင်္ဂလိပ်အုပ်ချုပ်မှုခေတ်အချိန်ကစပြီး မြန်မာ့သစ်တောများကို မပြုန်းတီးအောင် စနစ်တကျရွေးချယ်ထုတ်လုပ်ခြင်းဖြင့် အနာဂတ်သစ်တောထုတ်အား ခန့်မှန်းတွက်ချက်နိုင်ပါကြောင်း။  ၁၉၂၀ ခုနှစ်တွင် သစ်တောဥပဒေပြဋ္ဌာန်းပြီး သစ်တောကြိုးဝိုင်း၊ ကြိုးပြင်တောများကို စနစ်တကျဖွဲ့စည်းပြီး အဖွဲ့အလိုက် ထုတ်ယူကာ နှစ်သုံးဆယ်ကြာလျှင်တစ်ကြိမ် ထုတ်ခဲ့ပါကြောင်းနှင့် မြန်မာ့ ကျွန်းသစ်နှင့်ပတ်သက်ပြီးနောက် သစ်မာ ထုတ်လုပ်ခြင်းနှင့်အတူ သစ်မာပင်တိုင် အောက်ခြင်းတို့၊ ပင်ထောင်ရိုက်ခြင်းတို့ကိုလည်း စနစ်တကျ လုပ်ခဲ့ ပါကြောင်း၊

မြန်မာနိုင်ငံ၏ သီပေါဘုရင် သီပေါမင်းကြီးသည်လည်း ဘုံဘေဗားမားသစ်ကုမ္ပဏီ ခိုးထုတ်မှုအား အရေးယူခဲ့မှုကြောင့် တတိယအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပဲှဖြစ်ပြီး သူ့ကျွန်ဘဝရောက်ခဲ့ရပါကြောင်း၊  သီပေါမင်း သည်အစစအရာရာမယှဉ်ပြိုင်နိုင်သည့် အင်္ဂလိပ်အား ရှုံးနိမ့်မည်ကို သိပါလျက်နှင့် သစ်တောအား ကာကွယ်ရန် အလွန်အရေးကြီးပါသဖြင့် စည်းကမ်းမရှိသော ကုမ္ပဏီအား ထိ‌ရောက်စွာ အရေးယူခဲ့သည်ကို တွေ့မြင်ရမည်ဖြစ် ပါကြောင်း၊  MP ဟုခေါ်သည့် Modified  Procedure ပြဋ္ဌာန်းခြင်းတစ်ခုကြောင့် မိမိတို့သစ်တောသည် ထိုကဲ့သို့ပင် နစ်နာထိခိုက်လာသည်ကို သိရှိရပါကြောင်း၊

သစ်တော၊ သစ်ပင်၊ ချုံပုတ်များသည် လေဒဏ်ကိုကာ၍ လေပြင်းတိုက်ခြင်းကိုလည်း အရှိန်လျှော့စေ ကာမြေဆီ လွှာတိုက်စားခြင်း၊ ချောင်းများ၊ အိုင်များ၊ မြစ်များ ကောခြင်းများမှ ကာကွယ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ မြန်မာနိုင်ငံတော်အတွင်း သဘာဝသယံဇာတများ တရားဝင်ထုတ်ယူခွင့် အရေအတွက်၊ အမှန် ထုတ်ယူသော အရေအတွက်၊ တရားမဝင်ထုတ်ယူနေသော (ဖမ်းဆီးရ)အရေအတွက်များနှင့် စာရင်းအရ ကျန်ရှိမည့်အရေ အတွက်နှင့် မှန်ကန် အမှန်ကျန်ရှိမည့်စာရင်း ကွာခြားမှုရှိ/မရှိနှင့် မျိုးစေ့မပျက် Mother Fruits များ ထားရှိရမည် ဟူသော စည်းကမ်းချက်သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်ပါသည်ဟု ယူဆပါကြောင်း၊  ထို့ကြောင့် ကလေးဝမြို့နယ်နှင့် ထိစပ်လျက်ရှိသော သစ်တောကြိုးဝိုင်းများမှ သစ်တောကြိုးဝိုင်း အလိုက် တရားဝင်ထုတ်ယူသော သစ်တန်အရေအတွက်၊  ဖော်ပြပါ ကြိုးဝိုင်းအတွင်းတွင် တရား မဝင်ဖမ်းဆီးရရှိသော အရေအတွက်၊ ပိုင်ရှင်ဖြင့် ဖမ်းဆီးသစ်များ ပြန်လည်ရောင်းချသော ပုဂ္ဂိုလ်အမည်၊ အဖွဲ့အစည်းအမည်များနှင့် အရေအတွက၊် ကလေးဝမြို့နယ်အတွင်း သက်ကယ်ကျင်း ကျေးရွာနှင့်ချင်းချောင်းကျေးရွာ ဆက်သွယ်သောလမ်း ကို ဖောက်လုပ်ပေးရန် ရန်ပုံငွေများ နည်းသည့်အတွက် မပေးနိုင်ဘူးသော်လည်း တရားဝင်သစ်၊ တရားမဝင်သစ် များ ထုတ်ပေးသည့်လမ်းများသည် မဟာမြိုင်သစ်တောထဲမှ ထုတ်ပေးသည်ကို သိရှိခြင်းရှိ/မရှိ။  နေပြည်တော်၊ ဘယဆေးဥယျာဉ်ကဲ့သို့ သစ်တောကြိုးဝိုင်း များအတွင်း ဘယဆေးများကိုထုတ်၍ သယံဇာတပျက် သုဉ်းမှု ကာကွယ်ခြင်းနှင့် ဒေသခံတို့အတွက် လုပ်ငန်းပေါ်ပေါက်ရန် စားဝတ်နေရေး အထောက်အကူပြုလုပ်ငန်းများ အစီအစဉ်ရှိ/မရှိ၊ နိုင်ငံခြားသို့ သစ်လုံးအလိုက်ရောင်းချမှု ပိတ်ပင်၍ အချောထည်များ တင်ပို့ရောင်းချ မည့် နိုင်ငံတော်အစီအစဉ်အရ သစ်ထုတ်လုပ်နေသော သစ်တောကြိုးဝိုင်းအတွင်းနှင့် အချောကိုင်ဆေးရုံများ တည်ဆောက်သည့် လုပ်ငန်းလုပ်ပါက နှစ်စဉ် ပြင်ဆင်နေသောလမ်းများ ပျက်စီးမှုကာကွယ်ရာရောက်ပြီး ဒေသ ခံတို့အတွက် လုပ်ငန်းများပေါ်ပေါက်လာမည့် အစီအစဉ်ကိုသိရှိခြင်းရှိ/မရှိ၊ သစ်တောများ သစ်တောသယံဇာတများ ကာကွယ်ထိန်းသိမ်းရန် အဓိကတာဝန်ရှိသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည် ထဲရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်တပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပိုင်ရှင်မဲ့သစ် များ ဖမ်းဆီးမှုမရှိခင် ကြိုတင်သိရှိခြင်း၊ ကြိုတင်ကာကွယ်ခြင်းများအား ဆောင်ရွက်မှု အားနည်းခြင်းကို သိခြင်းရှိ/မရှိ။  သဘာဝသစ်တောကာကွယ်စောင့်ရှောက်ရေး ထိရောက်မှုမရှိစေရန် ဝန်ထမ်းများ တိုးချဲ့ခန့်ထားရန် အစီအစဉ်ရှိ/ မရှိ။ သဘာဝသစ်တောများကာကွယ်စောင့်ရှောက်ခြင်းအတွက် သက်ဆိုင်ရာဌာနများသို့ ဆုပေး/ဒဏ်ပေးစနစ် ကျင့်သုံးရန် အစီအစဉ်ရှိ/မရှိဆိုသည်များကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၊ဦးဝင်းထွန်း
အဖြေ

ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိမ်း၏ ဆွေးနွေးတင်ပြချက်များသည် မိမိတို့ ဝန်ကြီးဌာန ခံယူကျင့်သုံးလျက်ရှိသော ထုပ်ထုံးလုပ်နည်းများ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့် တစ်ထပ်တည်း ကျပါကြောင်းနှင့်  ထိုကဲ့သို့ပင် ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊  သို့သော်လည်း အကြောင်းကြောင်းကြောင့် တရားမဝင်ဆောင်ရွက်မှုများ  အလွန်အကျွံ ဖြစ်ပေါ်နေပါကြောင်း၊ မသမာသော စီးပွားရေးလုပ်ငန်းရှင်များက မသိနည်းမလည်သော  ကျေးလက်နေပြည်သူများကို စည်းရုံးသိမ်းသွင်းပြီး ယာဉ်စို့လုံးဝမပြည့်မှီသော အနာဂတ်အတွက် ချန်ထားသော် လည်း တရားမဝင်ခုတ်လှဲသယ်ဆောင် နေကြသည်မပါကြောင်း၊ အထူးသဖြင့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ကချင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အစပ်ကြားဒေသများအတွင်း အလွန်အကျွံဖြစ်နေသည်ကိုတွေ့ရှိရပါကြောင်း၊  မိမိတို့ ဝန်ကြီးဌာနအနေနှင့်  အဆိုကိစ္စများကို အထူးအရေးယူဆောင်ရွက်နေသကဲ့သို့ ရဲတပ်ဖွဲ့၏ အကူအညီများ တပ်မတော်နှင့် ပူပေါင်းဆောင်ရွက်ရမည့် အနေအထားများကိုလည်း နိုင်ငံတော် သမ္မတရုံးမှတစ်ဆင့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆက်စပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ကယား ပြည်နယ်၊ လွိုင်ကော်မြို့ပေါ် စည်ပင်သာယာနယ်နိမိတ်အတွင်းမှာပင်  သတင်းအရ ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ ပိတောက်၊ တစ်မလန်း၊ ဒိုက်ရွေ့တောများကို တန် ၄၀၀ ကျော် ဖမ်းဆီရမိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနကလည်း အဆိုပါကဲ့သို့ ကိစ္စရပ်များကို အလွန်စိုးရိမ်ပြီး တာဝန်လည်းရှိသည်ဟု ခံယူကာ ကာကွယ်တားဆီး ဆောင်ရွက်ရန် ကြိုးစားအားထုတ်လျက်ပဲရှိပါကြောင်း၊

သစ်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အထိ ကလေးဝမြို့နယ်အတွင်းနှင့် မြို့နယ်နှင့်ထိစပ်လျက်ရှိသော ကြိုးဝိုင်းများဖြစ်သည့် ပလ္လင် ကြိုးဝိုင်းမှ ကျွန်း ၇၁၆ တန်နှင့် သစ်မာ ၁၆၈၁ တန်၊ ရွှေကျင်ကြိုးဝိုင်းမှ သစ်မာ ၈၁၄၈ တန်၊ ဖုန်းသုန်း ကြိုးဝိုင်းမှ ကျွန်း ၃၁၂၅ တန်နှင့်  သစ်မာ ၂၁၂၈၆ တန်၊ မဟာမြိုင်ကြိုးဝိုင်းမှ သစ်မာ ၄၅၀ တန်၊ မထု ကြိုးဝိုင်းမှ ကျွန်း ၁၂၁၈ တန်နှင့် သစ်မာ ၅၄၅၇၂ တန်၊ မန်ဖာကြိုးဝိုင်းမှ သစ်မာ ၅၈၃၀ တန်၊ မော်တုန် ကြီးကြိုးဝိုင်းမှ ကျွန်းသစ် ၁၀၄၂ တန်နှင့် သစ်မာ ၇၂၆၀ တန်၊ စုစုပေါင်း ကျွန်းသစ် ၆၁၀၁ တန်နှင့် သစ်မာ ၉၉၁၉၇ တန်ကို ထုတ်လုပ်ခဲ့ပါကြောင်း၊  တရားမဝင်သစ်များ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အထိ ကလေးဝမြို့နယ် အတွင်းတွင် ကျွန်းသစ်လုံး ၂၁၈ တန်၊ ကျွန်းခွဲသား ၇၂ တန်၊ သစ်မာသစ်လုံး ၈၈ တန်၊ သစ်မာသစ်ခွဲ ၅၀၆ တန်၊ အခြာသားသစ်လုံး ၁၆၅ တန်နှင့် အခြားသားခွဲသား ၁၅၁ တန် စုစုပေါင်း ကျွန်း၊ သစ်မာနှင့် အခြားသားစုစုပေါင်း ၁၂၀၀ တန်ဖမ်းဆီး ရမိခဲ့ပါကြောင်း၊

ထိုကဲ့သို့  ဖမ်းဆီးရမိသည့်သစ်များကို  မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာရှိ ရွာသစ် ၄ ရွာအတွက် အိမ်များဆောက်လုပ်ရန်၊ ကန့်ဘလူမြို့ရှိ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံနှင့် အများပြည်သူသုံးအတွက် စုစုပေါင်းတန်ဖိုးအားဖြင့် ၃၂၀၇၃၁၀၀ ကျပ် (သိန်းသုံးရာ့နှစ်ဆယ်ခုနှစ်သောင်း သုံးထောင်တစ်ရာကျပ်) တန်ဖိုးရှိ သစ်မာ ၁၉၂ တန်နှင့် အခြားသား ၁၂၁ တန်ကို ရောင်းချပေးခဲ့ပါကြောင်း၊ ဖမ်းဆီးရမိသစ်များမှ ရောင်းတန်းဝင်သစ်များကို သစ်တောဦးစီးဌာနမှ မြန်မာ့ သစ်လုပ်ငန်းသို့လွှဲပြောင်း ထုခွဲရောင်းချရပါကြောင်း၊  ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း ကလေးဝဒေသမှ ဖမ်းဆီးရမိသောကျွန်းသစ် ၇၀၄ တန်ကျော် လွှဲပြောင်းပေးအပ်နိုင်ခဲ့သည့်နည်းတူ အဆိုပါ ဖမ်းဆီးရမိသစ်များအနက်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း မြန်မာကျပ်ငွေ ၁၇၃၅.၉၅၆ သန်း(ကျပ်တစ်ထောင့်ခုနစ်ရာသုံးဆယ့်ခြောက်သန်း)ခန့် တန်ဖိုးရှိသည့် သစ် ၄၈၂ တန်ကျော်နှင့် အမေရိကန်ဒေါ်လာ ၂၁၈၁၅၄.၀၇၄ (နှစ်သိန်းတစ်သောင်းရှစ်ထောင် ကျော်)တန်ဖိုးရှိသည့် သစ် ၂၂၂ တန်ကျော်တို့ကို အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချနိုင်ခဲ့ပါကြောင်း။

ကလေးဝမြို့နယ် မဟာမြိုင်တောအတွင်း အမာခံလမ်းအနေဖြင့် ၂၇ မိုင်ရှိသည့် ကလေးဝ-မဟာမြိုင် - ရေဦး မြေသား/ကျောက်ကြမ်းလမ်းနှင့် ၁၄ မိုင်ရှိသည့် သက်က္ကယ်ကျင်း-မော်လိုက်- ခန္တီးမြေသားလမ်းတို့ရှိပြီး အဆိုပါ ပင်မလမ်းနှစ်ခုနှင့် သစ်ထုတ်ခွင့်ရ ကြိုးဝိုင်းများနှင့် ချင်းတွင်း မြစ်ဘေးရှိ မေက္ကတော် သစ်ဆိပ်အကြား တွင် မြန်မာ့သစ်လုပ်ငန်းမှ သစ်ထုတ်ရာသီတွင် သစ်များ သစ်တိုက်သယ်ယူနိုင်ရန်အတွက် အရှည်မိုင် ၄၀မှ ၆၀ အတွင်းရှိသော မြေသားလမ်းကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဖောက်လုပ်ခဲ့ပါကြောင်း၊ အဆိုပါ လမ်းများ၏ အချက်အခြာကျသော နေရာများတွင် သစ်တောစစ်ဆေးရေး ကင်းစခန်းများနှင့်  ကာကွယ်စောင့်ရှောက်လျက်ရှိပြီး သစ်ခိုးသူများ လမ်းအသုံးမပြုနိုင်စေရန်အတွက် သစ်ထုတ်ရာသီပြီးလျှင် ယာယီတံတားများကို ဖျက်ဆီးရသည့်အပြင် သစ်ထုတ်လမ်းများ၊ ပင်မလမ်းများကို သစ်တောဦးစီးဌာန ဝန်ထမ်းများက ရှောင်တခင်စစ်ဆေးခြင်း၊ ပုံမှန်စစ်ဆေးခြင်းနည်းလမ်းများဖြင့် ကာကွယ်စောင့်ရှောက်လျက် ရှိပါကြောင်း၊  

သစ်တောကြိုးဝိုင်းများအတွင်း ပရဆေးစိုက်ခင်းကြီးများ တည်ထောင်ရန်မှာ လိုအပ်သောပရဆေးပင်များ စုဆောင်း ရန်နှင့် ပရဆေးပင်စိုက်ပျိုးပြုစုရန် ပညာရှင်လုံလောက်မှုမရှိခြင်း၊ ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရန် မလွယ် ကူခြင်းတို့ကြောင့် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း၊

ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန အနေဖြင့် သစ်အချောထည်စက်ရုံများကို စက်မှုဇုံများ၊ စည်ပင်သာယာရေး နယ်နိမိတ်များအတွင်းတွင် သစ်တောဝန်ထမ်းများ အချိန်မရွေးအလွယ်တကူ ဝင်ရောက် စစ်ဆေးနိုင်သည့်ဒေသများတွင်သာလျင် တည်ထောင်လုပ်ကိုင်ခွင့်ပြုထားပါကြောင်း၊  သစ်တောကြိုးဝိုင်းများ အတွင်း သစ်အချောထည် သစ်စက်များ တည်ထောင်လုပ်ကိုင်ခွင့်ပြုပါက ထိန်းချုပ်ရန်ခက်ခဲပြီး မလိုလားအပ်သော ကိစ္စရပ်များ ပေါ်ပေါက်လာနိုင်ခြင်းကြောင့် လတ်တလော အခြေအနေတွင်  သစ်တောကြိုးဝိုင်းများအတွင်း သစ်အချောထည်သစ်ရုံများ တည်ထောင် လုပ်ကိုင်ခြင်းကို ခွင့်မပြုပါကြောင်း။

သစ်တောသယံဇာတများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် သစ်‌တောဦးစီးဌာနများအနေဖြင့် သတင်းပေးအမာခံများ မွေးမြူ၍ သစ်ခိုးမှု သတင်းစုဆောင်းရယူခြင်း၊ နယ်မြေအတွင်း သတင်းထောက်လှမ်းခြင်း၊ ဆက်စပ်အဖွဲ့အစည်းများမှ သတင်း ရယူခြင်းနှင့် အထက်ဌာနမှ ချပြလာသော သတင်းများနှင့် တိုင်ကြားလာမှုတို့မှ သတင်းအချက် အလက်များရရှိခြင်းတို့ကို အခြေခံ၍ သစ်တောကြိုးဝိုင်းများအတွင်း မခုတ်လှဲမီ ကြိုတင်ကာကွယ်ခြင်း၊ စုပုံနေစဉ် ဖော်ထုတ်ဖမ်းဆီးခြင်းနှင့် သစ်ခိုးထုတ်သယ် ယူနေစဉ် ပိတ်ဆို့ဖမ်းဆီးခြင်းတို့ကို စိစစ်ဆောင် ရွက်လျက်ရှိပါကြောင်းနှင့် စုဆောင်းရရှိသော သတင်းအချက်အလက်များအရ နယ်မြေလုံခြုံရေး အခြေအနေပေါ်မူ တည်ပြီး သစ်တောဝန်ထမ်းများမှလည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်/ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ လုံခြုံရေးအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့များမှလည်းကောင်း အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ဖမ်းဆီးမှုများ ကိုစီမံချက်ချ ဆောင်ရွက်လျက် ရှိပါကြောင်း၊

တရားမဝင် သစ်ထုတ် သယ်ယူမှုများကို ကြိုတင်တားဆီးကာကွယ်သည့်အနေဖြင့် သက်ဆိုင်ရာ ပြည်နယ် /တိုင်းဒေ သကြီး အစီအစဉ်ဖြင့် သစ်တောဦးစီးရုံးချုပ်၏ စီမံမှုတို့ဖြင့် လစဉ် စစ်ကြောင်းများအသွင်ဖြင့် စီမံချက်များရေးဆွဲပြီး တာဝန်ခံညွှန်ကြားရေးမှူး၊ လ/ထညွှန်ကြားရေးမှူး၊ များကိုယ်တိုင် ဦးဆောင်၍ သဘာဝတောအခြေအနေနှင့် သစ်ခိုးယူမှုအများဆုံးဖြစ်ပွားသည့် နေရာများကို စိစစ်ရွေးချယ်ပြီး ကွင်းနင်းစစ်ဆေး ဖမ်းဆီးမှုများ ပုံမှန်ဆောင်ရွက် လျက်ရှိသည့်အပြင် သဘာဝသစ်တောများ ကာကွယ်စောင့် ရှောက်ခြင်း နှင့် တရားမဝင်သစ်ထုတ်ယူမှု များကို တားဆီးနှိမ်နင်းခြင်းတို့ကို အင်အား တိုးမြှင့်ဆောင်ရွက်နိုင်စေရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့်ပူပေါင်း၍ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ကို ရဲမှူးကြီးတစ်ဦး ဦးဆောင်လျက် တပ်သားအင်အား ၃၀၀ ခန့်ဖြင့် အသစ်ပြန်လည်ပြင်ဆင်စုဖွဲ့ လေ့ကျင့်ပေးထားပြီးဖြစ်ပါကြောင်း၊  ယခုအခါမိုးမိတ်၊ မဘိမ်းမြို့နယ်များ အတွင်းတစ်ဖက်နိုင်ငံနယ်စပ်သို့ သစ်ခိုးရောင်းနေသည့် လမ်းကြောင်းများတွင် ပိတ်ဆို့ဖမ်းဆီးရေးလုပ်ငန်းများကို စီမံချက်ချဆောင်ရွက်လျက်ရှိပါကြောင်း။

သဘာဝသစ်တောများကို ထိရောက်စွာကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တရားမဝင်သစ် ဖမ်းဆီးရေးကို အရှိန်အဟုန်မြှင့် ဖမ်းဆီးလျက်ရှိပြီး တရားမဝင်သစ်ဖမ်းဆီးမှု ပိုမိုတက်ကြွစွာ ဆောင်ရွက် လာစေရေးအတွက် သတင်းပေးသူအား ဖမ်ဆီးသစ်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းနှင့် ဖမ်းဆီးသည့်သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ အား ဖမ်းဆီးသစ်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို အသီးသီးဆုကြေး ငွေများ ချီးမြှင့်ပေးလျက်ရှိရာတွင်  ၂၀၁၁-၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သစ်တောဝန်ထမ်းများအား ၉၅၆၉ ၂၈၀၀ ကျပ်ကိုလည်းကောင်း၊ အထူးအရာရှိများအား ၇၁၂၇၀၀၀ ကျပ်ကိုလည်းကောင်း၊ တပ်မတော် သားများ အား ၅၂၆၄၀၀ကျပ် နှင့် ရဲတပ်ဖွဲ့ဝင်များအား ၈၅၅၉၀၀၀ ကျပ် တို့ကိုဆုကြေးများအဖြစ်  ချီးမြှင့် ထုတ်ပေး ခဲ့ပြီးဖြစ်ပါကြောင်းနှင့်  ကလေးဝမြို့နယ်ရှိ သစ်တောဝန်ထမ်းများအား ၆၉၅၂၀၁၀ ကျပ် ကိုလည်း ဆုကြေး ငွေအဖြစ် ချီးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် တရားမဝင် သစ်ထုတ်လုပ်ယူမှုများတွင် ပါဝင်ပတ်သက်သော သစ်တောဝန်ထမ်းများကိုလည်းပဲ တစ်ဖက်မှ ထိရောက်စွာအရေးယူဆောင်ရွက် လျက်ရှိ ပါကြောင်း၊

သို့ဖြစ်ပါ၍ ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် သစ်တောမူဝါဒပါပြဋ္ဌာန်းချက် များနှင့်အညီ သစ်တောသဘာဝသယံဇာတများ ထာဝစဉ်တည်တံ့စေရေးအတွက် သဘာဝသစ်တောများမှ နှစ်စဉ် ထုတ်လုပ်ပေးနိုင်သည့် သစ်ပမာဏကို စနစ်တကျတွက်ချက်ပြီး ထုတ်လုပ်လျက်ရှိသည့်နည်းတူ သဘာဝ သစ်တောကြီးများ အတွင်းရှိ သစ်တောသယံဇာတများထိန်းသိမ်းကာကွယ်နိုင်ရေးအတွက်လည်း ကြိုတင်၍ကာ ကွယ်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊ တရားဥပဒေသက်ရောက်မှု အားကောင်း လာစေရန် ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ မက်လုံးပေးခြင်းစသည့် နည်းလမ်း ပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးပမ်း အားထုတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း  ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။