မိမိအနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီး၊ ဒေသခံပြည်သူများ၏ ကိုယ်စား အောက် ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊ မေးခွန်း (၁) ခမ်းပါတ်မြို့နယ်ခွဲ၊ နန်ကတိတ်ကျေးရွာအနီးရှိ သစ်ထုတ်လုပ်ကွင်းအတွက် သစ်ချကွင်းမြေကွက် အား ကျေးရွာလူငယ်/ လူရွယ်ဘောလုံးကွင်းများအဖြစ် သုံးစွဲခွင့်ပေးနိုင်ခြင်းရှိ /မရှိ။ မေးခွန်းနံပါတ်(၂) မြို့သစ်မြို့နယ် ခွဲ၊ အောင်ဇေယျကျေး ရွာမှ တောင်သူ ၁၄ ဦးခန့် လုပ်ကိုင်နေသော လယ်မြေဧက ၁၆၀ ဧကခန့်အား ကြိုးဝိုင်းပြင်ပတောအတွင်း မှ ကင်းလွတ်ခွင့်ပေး နိုင်ခြင်းရှိ/မရှိ။ မေးခွန်းနံပါတ်(၃) မြို့သစ်မြို့နယ်ခွဲ၊ မင်းတာ စံပြကျေးရွာအနီးရှိ သစ်တောဦးစီးဌာနမှ ကျွန်းစိုက်ခင်းဟု သတ်မှတ်ထားသည့် စိုက်ခင်းအား အိမ်ရာမြေကွက်များဖော် ထုတ်နိုင်ရန် အတွက် ကျေးရွာ ပိုင်မြေများအဖြစ် ပြန်လည်ပေးအပ်နိုင်ခြင်းရှိ/မရှိနှင့် မေးခွန်းနံပါတ်(၄) သစ်တော ဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဥပဒေနှင့်အညီ ကိုယ်ပိုင်အသုံးပြုခွင့်ရရှိနိုင်ရေးမည် သို့စီ မံ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ခမ်းပါတ်မြို့နယ်ခွဲ၊ နန်ကတိတ်ကျေးရွာအနီးတွင် သစ်ထုတ်ရေးအတွက် တောတွင်း မှထုတ်လုပ်သည့် သစ်လုံးများအား စုစည်းချထားရန်၊ သစ်ချကွင်းကို ၂၀၀၂-၂၀၀၃ ခုနှစ်မှစတင်၍ ၂၀၀၅-၀၆ ခုနှစ်ထိအသုံးပြုခဲ့ပြီး ၂၀၀၆ ခုနှစ်မှစ၍ ယနေ့အထိ အသုံးပြုခြင်း မရှိတော့ပါကြောင်း၊ သစ်ချကွင်း၏ အကျယ်မှာ ၁.၃၇ ဧကခန့်ရှိပြီး ဌာန အမည်ပေါက် တရားဝင်ပိုင်ဆိုင်မှု မရှိပါကြောင်း၊ အဆိုပါသစ်ကွင်းအတွင်း ဌာနပိုင် သစ်လုံး၊ အဆောက်အဦတစ်စုံတရာမရှိခြင်းနှင့် ဌာနလုပ်ငန်းများအတွက် ဆက်လက် အသုံးပြုရန် အခြေအနေမရှိခြင်း တို့ကြောင့် ကျေးရွာပိုင်လူငယ် ဘောလုံးကွင်းအဖြစ် အသုံးပြုခွင့်ရရှိရေးအတွက် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဆိုပါက မိမိတို့ဝန်ကြီးဌာနတို့အနေနှင့် ကန့်ကွက်ရန်မ ရှိကြောင်း၊
မြို့သစ်မြို့နယ်ခွဲ၊ အောင်ဇေယျကျေးရွာမှ တောင်သူ ၁၄ ဦးခန့် လုပ်ကိုင်နေသော လယ်ဧက ၁၆၀ ခန့်အား ကွင်းဆင်းစစ်ဆေးခဲ့ရာ အောင်ဇေယျကျေးရွာမှ တောင်သူ ၂၀ ဦး၏ လယ်မြေ ၁၄၁.၇၉ ဧကတွင် မင်းသမီးတောင်တန်းကြိုးပြင်ကာကွယ်တောအတွင်း ကျရောက်လျက်ရှိသည့်ကို စိစစ်တွေ့ရှိရပါသဖြင့် တမူးမြို့ နယ် အိမ်ခြေ ၅၀ အောက် ပြည်ထဲရေးအမည် မပေါက်ကျေးရွာများ၏ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောအတွင်း ဝင်ရောက်၍လုပ်ကိုင်လျက်ရှိကြသော လယ်မြေများစာရင်းတွင် ထပ်မံဖြည့်စွက်တင်ပြပြီး ကြိုးပြင်ကာ ကွယ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ရေးကို ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
မြို့သစ်မြို့နယ်ခွဲ၊ မင်းသားစံပြကျေးရွာအနီး ကျေးရွာပိုင်စိုက်ခင်းများအဖြစ် ၂၀၀၇ ခုနှစ်တွင် ခြံစည်းရိုး ကြက်ဆူ စိုက်ခင်း နှစ်ဧက၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် တစ်အုပ်တစ်မ ကျွန်းစိုက်ခင်း တစ်ဧကနှင့် ၂၀၁၂-၁၃ ခုနှစ်တွင် တစ်အုပ်တစ်မ ပျဉ်းကတိုးစိုက်ခင်း တစ်ဧက စုစုပေါင်း (၄)ဧကကို ကျေးရွာအစီအစဉ်ဖြင့် စိုက်ပျိုးထား ရှိ ပါကြောင်း၊ ဖော်ပြပါ ကြက်ဆူစိုက်ခင်းနှင့် ကျေးရွာပိုင်ကျွန်း/ပျဉ်း ကတိုးစိုက်ခင်းများသည် ဒေသခံပြည်သူများ အတွက် ဇီဝလောင်စာဆီနှင့် ကိုယ်ပိုင်သုံးသစ်ရရှိရေး အတွက်ရည်ရွယ်၍ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဌာနမှစည်းရုံးကြိုးပမ်းဆောင်ရွက်ထားသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ အဆိုပါ စိုက်ခင်းမြေနေရာသည် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောမြေအတွင်း ကျရောက်မှုမရှိပါကြောင်းနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်း များမှ စနစ်တကျစိစစ်၍ အပင်များကျဲပါးသောဧရိယာအား လုပ်ထုံး လုပ်နည်းနှင့်အညီ ကျေးရွာဖွံ့ဖြိုးရေး အတွက် စီမံဆောင်ရွက်သင့်ပါကြောင်း။
ဒေသခံတောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများက သစ်တောဥပဒေ၊ နည်းဥပဒေများ ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ကိုယ်ပိုင်သုံးသစ်သုံးစွဲနိုင်ရေးနှင့် စပ်လျဉ်း၍ ၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၁၇ အရ သစ်တောထွက်ပစ္စည်းများကို ခွင့်ပြုမိန့်ရရှိပြီးမှသာ ထုတ်ယူခွင့်ရှိပါသော်လည်း စီးပွားဖြစ်မဟုတ်သော မိမိသုံး၊ လယ်ယာလုပ်ငန်းသုံး သို့မဟုတ် ငါးဖမ်းလုပ်ငန်းသုံး အတွက်ဖြစ်လျှင် သတ်မှတ်ထားသော အရေအတွက် ထက်မကျော်လွန်ပါက ခွင့်ပြုမိန့်ရယူရန်မလိုဘဲ ထုတ်ယူနိုင်သည်ဟု သတ်မှတ်ပြဋ္ဌာန်းထားပါကြောင်း၊ ၁၉၉၅ ခုနှစ်၊ သစ်တောနည်းဥပဒေပုဒ်မ ၃၀ နည်း ဥပဒေခွဲ(က) အရ သုတေသနနှင့် ပညာရေးလုပ်ငန်း၊ ပြည်သူအကျိုးပြု သို့မဟုတ် ဘာသာရေး လုပ်ငန်းများတွင် သုံးစွဲရန်ဖြစ်သော သစ်တောထွက်ပစ္စည်းများနှင့် စီးပွားဖြစ်မဟုတ်သော မိမိသုံး၊ လယ်ယာလုပ်ငန်းသုံး သို့မဟုတ် ငါးဖမ်းလုပ်ငန်းသုံးအတွက် ထုတ်ယူသော သစ်တောထွက် ပစ္စည်း များကို ထုတ်ယူသည့်နေ့မှ တစ်နှစ်အတွင်းနှင့် ထုတ်ယူသည့်နေရာမှ မိုင် ၂၀ အတွင်း သုံးစွဲခြင်းနှင့် နည်းဥပဒေပုဒ်မ ၃၀၊ နည်းဥပဒေခွဲ(ခ)အရ မိမိသုံး၊ လယ်ယာသုံး သို့မဟုတ် ငါးဖမ်းလုပ်ငန်းသုံး အတွက် သတ်မှတ်အရေ အတွက်ထက်မကျော်လွန်ဘဲ ထုတ်ယူခြင်းကိစ္စများမှအပ အစိုးရစီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေ တွင်ပေါက်ရောက်နေသော တားမြစ်သစ်ပင်စာရင်းတွင် မပါဝင်သည့် သစ်ပင်နှင့်သစ်များကို ခွင့်ပြုချက် မရှိဘဲ ခုတ်လှဲထုတ်ယူခြင်းမပြုရဟု သတ်မှတ်ပြဋ္ဌာန်းထားရှိပါကြောင်း၊
သစ်တောဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကိုယ်ပိုင်သုံးသစ်အသုံးပြုခွင့်ရရှိရေးနှင့် ပတ်သက်၍ ကိုယ်ကျိုးစီးပွားအလွဲသုံးမှုများနှင့် ခွင့်ပြုချက်မဲ့စီးပွားဖြစ် တရားမဝင်ထုတ်လုပ်မှုများအား တားမြစ်ထားသော ကန့်သတ်ချက်များမှအပ ဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေး လိုအပ်ချက်များအပေါ်မူတည်၍ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအမြင်၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအမြင်၊ လူမှုစီးပွားရေးအမြင်တို့ဖြင့် ခွင့်ပြုသင့်သည့် နေရာ /သစ်အမျိုးအစား/တန်ပမာဏတို့ကို အသေးစိတ် စိစစ်ပြီးတော့ ခွင့်ပြုလျက်ရှိပါကြောင်း၊
ထို့အပြင် ဒေသခံပြည်သူများ နေထိုင်ရာဒေသများနှင့် သစ်တောထွက်ပစ္စည်းများ အထောက်အပံ့ပြုလျက် ရှိသော သစ်တောများ တဖြည်းဖြည်းအလှမ်းကွာဝေးသွားသည့်အတွက် ကျေး လက်နေပြည်သူများ၏ သစ်၊ တိုင်၊ မျော၊ လောင်စာ လိုအပ်ချက်များကို မိမိတို့အိမ်၊ ခြံပတ်ဝန်းကျင်များတွင် လက်တစ်ကမ်းတွင် အလွယ်တကူရရှိနိုင်စေရန်နှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ကျေးလက်အိမ်ရာ စိုက်ခင်းများအဖြစ် တစ်ရွာတစ်ဧကစိုက်ခင်း၊ တစ်အိမ်ထောင် ကျွန်းသုံးပင်၊ သစ်မာအပင် ၂၀ စိုက်ပျိုးခြင်းလုပ်ငန်း များကို ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါစိုက်ခင်းများမှ ထွက်ရှိလာမည့် သစ်များကိုလည်း မိမိတို့ကိုယ်ပိုင်သုံးသစ်များအဖြစ် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ အောင်မြင်ဖြစ်ထွန်းသော စိုက်ခင်းများဖြစ်စေရန်အတွက် ဒေသခံပြည်သူများမှ တတ်ကြွစွာ ပူးပေါင်းအကောင်အထည်ဖော် ထိန်းသိမ်းဆောင်ရွက် နိုင်လျှင် အကျိုးကျေးဇူးများ မည်ဖြစ် ပါကြောင်း ဖြေကြားပါသည်။
ဦးခင်မောင်ရွှေ (တမူးမဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်းကို ဆက်လက်မေးမြန်းပါသည်။
ဝန်ကြီးပြန်လည်ဖြေကြား သွားသသောဥပဒေ၊ နည်းဥပဒေအရ မှန်ကန်သော်လည်း အောက်ခြေတွင် ဖြစ်ပျက်နေ သည်များကို မေးမြန်းခြင်းဖြစ်ပါကြောင်း၊ အချို့ တောင်သူလယ်သမားများသည် ၎င်းတို့သုံးရန် တဲတိုင်၊ အိမ်တိုင် များအတွက် သစ်တိုက်လာရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပါကြောင်း၊ ယင်းသစ်များသည် လည်း တောင်သူလယ်သမားတွေအတွက် အမှန်တကယ်သုံးစွဲရန်ဖြစ်ပါကြောင်း၊ သစ်တောဝန်ကြီး ဌာနသို့ မေးမြန်း ရာတွင် သတ်မှတ်အရေအတွက်၊ သတ်မှတ်တန်မပြည့်ပါက ထုတ်ယူလျက်ရှိသည်ဟု နည်းဥပဒေတွင် ဖော်ပြထား ပါကြောင်း၊ ထို့ပြင် သစ်နှင့် ပတ်သက်လာပါက တရားရုံးကို တင်ရမည်ဖြစ်ကြောင်းနှင့် တရားရုံးကိုတင်သည့်အခါ တွင်လည်း ထောင်ကျခံရခြင်းများ သာရှိပါကြောင်း၊
ထို့ကြောင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တောင်သူလယ်သမားများကို ကိုယ်ပိုင်တုံးရနိုင်ရန် သေသေ ချာချာရှင်းပြပြီး ဆောင်ရွက်သင့်ကြောင်း၊ တောင်သူလယ်သမားများ နည်းဥပဒေ၊ ဥပဒေများအတိုင်း လိုက်နာ၍ လုပ်ထုံးလုပ်နည်းများများနှင့်အညီ ဆောင်ရွက်မည်ဆိုပါက နောက်ဆက်တွဲ မလိုလားအပ်သော ပြဿနာများ မပေါ်ပေါက်စေရေးအတွက် သစ်တောဝန်ကြီးဌာနအနေနှင့် အောက်ခြေလူအများ မည်ကဲ့သို့ဆောင်ရွက် သင့်ကြောင်း ညွှန်ကြားချက်များထုတ်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝင်းထွန်း
ဥပဒေ၊ နည်းဥပဒေများထဲတွင် ထိုကဲ့သို့ဆိုထားသော်လည်းပဲ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်က ယင်းဥပဒေပါ အချက်အလက်များကို သစ်အသုံး ပြုသူများဘက်မှရော၊ ကြပ်မတ်ဆောင်ရွက်ဆောင်ရွက်ရမည့် ဝန်ထမ်းများအပိုင်းမှပါ နှစ်ဦးနှစ်ဖက်စလုံးက ရိုးသားဖြောင့်မတ်မှု မရှိကြသည့်အတွက် ခံစားခွင့်မပြုခဲ့ပါကြောင်း၊ မိမိသုံးကိုအကြောင်းပြု၍ စီးပွားရေး ထုတ်လုပ်မှုများလည်း ရှိခဲ့ကြသကဲ့သို့ ဝန်ထမ်းများအပိုင်းမှလည်း စနစ် တကျစည်းကမ်းဥပဒေနှင့်အညီ ကြပ်မတ်ရမည့်အစား လာဘ် လာဘအခကြေးငွေများနှင့် ပါဝင်ပတ်သက်မှုများ အများအပြားဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယင်းကဲ့သို့ အောက်ခြေကို ခွင့်ပြုထားပါက သစ်တောများ အလျင်အမြန်ပြုန်းတီးသွား နိုင်ပါသည်ဆိုသည့် အနေအထားအမှန် တကယ်ဖြစ် ခဲ့ပါကြောင်း။ ထို့ကြောင့် အဆင့်ဆင့်သောတာဝန်ရှိသူများက ယင်းအခွင့်အရေးကို ဝန်ထမ်းများကိုလည်း ဆက်လက် ကျင့်သုံးခွင့်မပြုထားသကဲ့သို့ သုံးစွဲသူများကိုလည်းပဲ မိမိသုံးသစ်များကိုခွင့်ပြုဖို့မသိကျိုး ကျွန်ပြုထား သည့် အနေအထားဖြစ်ပါကြောင်း၊ သို့သော်လည်း နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ဤဥပဒေပါ အချက်အလက်များကို ဥပဒေနှင့်အညီ အတိအကျကျင့်သုံးရန် အင်မတန်မှ အလေးထား ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသော်လည်း နှစ်ပေါင်းမြောက်မြားစွာ အလေ့အကျင့်မရှိခဲ့သော စနစ်တစ်ခုအပေါ် လက်တွေ့ကျင့်သုံးရာ တွင် အနည်းငယ် အခက်အခဲရှိနေပုံပေါ်ပါကြောင်း၊ အုပ်ချုပ်သောဝန်ကြီးဌာနအပိုင်းမှ ပြတ်ပြတ်သားသား ဆင့်ကဲ ဆင့်ကဲညွှန်ကြားထားပြီး ဖြစ်ပါကြောင်းနှင့် အကယ်၍များ အောက်ခြေထိ မရောက်ရှိခဲ့ပါကလည်း မိမိတို့မှ တာဝန်ယုူ ပြန်စစ်ရမည်ဖြစ်သည့်အပြင် မိမိတို့ဝန်ထမ်းများ အပိုင်းဘက်က တာဝန်ရှိသည်ဟု ယူဆခဲ့ပါက မိမိတို့ ထံသို့ အချိန်မရွေး တင်ပြပြောဆိုအကြောင်းကြားရန်နှင့် မိမိတို့ဘက်မှ လိုအပ်သလိုအရေးယူဆောင် ရွက်ပေး မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
