(စ)-ပြည်သူ့ဆေးရုံကြီးများ သို့မဟုတ် သင့်တော် ရာနေရာများတွင်ပြီးပြည့်စုံစွာအဖြေရရှိမည့်ဓာတ်ခွဲ ခန်းများကိုနိုင်ငံတော်မှဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၁၄.၃.၂၀၁၄)

ဦးမောင်မောင်စိုး (သာကေတ)ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အခေါ်ဝေါ်ဂျပန်ဆေးရုံကြီးသို့ လူနာများအား သွားရောက်မေးမြန်းခဲ့ရာတွင် အဓိကကျသော အခက်အခဲတွေများတွေ့မြင်ခဲ့ရ ပါကြောင်း၊ မိမိတို့ ဆရာဝန်ကြီးများသည် လူနာများကိုဆေးကုချိန် တွင် သွေးအဖြေပေါ် မူတည်ပြီး  ကုသပေးရပါကြောင်း၊ ဆေးရုံတွင်သွေးအမျိုးအစား အနည်းအကျဉ်းသာ စစ်ဆေးနိုင်ပြီး များသောအားဖြင့် ပြင်ပမှာရှိသော ပုဂ္ဂလိက ဓာတ်ခွဲခန်းများကို သာ စေလွှတ်စစ်ဆေးကြောင်း တွေ့ရပါသည်။ ပြင်ပ ဓာတ်ခွဲခန်းများ ဆေးရုံကြီးနှင့် အလှမ်းဝေးခြင်း၊ သွေးအဖြေချက်ခြင်းမရ၍နောက် ထပ်သွားရခြင်း၊ လူနာအနေနှင့် သွေး အကြိမ်ကြိမ် စစ်ဆေးရခြင်း၊ ပြင်ပဓာတ်ခွဲ ခန်းများ၏ စစ်ဆေးခန်းများအား ဈေးနှုန်း ကြီးနေခြင်း၊ လူနာရှင်များအခက် အခဲများတွေ့နေရသည်ကို ကျွန်တော်တွေ့မြင်ခဲ့ရ ပါကြောင်း၊ ပြင်ပြဓာတ်ခွဲခန်းများကို မှီခိုအားထားနေရ ခြင်းမှာ ဂျပန်ဆေးရုံကြီး တစ်ခုသာ မဟုတ်ဘဲ အခြားဆေးရုံတော်တော်များများမှာလည်း ယခုလို ဆောင်ရွက်နေရသည်ကို နိုင်ငံတော်ဆေးရုံကြီး များအနေနှင့် ပြင်ပ ပုဂ္ဂလိကဓာတ်ခွဲခန်းများကို မှီခိုအားထားနေရခြင်းသည် မဖြစ်သင်‌့သည့် ကိစ္စတစ် ခုဖြစ်ကြောင်း၊ ပြင်ပပုဂ္ဂလိက ဓာတ်ခွဲခန်းများနည်းတူ နိုင်ငံတော်မှတာဝန်ယူဖွင့်လှစ်သည့် ဓာတ်ခွဲခန်းများရှိ သင့်ကြောင်း၊ ထို့ကြောင့် ပြည်သူများ အတွက်မရှိမဖြစ်လိုအပ်သော လုပ်ငန်းကိုနိုင်ငံတော်မှ အရည်အသွေး ပြည့် မှီပြီးသော ပြီးပြည့်စုံသည့် အဖြေရရှိမည့် ဓာတ်ခွဲခန်းများကို  ဖွင့်လှစ်ရန်အစီအစဉ်ရှိ/မရှိနှင့် မည်သည့်ကာလတွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒေါက်တာဒေါ်သိန်းသိန်းဌေး
အဖြေ

ဒုတိယဝန်ကြီး၊ ဒေါက်တာဒေါ်သိန်းသိန်းဌေးပြည်သူ့ဆေးရုံကြီးများတွင် လူနာများပြင် ပဓာတ်ခွဲခန်းများတွင် သွေးစစ်ဆေးနေခြင်း များကို ဆောင်ရွက်နေရခြင်း မှာ ဆေးရုံတက်ရောက်နေကြသော အချို့လူနာများ၏ ဓာတ်ခွဲစစ်ဆေးခြင်းများကို ပြင်ပဓာတ်ခွဲခန်းများတွင် ဆောင် ရွက်နေရခြင်းမှာ (က) အချို့ဆေးရုံဓာတ်ခွဲခန်းများသည် ဝန်ထမ်းအင်အားအခြေအနေ၊ စက်အင်အားအခြေ အနေကြောင့် ၂၄ နာရီအပြည့် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ပြင်ပဓာတ်ခွဲခန်းကို ရုံးချိန်ပြင်ပများမှာ သွားရောက် စစ်ဆေးနေရပါကြောင်း၊ (ခ) အချို့သော ဓာတ်ခွဲစမ်း သပ်စစ်ဆေးမှုများသည် စစ်ဆေးရန်စက်ပစ္စည်း ရှိသော်လည်း Reagent ခေါ်စစ်ဆေးမှု များတွင် သုံးရသောပစ္စည်းအနေဖြင့် ဈေးနှုန်းကြီးမြင့်ပါကြောင်း၊ တစ်ခါတစ်ရံတွင် စမ်းသပ်စစ်ဆေးမှု Test အရေအတွက်နည်းပါးခြင်း၊ တစ်ချို့စစ်ဆေး သူက ၅ ယောက်ပြည့်မှ သို့မဟုတ် ၁၀ ယောက်၊ အယောက် ၂၀ စာသုံးစွဲလိုက် သလိုမျိုး ဖြစ်သည့်အတွက် နိုင်ငံတော်ဆေးရုံများမှာ ဈေးစကားကြောင့်  မစစ်ဆေးနိုင်ကြသော အခြေ အနေတွေကို တွေ့ရပါကြောင်း၊ ပြင်ပဓာတ်ခွဲခန်းများတွင် စီးပွားရေးအရ Media များမှတစ်ဆင့် ကြော်ငြာ အားကောင်းမှုရှိသော်လည်း မိမိတို့ နိုင်ငံတော်ပိုင် ဆေးရုံများ၏ ဓာတ်ခွဲခန်းများမှာ လူသိနည်းကြောင်း၊ ထိုကဲ့သို့ ကြော်ငြာခြင်း၊ သတင်းစာများတွင် ထည့်သွင်းခြင်း နည်းသည့်အချက်များကို လည်းတွေ့ရပါကြောင်း။

သို့ဖြစ်ပါ၍ ပြင်ပဓာတ်ခွဲခန်းများတွင် ပြည်သူ့ဆေးရုံကြီးများမှ လူနာများ၏ သွေးစစ်ဆေးခြင်းများ ကိုအတက်နိုင်ဆုံး မဖြစ်ပေါ်စေရန်အတွက် ပြီးပြည့်စုံစွာ အဖြေရရှိမည့် ဓာတ်ခွဲခန်းများဖွင့်လှစ်နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ စုပေါင်းညှိနှိုင်းစီစဉ်ပြီး အောက်ပါအတိုင်းအစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ နိုင်ငံတော်ပြည် သူ့ဆေးရုံကြီးများတွင် ဓာတ်ခွဲခန်းများကို ပထမဦးဆုံးစောလျင်စွာ တည်ထောင်နိုင်ရေးအတွက် ဦးစားပေးအစီအစဉ် အရ National Laboratory Strategic Plan အမျိုးသားဓာတ်ခွဲလုပ်ငန်း မဟာဗျူဟာစီမံချက်ကို ရေးဆွဲပြီး ချမှတ်ဆောင်ရွက်ပါကြောင်း၊ ယခုလက်ရှိတွင် နိုင်ငံတကာအဆင့်မီ ပြီးပြည့်စုံသောဓာတ်ခွဲခန်းများကို ဗဟိုအဆင့်ဆေးရုံကြီးများမှ  တည်ထောင်သင့်သည့် အားလျော်စွာ ကျွန်မတို့ ရန်ကုန်မြို့ရှိ ဆေးရုံကြီး ၂ ရုံ သို့မဟုတ် ၃ ရုံ အထိ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ကျွန်မတို့ စီစဉ်လျက်ရှိပါကြောင်း၊ ဗဟိုအဆင့်ဆေးရုံများရှိ ဓာတ်ခွဲခန်းများအနေနှင့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့်၊ ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲ တိုက်နယ်အဆင့်ဆေးရုံတွင် အဆင့်အလိုက်ရှိသော ဓာတ်ခွဲခန်းများမှ လည်းကောင်း သတ်မှတ်သောစံနှုန်းများနှင့်အညီ ၂၄ နာရီ အပြည့်အဝလည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်၏လမ်းညွှန်မှု၊ ကူညီပံ့ပိုးမှုများဖြင့် လိုအပ်သောဓာတ်ခွဲဝန်ထမ်းနှင့် ဓာတ်ခွဲစက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းရေးကို ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှူးဆိုင်ရာဌာနမှ နှစ်စဉ်ရေတိုရေရှည်စီမံချက်များ ချမှတ် လျက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံပိုင်ဆေးရုံများရှိ ဓာတ်ခွဲခန်းများအား ပြည်သူလူထု ပိုမိုယုံကြည် အားကိုလာရေး ပိုမိုသိရှိလာစေရေးအတွက် မီဒီယာများမှာ ကြော်ငြာနိုင်ရေး၊ ဆောင်းပါးနှင့် သတင်းအချက် အလက်များ ရေးသားဖော်ပြနိုင်ရေးအတွက် စီမံချက်များချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်းဖြေကြားပါသည်။