မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသတွင် ခိုင်းနွားစရိတ်သည် နှစ်ဆခန့်တက်သွားပါကြောင်း၊ ပခုက္ကူနယ်တွင် ခိုင်းနွားတစ်ကောင်း၏ ဈေးသည် ၁၈ သိန်းအထိ ဖြစ်နေပါကြောင်း၊ ၂၀၁၃-၁၄ ခုနှစ်မှစ ၍ ဈေးဖြစ်နေသည့်အတွက် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက နှစ်ဆခန့်တက်သွားသည်ကို တရားမဝင်မှာနွားမှောင်ခိုသမားများသည် မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းတို့တွင် ဝယ်ယူမှုများပြားပြီး ဝယ်လိုအားကောင်းနေပြီး တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချနေပါကြောင်း၊ နွားဈေးကောင်းအတွက် တောင်သူများ ငွေအခက်အခဲတွေ့တိုင်းနွားကို ထုတ်ရောင်းနေကြရပါကြောင်း၊ နှစ်စဉ်မိုးခေါင်မှု များကြောင့် နွားစာအခက်အခဲရှိနေခြင်း၊ ပဲ ဖတ်၊ နှမ်းဖတ်၊ ပန်းနှမ်းဖတ်၊ နေကြာဖတ်၊ ဝါစေ့ဖတ်စသည့် တိရစ္ဆာန်အစားအစာ နွားစာဈေးများသည် ဆီစက်များ ဆီကြိတ်မှုအများစုအတွက် ဈေးကြီးမြင့်ပြီး ဝယ်ယူရန် အခက်အခဲရှိနေကြပါကြောင်း၊ နွားတစ်ရှဉ်းလျှင် တစ်နှစ်ထွန်ခယက်ခ ၅၀၀၀ အထိ မြှင့်တက်နေသည့်အတွက် ခိုင်းနွားပိုမိုရှားပါးလာမှုကြောင့် ထွန်ခယက်ခမြင့်တက်လာပြီး ထပ်မံမြင့်တက်လာနိုင်သဖြင့် ထယ်ရှဉ်းငှား၍ ထွန်ယက်စိုက်ပျိုးရန် အခက်အခဲဖြစ် လာနိုင်ပါကြောင်း၊ စက်မှုလယ်ယာသို့ ကူးပြောင်းနေသည်ဆိုသော်လည်း စက်မှုလယ်ယာစရိတ်ကို တောင်သူများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် မတတ်နိုင်ကြပါကြောင်း၊ ထို့ကြောင့် အထက်ပါအခက်အခဲများ လျော့ပါး ကင်းရှင်းစေရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်ကဲ့သို့ ကြိုတင်ဆောင်ရွက်မှုများရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မွေးမြူးရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဖြေကြားချက်အရ ကျွဲနွားမှောင်ခိုပပျောက်ရေး ကိစ္စထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ခိုင်းကျွဲ၊ ခိုင်းနွားများအား စစ်ဆေးချက်မပါရှိဘဲ နယ်မြေဖြတ်ကျော်သွားလာ သယ်ဆောင်မှုများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ထို့အပြင် ကျွဲ၊ နွား မွေးမြူသူ ပိုင်ရှင်များအား တိရစ္ဆာန်မှတ်ပုံတင်မှတ်တမ်း၊ တိရစ္ဆာန်မွေးမြူရေးခြံမှတ်ပုံတင်မှတ်တမ်းများ မှတ်တမ်းတင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဘဏ်ချေးငွေစနစ်ဖြင့် ကျွဲ၊ နွားများ မွေးမြူနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်ခိုင်းကျွဲ၊ ခိုင်နွားမျိုးများ ပြန့်ပွားရေးအတွက် ကျေး လက်လူငယ်များအား မေထုန်မဲ့ သားစပ်နည်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ မျိုးရေခဲချောင်းများ အခမဲ့ဖြန့်ဖြူးပေးခြင်း၊ မျိုးနွားဖြန့်ဖြူးပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နွား စာမြက်များစိုက်ပျိုးစေခြင်း၊ နွားစာမြက်များပြုလုပ်နည်း၊ သိုလှောင်နည်းများကို ကျေးရွာအရောက် သင်ကြားပို့ချပေးလျက်ရှိပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် စသည့် အစိုးရအဖွဲ့များကလည်း တရားမဝင် နွားမှောင်ခိုဖမ်းဆီးမှုများကို အရှိန်အဟုန်မြှင့်၍ ဖမ်းဆီးအရေးယူခြင်း၊ နယ်ကျော်နွား သယ်ဆောင်မှုများကို စနစ်တကျ စိစစ်ခွင့်ပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာလုပ်ငန်းခွင်တွင် ခိုင်းကျွဲ၊ ခိုင်းနွားများ လျော့နည်းလျက်ရှိခြင်း၊ လယ်ယာလုပ်သားရှားပါးလျက်ရှိခြင်းတို့ကို ဖြေလျှော့ပေးနိုင်ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနသည် လယ်ယာလုပ်ငန်းခွင်တွင် စက်ကိရိယာအသုံးပြု၍ ထွန်ယက်ခြင်း၊ မြေယာပြုပြင်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းတို့ကို သက်သာသည့်နှုန်း ထာများဖြင့် ဝန်ဆောင်မှုပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း၊ စက်မှုဝန်ကြီးဌာနမှလည်း လယ်ယာသုံးစက်ကိရိယာများကို လက်ငင်းငွေချေစနစ်၊ အရစ်ကျစနစ်တို့ဖြင့် ရောင်းချပေးခြင်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ စက်မှုလယ်ယာဦးစီးဌာနသည် အစိုးရသစ်ကာလ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် မတ်လကုန်အထိ ထွန်စက်ကြီး ၂၆၁ စီး၊ လက်တွန်းထွန်စက် ၁၅၆၁၈ စီး ဖြန့်ဖြူးရောင်းချ ပေးခဲ့ပြီး တောင်သူလယ်သမားများလက်ဝယ်တွင် ၂၀၁၄ ခုနှစ် ဧပြီလကုန်အထိ ထွန်စက်ကြီး ၁၂၀၇၀ စီး၊ ထွန်စက်ငယ် ၁၅၄၇ စီး၊ လက်တွန်းထွန်စက် ၂၅၈၉၃၀ စီး၊ စပါးခြွေစက် ၅၅၄၉၈ နှင့် ရိတ်သိမ်းခြွေလှေ့စက် ၆၆၃ စီး တိုးတက်သုံးစွဲလာနိုင်ပြီဖြစ်ပါကြောင်း၊ ထို့ပြင် လယ်ယာကဏ္ဍတွင် စနစ်တကျစက်မှုလယ်ယာစနစ်ထူထောင်ရေး၊ ခေတ်မီလယ်ယာသုံး စက်ကိရိယာများ ဖြည့်တင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ပအကူအညီအထောက်အပံ့များနှင့် သင့်တင့်သောချေးငွေများ ရယူဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ သမဝါယမဝန်ကြီးဌာနသည် ကျေးလက်နေတောင်သူလယ်သမားများအား လယ်ယာလုပ်ငန်းတွင် အရင်းအနှီးများထုတ်ချေးခြင်း၊ လယ်ယာသုံးစက် ကိရိယာများ ဖြန့်ဖြူးရောင်းချနေသော ပုဂ္ဂလိကကုမ္ပဏီများမှ လယ်ယာသုံးစက်ကိရိယာ များကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရေးတို့အတွက် အသေးစားအရင်းအနှီးချေးငွေများကို သမဝါယမဝန်ကြီး ဌာနမှ ထုတ်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
