တရားစီရင်ဖြောင့်မတ်မှန်ကန်ရေးနှင့် မြန်ဆန်ရေးသည် တရားသူကြီးများ၊ တရားစွဲအဖွဲ့အစည်းများ၊ ဥပဒေအရာရှိများ၊ သက်သေခံပညာရှင်များ၊ သက်သေခံ များ၊ ရှေ့နေများ တို့သည် ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်မှုသည် အဓိကကျပါကြောင်း၊ အချို့သောအမှုများတွင် တရားစွဲအဖွဲ့အစည်းများမှ ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်သေခံ ပညာရှင်မှုခင်းဆရာဝန်ကြီးများအား သက်သေခံ လာ ရောက်ရန် ဥပဒေနှင့်အညီထုတ်ဆင့်သော်လည်း အကြောင်း အမျိုးမျိုးပြ၍ ပျက်ကွက်တိမ်းရှောင်နေခြင်းတို့ကြောင့် အမှုများမှာ ကြန့်ကြာမှုများဖြစ်ပေါ် လျက်ရှိ ပါကြောင်း၊ ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ ၁၇၂ ဖြင့် ပြည်သူ့ဝန်ထမ်း တစ်ဦးက ပြည်သူ့ ဝန်ထမ်းအဖြစ်ဖြင့် ဥပဒေနှင့်အညီထုတ် ဆင့်ပိုင်သည့်အတိုင်း ထုတ်ဆင့်သော သမ္မန်စာဖြစ်စေ၊ နို့တစ်စာဖြစ်စေ၊ အမိန့်စာဖြစ်စေ ချအပ်သည်ကို မည်သူမဆို တိမ်းရှောင်လျှင် ထိုသူကို တစ်လအထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ၅၀၀ အထိဒဏ်ငွေ ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်။ သို့တည်းမဟုတ် သမ္မန်စာမှာဖြစ်စေ၊ နို့တစ်စာမှာဖြစ်စေ၊ အမိန့်စာမှာဖြစ်စေ တရားရုံးသို့ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ကိုသော်လည်းကောင်း တက်ရောက်စေရန် သို့တည်းမဟုတ် စာသားအမှတ်အသားတစ်ခုခုကို ပြစေရန်ပါရှိလျှင် ထိုသူကို ခြောက်လအထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ တစ်လအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ထို့ကြောင့် တရားရုံးအဆင့်ဆင့်မှ တရားသူကြီးများအနေဖြင့် တရားရုံးတွင် သက်သေခံထွက်ဆိုရန်အတွက် ထုတ်ဆင့် လိုက်သော တရားစွဲအဖွဲ့အစည်းများမှ တာဝန် ရှိရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းဆရာဝန်များသည် ပျက်ကွက် တိမ်းရှောင်ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၇၂ ဖြင့် အရေးယူဆောင်ရွက်ခဲ့မှုများရှိ/မရှိနှင့် ရှိပါကလည်း နှစ်အလိုက် အရေးယူဆောင်ရွက်ခဲ့သည့် အမှုအရေအတွက်ကိုလည်းကောင်း၊ တရားစွဲအဖွဲ့အစည်းများမှ တာဝန်ရှိရဲတပ်ဖွဲ့ ဝင်များ၊ မှုခင်းဆရာဝန်များအား တရားရုံး သက်သေခံမလာရောက်ပါက တရားခံ သို့မဟုတ် တရားလိုများအား သက်ဆိုင်ရာတရားသူကြီးများက ဖိအားပေးခိုင်း စေမှုများ ရှိနေသည်ကို တာဝန်ရှိသူများမှ သိရှိခြင်းရှိ/မရှိနှင့် သိရှိခံပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကိုလည်းကောင်း၊ သက်သေခံ ချက်အကျိုးခံစားခွင့် ရရှိခံစားရမည့် တရားခံ သို့မဟုတ် တရားလိုများက တရားစွဲအဖွဲ့အစည်းများမှ ရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းဆရာဝန်များအား သက်သေခံထွက်ဆိုရန်အတွက် နည်းအမျိုးမျိုးဖြင့် တရားမဝင် ညှိနှိုင်းချဉ်းကပ်ခေါ်ဆိုမှသာ သက်သေခံ လာရောက်ကြသည့် တာဝန်ရှိသူများအား မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်သူ့ဝန်ထမ်းတစ်ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၇၂ အရ အရေး ယူနိုင်ရန် ပြည်သူ့ဝန်ထမ်းက ဥပဒေနှင့်အညီထုတ်ဆင့်တဲ့သမ္မန်စာ သို့မဟုတ် နို့တစ်စာ သို့မဟုတ် အမိန့်စာချအပ်သည်ကို ချအပ်ခြင်းခံရ သူက တိမ်းရှောင်ကြောင်း ပေါ်ပေါက် ရမှာဖြစ်ပြီ ထို့သို့ တိမ်းရှောင်ကြောင်း မှု ပေါ်ပေါက်မှ သာ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၉၅ ပုဒ်မခွဲ (၁) ပုဒ်မခွဲငယ်(က) အရ သက်ဆိုင်ရာပြည်သူ့ဝန်ထမ်း ကဖြစ်စေ၊ ယင်းဝန်ထမ်း၏အထက်ဝန်ထမ်းကဖြစ်စေ တရားလိုပြုလုပ်ပြီး တရားရုံးမှာဦး တိုက် လျှောက်ထားပြီး တရားစွဲဆိုရမှာဖြစ်ပါကြောင်း၊
သက်ဆိုင်ရာရဲတပ်ဖွဲ့က ရဲအရေးပိုင်သောပြစ်မှုနှင့် တရားစွဲဆိုတင်ပို့သည့်အမှုများတွင် အမှုပါ သက်သေများ ရုံးရှေ့ရောက်ရှိရန်အတွက် ဆင့်ခေါ်ပေးရန်သည် ရဲတပ်ဖွဲ့တွင် တာဝန်ရှိပါကြောင်း၊ တရားစွဲဆိုတင်ပို့သည့်နေ့တွင် ရဲစွဲချက်လွှာနှင့်ပူးတွဲတင်သွင်းသော ပထမရက်ချိန်းကန့်သတ် ရန် တရားသူကြီးထံပေးပို့သည့် သတိပေးနှိုးဆော်စာ(ပြစ်မှုပုံစံ ၁၀၄)ပါ တရားလိုဘက်သက်သေများ တရားလိုဘက် က တင်ပြသက်သေများအနက် တရားရုံးက စစ်ဆေး မည့် သက်သေများကိုစစ်ဆေးရန် ရက်သတ်မှတ်ပြီး ဆင့်ခေါ်ပေးရန် သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ နှိုးဆော်စာကို ပြန်လည် ပေးပို့ရပါကြောင်း၊ အဆိုပါသက်သေများကို အမှုချိန်းဆိုသည့်နေ့တွင် လာရောက်ရန်အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့က တာဝန်ယူအကြောင်းကြား ဆင့်ခေါ်ပေး ရပြီး ကျန်တရားလိုဘက်က သက်သေများကိုလည်း သက်ဆိုင်ရာရဲတပ်ဖွဲ့မှတစ်ဆင့် ခေါ်ယူရပါကြောင်း၊ ဦးတိုက်လျှောက်ထား တရားစွဲဆိုသောအမှုများတွင် တရားလိုက ရုံးခွန်တော်တံဆိပ်ခေါင်းထမ်းဆောင်မှ တရားရုံးက တရားလိုပြ သက်သေကို သမ္မန်စာထုတ်ဆင့်ခေါ်ယူပေးရပါကြောင်း၊ အဆိုပါအှုများတွင် ရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းဆရာ ဝန်များအနေဖြင့် တာဝန်အရသက်သေအဖြစ် တရားရုံးမှာအစစ်ခံရန် အလွန်နည်းပါး သည်ကိုတွေ့ရှိရပါကြောင်း၊ တရားလိုပြသက်သေအဖြစ်တင်ပြထားသော မှုခင်းဆရာဝန်နှင့် ရဲတပ်ဖွဲ့ဝင်များ သက်သေခံရန်အတွက် ဆေးရုံအုပ်ကြီး၊ ရဲစခန်းမှူးမှတစ်ဆင့် တရားရုံးကသမ္မန်စာ သို့မဟုတ် အကြောင်းကြား စာ ထုတ်ဆင့်၍ခေါ်ယူရပါကြောင်း၊ ရန်ကုန်၊မန္တလေးမြို့ကြီးများတွင် မှုခင်းဆရာဝန်ကြီးက ၎င်းလက် အောက်ရှိ မှုခင်းဆရာဝန်များ တရားရုံးများသို့ လာရောက်သက်သေခံနိုင်မည့်နေ့ရက်ကို တစ်လ တစ်ကြိမ် ကြိုတင် ထုတ်ပြန်လေ့ရှိသကဲ့သို့ တရားရုံးများက မှုခင်းဆရာဝန်များ သက်သေခံလာရောက် နိုင်မည့်နေ့ရက်နှင့်ညှိ၍ အမှုများကိုချိန်းဆို စစ်ဆေးမှုများရှိပါကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ တရားရုံးအဆင့်ဆင့်မှ ဆရာဝန်များ သက်သေခံလာရောက်ရန်အတွက် တရားရုံးက သက်ဆိုင် ရာဆေးရုံအုပ်ကြီးမှ တစ်ဆင့် ဆရာဝန်များကို သက်သေခံ ဆင့်ခေါ်ရာမှာအသုံးပြုတဲ့ သမ္မန်စာ(ပြစ်မှု ပုံစံ ၄၄)ဖြင့် ဆင့်ခေါ် ခေါ်ယူပြီး ရဲတပ်ဖွဲ့ဝင်သက်သေများကို သက်ဆိုင်ရာရဲစခန်းမှူး တစ်ဆင့် တရားရုံးကအကြောင်းကြားခေါ်ယူရပါကြောင်း၊ အဆိုပါသက်သေများအနေဖြင့် ၎င်းတို့ရဲ့မိခင်ဌာန၏ အရေးကြီးလုပ်ငန်းတာဝန်မရှိသည့်အခါမှသာ တရားရုံးသို့ လာရောက်သက်သေခံကြရမည်ဖြစ်ကြောင်း၊ ၎င်းတို့ကို သက်သေအဖြစ်ခေါ်ယူရာတွင် ၎င်းတို့၏ အထက် အကြီးအကဲမှ တစ်ဆင့် အကြောင်းကြားစာ သို့မဟုတ် သမ္မန်စာထုတ်ဆင့်ခေါ်ယူရခြင်းဖြစ်၍ အဆိုပါသက်သေများ တရားရုံးရှေ့သို့ လာရောက်သက်သေခံရန်ပျက်ကွက်ခြင်းသည် တရားရုံးက ထုတ်ဆင့်သည့် အကြောင်းကြားစာ သို့မဟုတ် သမ္မန်စာကို တိမ်းရှောင်သည်ဟု မဆိုနိုင်သေးကြောင်းနှင့် ယင်းသို့ တရားရုံးမှဆင့်ခေါ်သည့်အခါ အဆိုပါသက်သေများသည် မိခင်ဌာန၏အရေးကြီးတာဝန် ကြောင့် တရားရုံးသို့ သက်သေခံမ လာရောက်တတ်သည် များလည်းရှိတတ်ပါကြောင်း၊ ထိုသို့ ပျက်ကွက်ခြင်းသည် သမ္မန်စာ သို့မဟုတ် အကြောင်းကြားစာကို တမင်တိမ်းရှောင်သည်ဟု မပေါ်ပေါက်သေးပါက ၎င်းတို့အပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၇၂ အရ အရေးယူတရားစွဲဆိုရန် အကြောင်းရှိမည်မဟုတ်ကြောင်း၊ ယနေ့အထိ တရားရုံးအဆင့်ဆင့်မှ အဆိုပါသက်သေများ အပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၇၂ အရ အရေးယူတရားစွဲဆိုမှု မရှိပါကြောင်း၊
ရဲတပ်ဖွဲ့ဝင်သက်သေများ၊ ဆရာဝန်သက်သေများ တရားရုံးသို့ သက်သေခံလာရောက်ရေး အတွက် အဆိုပါသက်သေများကို ၎င်းတို့၏အထက်အဆင့်အကြီးအကဲမှတစ်ဆင့် အကြောင်းကြားစာ သို့မဟုတ် သမ္မန်စာ ထုတ်ဆင့်ခေါ်ယူရခြင်းကြောင့် တရားသူကြီးများက တရားလို၊ တရားခံများကို ဖိအားပေးစေခိုင်းရန် အကြောင်း မရှိနိုင်သည့်အပြင် ယင်းသို့ သတင်းများကို ကြားသိရခြင်း မရှိပါကြောင်း၊ ရဲတပ်ဖွဲ့ဝင် များ၊ မှုခင်းဆရာဝန်များအား သက်သေခံထွက်ဆိုရန်အတွက် နည်းအမျိုးမျိုးဖြင့် တရားမဝင်ညှိနှိုင်း ချဉ်းကပ်ခေါ်ဆိုမှသာ သက်သေခံ လာရောက်ခြင်းမျိုးရှိပါက ယင်းကိစ္စသည် တရားရုံးပြင်ပတွင် ဖြစ်ပွားသည့် အတွက် တရားရုံးက မသိရှိနိုင်ကြောင်း၊ သို့ပါ၍ တရားရုံးအနေဖြင့် ယင်းကိစ္စ ရပ်များအပေါ် အရေးယူဆောင်ရွက်ရန် ရှိမည်မဟုတ် ပါကြောင်း ဖြေကြား ပါသည်။
ဆက်လက်၍ ဦးသိန်းထွန်းဦး (အမရပူရ)မှ ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။
တရားသူကြီးက ရဲ သို့မဟုတ် ဆရာဝန်ကို ဆင့်ခေါ်မည်ဆိုပါက ၎င်း၏အထက်လူကြီးကို အကြောင်းကြားရာတွင် သက်သေခံလာထွက်ရမည့်သူ၏ အမည်ပါရှိခြင်းရှိ/မရှိနှင့် သက်သေခံလာရောက်ရန်အတွက် တရားရုံးက ဆင့်ဆိုပိုင်ခွင့်ရှိ သည်ဟုလည်း ယုံကြည်ပါကြောင်း၊ မည်သည့်အတွက်ကြောင့် တရားစွဲဆိုသော ကာယကံရှင်ကို တိုက်ရိုက် ဆင့်ဆိုမှုပြုလုပ်ခြင်းမရှိကိုလည်း သိရှိလိုပါကြောင်း၊ ထို့ပြင် တရားရုံးများတွင် ဖြစ်ပျက်နေ သည့် ပြည်သူ့အသံများကြောင့်သာ လွှတ်တော်ထဲအထိရောက်လာခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တရားသူကြီးက ထပ်ဆင့်သမ္မန်စာ မထုတ်ဘဲနှင့် အမှုသည်များကိုသာ ဖိအားပေး ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ သိရှိခြင်း ရှိ/မရှိကို ထပ်ဆင့်၍ ရှင်းလင်းစေရန် မေးမြန်းပါသည်။
ဦးသိန်းထွန်းဦး (အမရပူရ)၏ ဆက်စပ်မေးခွန်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး၊ ဦးမြသိမ်း မှ ဆက်လက်ဖြေကြားပါသည်။
မိမိတို့အနေဖြင့် သမ္မန်စာ၊ အကြောင်းကြားစာများကို သက်ဆိုင်ရာ အကြီးအကဲကမှတစ်ဆင့် ထုတ်ဆင့်ရခြင်း သည် ထုံးစံဖြစ်ပါကြောင်း၊ ထိုသို့ ထုတ်ပေးမှသာလျှင် သက်ဆိုင်ရာသက်သေခံမည့် အရာရှိ၏ သက်ဆိုင်ရာအကြီး အကဲသိရှိမည်ဖြစ်ပြီး လိုအပ်သည်များ စီစဉ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထိုမှသာလျှင် သက်သေစရိတ်ပေးရမည့် ကိစ္စများရှိခဲ့ပါက သက်ဆိုင်ရာဌာန အကြီးအကဲသိမှသာ သက်ဆိုင်ရာဌာနက ကျခံရမယ့် သက်သေစရိတ် ကိစ္စများပါ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာသက်သေခံမည့်သူအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ အကြီးအကဲကို အသိပေးပြီး လာရောက်ရန် တာဝန်ရှိပါကြောင်း၊ မည်သည့်အတွက်ကြောင့် ၎င်းတို့အနေဖြင့် မလာရောက်ခြင်းများ၊ ပျက်ကွက်ခြင်းများဖြစ်ပေါ်သည်ကို မိမိတို့လည်း မသိနိုင်ပါကြောင်း၊ တရားရုံးများမှ သက်ဆိုင်ရာ တာဝန်ရှိ သက်သေဝန်ထမ်းသက်သေတွေ သို့ တိုက်ရိုက်အကြောင်းကြားစာမထုတ်ဘဲ၊ သက်ဆိုင်ရာ အမှုသည်များကိုသာ ဖိအားပေးသည့်ကိစ္စရပ်များကိုလည်း သာမန် အားဖြင့် မသိရှိနိုင်သော်လည်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြခဲ့ခြင်းကြောင့် သိရှိရပြီ ဖြစ်ပါကြောင်း၊ ထိုသို့တင်ပြခဲ့သည့် အတွက် လည်း ကျေးဇူး တင်ရှိပါကြောင်းဖြင့် ပြန်လည်းဖြေကြားသွားသည်။
