မန္တလေးမြို့ရှိ ခုတင် ၁၀၀၀ ဆံ့ မန္တလေးပြည်သူ့ဆေးရုံကြီးသည် မန္တလေးဆေး တက္ကသိုလ်ကျောင်း ကျောင်းသား /ကျောင်းသူများအား သင်ကြားပေးလျက်ရှိသော သင်ကြားရေး ဆေးရုံကြီးတစ်ရုံဖြစ်သကဲ့သို့ အထက်မြန်မာပြည် ရှိ ပြည်သူ ၂.၅ သန်းကျော်တို့၏ အားထားရာဖြစ်ပြီး နေ့စဉ်အတွင်းလူနာ ၁၂၀၀ ကျော်တက်ရောက် ကုသမှုကို ဆောင်ရွက်ပေးလျက်ရှိသော ဆေးရုံကြီးတစ်ရုံလည်း ဖြစ်ပါကြောင်း၊ မန္တလေးပြည်သူ့ဆေးရုံကြီး၏ အဆောက် အဦလိုအပ်ချက်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု၊ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး၏ စည်းရုံးဆောင်ရွက်မှု၊ မန္တလေးမြို့အပါအဝင် အနယ်နယ်အရပ်ရပ်က စေတနာရှင်များ၏ ထည့်ဝင်လှူဒါန်းမှု များဖြင့် ကိုးထပ်အဆောင်သစ်ကြီးအား မကြာခင်အောင်မြင်စွာ ဆောက်လုပ်ပြီးစီးတော့ မည်ဖြစ်ရာ အတွင်းလူနာ ၄၀၀ ကျော် တပြိုင်နက်တည်း တက်ရောက်ကုသခံ ယူနိုင်တော့မည်လည်းဖြစ်ပါကြောင်း၊ ယခု အခြေအနေတွင် လူနာနှင့် ဆရာဝန်အပါအဝင် အဆင့်ဆင့်သော ကျန်းမာရေးဝန်ထမ်းမမျှတမှုတို့နှင့် အထွေထွေလိုအပ်ချက်များ ရှိနေ ပြီ ဖြစ်ကြောင်းကိုလည်း ကြားသိနေရပြီဖြစ်ပါကြောင်း၊
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်သူ့ဆေးရုံကြီးသည်လည်း X-ray ဓာတ်မှန်ပညာရှင်မရှိခြင်း၊ မျက်စိ အထူးကုဆရာဝန်မထားရှိခြင်း၊ လူနာတင်မော်တော်ယာဉ်မရှိခြင်း၊ မြို့လူထုအချိုးနှင့် ဆေးရုံခွင့်ပြုခုတင် အချိုးမမျှတမှုများရှိကြောင်း ပြည်သူတို့၏တင်ပြချက်၊ ကိုယ်တိုင် လေ့လာတွေ့ရှိချက်များအရ သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ခုတင် ၁၀၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအား ခုတင် ၁၅၀၀ စံကိုက်ဆေးရုံကြီးအဖြစ် ဆောင်ရွက်ပေးရန် ၊ အမရပူရမြို့နယ် ပြည်သူ့ဆေးရုံအား X-ray ဓာတ်မှန်ပညာရှင်၊ လူနာတင်မော်တော်ယာဉ်၊ မျက်စိအထူးကုဆရာဝန် ထားရှိဆောင်ရွက်ပေးရန်နှင့် ခုတင် ၅၀ စံကိုက်ဆေးရုံအဖြစ်တိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိတို့အား သိရှိလို ပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါ သည်။
မန္တလေးပြည်သူ့ ဆေးရုံကြီးသည် ခုတင် ၁၀၀၀ ဆံ့ ဆေးရုံအဖြစ် ဝန်ထမ်းအင်အား ၁၆၆၃ ဦးဖြင့် ၁၃-၃-၂၀၁၃ ရက်နေ့တွင် ခွင့်ပြုမိန့်ထုတ်ပြန် ဆောင်ရွက်လျက် ရှိပါကြောင်း။ ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဆန်းစစ်ချက် အရ တစ်နေ့ပျမ်းမျှ အတွင်းလူနာပေါင်း ၁၀၅၉ ဦးရှိကြောင်းနှင့် ခွင့်ပြုခုတင်သုံးစွဲမှု ရာခိုင်နှုန်းသည် ၁၀၅.၉ ရာခိုင်နှုန်းရှိသည့်အတွက် ဆေးရုံအရည်အသွေးမြှင့်တင်ရေးကို ရည်ရွယ်လျက် ပါမောက္ခဆေးပညာနှင့် ပါမောက္ခ(ခွဲစိတ်)၊ အထူးကု ဆရာဝန်ကြီးများနှင့် အထူးကုဆရာဝန်များ ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိ ဆေးရုံအုပ်၊ ဓာတ်ရောင် ခြည် ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများ၊ ဓာတ်ခွဲကျွမ်းကျင် ဝန်ထမ်းများ အင်အားဖြင့် ဖွဲ့စည်းပုံမြှင့် တင်ရေးအတွက် ၂၀၁၄-၁၅ ခုဘဏ္ဍာရေးနှစ်အတွင်း စီစဉ် ဆောင်ရွက်ပေး မည် ဖြစ်ပါကြောင်းနှင့် ခုတင် ၁၅၀၀ ဆံ့ဆေးရုံအဖြစ်သို့ အဆင့်မြှင့်တင်ရန် အစီအစဉ် မရှိသေးပါကြောင်း၊
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်သူ့ဆေးရုံတွင် ဖွဲ့စည်းပုံအရ ဓာတ်မှန်ကျွမ်းကျင် ဝန်ထမ်းများ ခွင့်ပြုအင်အား မရှိသေးသည့်အတွက် ခန့်ထားနိုင်ခြင်း မရှိပါသော်လည်း မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ် ပြည်သူ့ ဆေးရုံရှိ သင့်လျော်သော ဝန်ထမ်းတစ်ဦးအား မန္တလေးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာန အစီအစဉ်ဖြင့် ဓာတ်မှန်အကျဉ်းချုံးသင်တန်းပေး၍ တာဝန်ချထားဆောင်ရွက်ပါရန် ကျန်းမာရေးဦးစီးဌာန ရုံးချုပ်မှ မန္တလေးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနသို့ ၁၄-၁-၂၀၁၄ ရက်စွဲပါစာဖြင့်အကြောင်း ကြားဆောင်ရွက် ထားပြီးဖြစ်ပါကြောင်း၊
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ခရိုင်အဆင့်ဆေးရုံအဆင့် ဆေးရုံအချို့ အတွက် ဦးစားပေးအစီအစဉ်အလိုက် လူနာ တင်ယာဉ်များထောက်ပံ့ပေးနိုင်ခဲ့ပါသော်လည်း မြို့နယ်အဆင့် ဆေးရုံများအတွက်မူ လူနာတင်ယာဉ် ထောက် ပံ့ ပေးနိုင်ခြင်းမရှိသေးပါကြောင်းနှင့် ထောက်ပံ့ပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း၊ အချို့မြို့ နယ်များအတွက် ပုဂ္ဂလိကအလှူရှင်/စေတနာရှင်များမှ လှူဒါန်းထားသော လူနာတင်ယာဉ်များကို အသုံးပြု လျက်ရှိကြကြောင်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း တွင် အသုံးပြုရန် ဝယ်ယူဖြည့်ဆည်းခဲ့သည့် အရေးပေါ်လူနာတင်ယာဉ်များအား လူနာတင်ယာဉ်လို အပ်လျက် ရှိသည့် ဗဟိုအဆင့်ဆေးရုံကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့် ဆေးရုံကြီးများသို့ လုပ်ငန်းလိုအပ်ချက်အရ ဦးစားပေးအစီအစဉ်အတိုင်း ခွဲဝေထောက်ပံ့ရန် အတွက် စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမရပူ ရမြို့နယ်၊ ပြည်သူ့ဆေးရုံအတွက် လတ်တလော အခြေအနေအရ လူနာတင်ယာဉ် ထောက်ပံ့ပေးရန် အစီအစဉ် မရှိသေးပါကြောင်း၊
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်သူ့ဆေးရုံ၏ ဖွဲ့စည်းပုံတွင် အထူးကု ဆရာဝန်(မျက်စိ) အင်အားမရှိပါသဖြင့် ခန့်ထားပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ် ပြည်သူ့ဆေးရုံတွင် လက်ရှိအရာထမ်း (၃)ဦး၊ အမှုထမ်း ၁၄ ဦး စုစုပေါင်း ဝန်ထမ်း ရာထူး ၁၇ ဦးဖြင့် ဆေးရုံလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသော်လည်း ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုပေးနိုင်ရန်အတွက် အရာထမ်း (၆)်နေရာ၊ အမှုထမ်း (၄၉) နေရာ စုစုပေါင်း (၅၅) နေရာပါဝင်သော စံကိုက်ဖွဲ့စည်း ပုံဖြင့် ပြင်ဆင်ဖွဲ့ စည်းနိုင်ရေးအတွက် ဝန်ထမ်းအင်အားဖွဲ့စည်းပုံ အဆိုပြုချက်များအား စီမံကိန်းနှင့် ဖွဲ့စည်းပုံ စစ်ဆေးရေးအဖွဲ့သို့ ၁၉-၁၂-၂၀၁၃ ရက်စွဲပါစာဖြင့် ပေးပို့၍ သဘောထား မှတ်ချက်တောင်းခံထားပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။
ဦးသိန်းထွန်းဦး(အမရပူရမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိအနေဖြင့် X-ray ဓာတ်မှန်ပညာရှင်က မည်သည့်အတွက် မရရှိသေးသည်နှင့် ဘယ်လိုပညာ ရှင်မျိုးမွေးထုတ်ဖို့ရာ အတွက် ခဲယဉ်းသည်ကိုလည်းကောင်း၊ မျက်စိပညာရှင်မရှိသေးဟု ဆိုခြင်းမှာ မိမိတို့နိုင်ငံတွင် မျက်စိပညာရှင်များ မရှိခြင်း (သို့) မလုံလောက်ခြင်းတို့ကြောင့် ခန့်ထားခြင်းမပြုနိုင်သည်လားဆိုသည့် အချက်များကို သိချင်ပါကြောင်း၊ ခုတင် ၅၀ စံကိုက်ဆေးရုံနှင့်စပ်လျဉ်းပြီး မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးနိုင်မည်၊ လူနာတင်မော်တော် ယာဉ်အနေအထားအရ မည်သည့် အခက်အခဲကြောင့် မြို့နယ်အဆင့်ဆေးရုံများကို မပေးအပ်နိုင်ခြင်းသည် ဘတ်ဂျက်ကြောင့်လား (သို့) မည်သည့်အတွက်ကြောင့်ဆိုသည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာဒေါ်သိန်းသိန်းဌေး
ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ဓာတ်မှန်ဝန်ထမ်းများနှင့် ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းများခန့်ထားရန် ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းများ ထုတ်လုပ်မှုရှိပါကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် လျောက်ထားမှသာလျှင် မိမိတို့အနေဖြင့် ခန့်ထားနိုင်ပါကြောင်း၊ အလားတူ အခြားအခြားသော ဆေးဘက်ပညာသည်များ သင်တန်းဆင်းများသည်လည်း အစိုးရဌာန၏ ပြည်သူ့ ဆေးရုံကြီးများတွင် ပိုမိုလုပ်ငန်းဝင်ရောက်ရန်အတွက် တက္ကသိုလ်မှာ တက်စဉ်ကတည်းက နည်းမျိုးစုံနဲ့ စည်းရုံးပြီး ဆောင်ရွက်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လူအများခန့်ထားရန် လိုအပ်သည့်အနေအထားမှာ ဆရာဝန်၊ သူနာပြုများအတွက် မိမိတို့ ထုတ်လုပ်နိုင်သည့် အရေအတွက်သည် ယခင်တုန်းက ဖွဲ့စည်းပုံခွင့်ပြုချက်ရခဲ့သည့် အနေအထားနှင့် နှိုင်းယှဉ်ပါက ခန့်ထားနိုင်သည့်အင်အား ပိုမိုများပြားခဲ့ပြီး အပြင်မှာလုပ်ငန်းခွင်ကို ဝင်ရန် အရေအတွက်က အဆင်သင့်ရှိနေသော်လည်း အုပ်ချုပ်ရေးစနစ်အသစ်တွင် နိုင်ငံတော်ကနေ ကျန်းမာရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအင်အားကို တိုးချဲ့ပြီး ဝန်ထမ်းများ ပိုမိုလိုအပ်တဲ့အရေအတွက်သည် ထုတ်လုပ်နိုင်သည့် အင်အားထက် အဆပေါင်းများစွာ များပြားပါကြောင်း။
ထို့ကြောင့် ဆရာဝန်သော်လည်းကောင်း၊ သူနာပြုသော်လည်းကောင်း၊ သားဖွားဆရာမ သော်လည်းကောင်း အထောက်အကူပြု ဆေးဘက်ဆိုင်ရာဝန်ထမ်းများသော်လည်းကောင်း ခန့်ထားမှုအနေအထား အခက်အခဲသည် လက်ရှိ ကွာဟချက်များရှိနေပါကြောင်း၊ ထို့ကြောင့် ပိုပြီးတော့ ထုတ်လုပ်ပေး နိုင်ရန် နံပါတ်(၁)အဖြစ် ကြိုးစားဆောင်ရွက်နေသည့်နည်းတူ ဘွဲ့ရပြီး ကလေးများကိုလည်း အစိုးရဌာန၏ လုပ်ငန်းများကို ပါဝင်ဆောင်ရွက်လိုပြီး လျောက်ထားလာကြရန်လည်း စည်းရုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မျက်စိဆရာဝန်များနှင့် စပ်လျဉ်း၍လည်း ယခင်တုန်းကဲ့သို့ တစ်နှစ်ဒီပလိုမာသင်တန်းတက်ပြီး မျက်စိဘာသာရပ်နှင့်သက်ဆိုင်သည် ဒီပလိုမာ Course ကို ပြန်လုပ်ရန်ကိုလည်း ဆွေးနွေးတိုင်ပင်နေပါကြောင်း၊ လူနာတင်ယာဉ်နှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရက အဆပေါင်းများစွာတိုးမြှင့်ပြီးတော့ချထားပေးတဲ့ ကျန်းမာရေးအသုံးစရိတ်များသုံးစွဲရာတွင် ဦးစားပေးလုပ်ငန်းများ အများကြီးရှိပါကြောင်း၊ အခြားသော ဦးစားပေးလုပ်ငန်းတွေများ ခွဲဝေပြီး သုံးစွဲရခြင်း၊ အဓိကအားဖြင့် ရန်ပုံငွေနှစ်အလိုက်သာသုံး စွဲနိုင်သေးခြင်းတို့ကြောင့် မြို့နယ် အဆင့်အထိ လူနာတင်ယာဉ် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးခြင်းဖြစ်ပါကြောင်း၊ အမရပူရပြည်သူ့ဆေးရုံကြီးကို စံကိုက်ဖြစ်ရန် ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် ဝန်ထမ်း အင်အားဖွဲ့စည်းပုံ အဆိုပြုချက်များ တင်သွင်းထားပြီးဖြစ်ခြင်းကြောင့် မကြာခင်ကျလာခဲ့မည်ဆိုပါက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စံကိုက်အဖြစ် တိုးမြှင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
