ရခိုင်ပြည်နယ်ရှိ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်နယ်စပ် ပုဇွန်ဖြေကျေးရွာအုပ်စု ခတ္ထု-ဇရပ်မြေစသည့် ကျေးရွာများ အနီးတွင် မြေဧက ၃၀၀၀၀ ခန့်ကို Golden Key ကုမ္ပဏီက ကျွန်းပင်များကို Tissue Culture နည်းစနစ်ဖြင့် စိုက်ပျိုးမည့် စီမံကိန်းကြီးရှိရာ ယခုအချိန်တွင် ဧက ၁၀၀၀ ခန့်ကို အပြောင်ရှင်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းစီမံကိန်းသည် ငွေကျပ် ၄ ဘီလီယံမှ ၅ ဘီလီယံခန့် ကုန်ကျမည့် စီမံကိန်းကြီးတစ်ခု ဖြစ်သည်ကိုလည်း သိရှိရပါကြောင်း၊ ယင်းစီမံကိန်းကြောင့် ဒေသခံပြည်သူများ နေထိုင်မှုအတွက် လိုအပ်သော သစ်တောထွက် ပစ္စည်းများရရှိမှု ခက်ခဲသွားနိုင်သည်ကို ဒေသခံပြည်သူများက တင်ပြလာပါကြောင်း၊ ထို့အပြင် Tissue Culture နည်း စိုက်ပျိုးရေးစနစ်သည် သုတေသနပြုပြီးသည်မှာ သေချာမှု ရှိပါသလား၊ သေချာမှုမရှိပါက ယင်းစိုက်ပျိုးရေးစနစ်များကြောင့် သစ်တောပြုန်းတီးမှုများရှိလာနိုင်သဖြင့် မူလသစ်တောများတွင်ရှိသော ဗီဇဝန်းကျင်ကိုပါ ထိခိုက်လာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အစပ်ရှိ ပုဇွန်ဖြေ ကျေးရွာအုပ်စုရှိ ဧက ၃၀၀၀၀ ခန့်အား ကျွန်းပင်များကို Tissue Culture နည်းဖြင့် စိုက်ပျိုးသည့်ကိစ္စကို နိုင်ငံတော်က ခွင့်ပြုထားသည်ကို သိရှိပါသလားနှင့် အဆိုပါလုပ်ငန်းသည် ပတ်ဝန်းကျင်ဒေသလူထုနှင့် လက်ရှိသစ်တော၏ မျိုးရင်းဗီဇကို ထိခိုက်မှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ဦးကြည်သာ (ဂွ) ကိုယ်စား ဦးဝင်းမြင့် (ပြည်) က မေးမြန်းပါသည်။
ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အစပ်တွင်ရှိသော ပုဇွန်ဖြေကျေးရွာအုပ်စုတွင် ကျွန်းပင် Tissue Culture ဖြင့် စိုက်ပျိုးမည့်မြေဧက ၃၀၀၀၀ ခန့်သည် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း ကျရောက်ခြင်းမရှိဘဲ ၁၈-၂-၂၀၁၁ ရက်နေ့တွင် မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီ မှ နှစ်ရှည်သီးနှံပင်/ ဥယျာဉ် ခြံသီးနှံ စိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့်ပြုထားသောမြေ ဖြစ်ပါကြောင်း၊ ထိုခွင့်ပြုသော အမိန့်စာများအရ သံတွဲမြို့နယ်၌ လုပ်ငန်းရှင် ၄ ဦးအား မြေဧရိယာ ၃၅၃၃၀ ဧကနှင့် ဂွမြို့နယ်၌ လုပ်ငန်းရှင် ၆ ဦးအား မြေဧရိယာ ဧက ၃၀၀၀၀ ကို နှစ်ရှည်ရော်ဘာ သီးနှံစိုက်ပျိုးရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်း။
မူလခွင့်ပြုထားသည့် လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော Goldem Key ကုမ္ပဏီမှ သံတွဲမြို့နယ် ကြိုးပြင်ကာကွယ်တောအတွင်း ဧက ၃၀၀ နှင့် ဧက ၁၄၀၀၊ ဂွမြို့ နယ်၊ ရှောက်ကုန်းကျေးရွာအနီး ကြိုးပြင်တောအတွင်း ဧက ၆၀ စုစုပေါင်း ၁၇၆၀ ဧကကို တောခုတ်ရှင်းလင်းပြီး ကျွန်းစိုက်ခင်းတည်ထောင်ရန် စီစဉ်ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း။
အဆိုပါ ဧရိယာ၏ မူလတောအမျိုးအစားမှာ အထက်ရွက်ပြတ်ရောနှောတော တောစိုဖြစ်ပြီး မှော်ရုံ၊ ဇင်ပြွန်း၊ နဘဲ၊ ဒီဒူး၊ တောင်သရက် အစရှိသော သစ်မျိုးများနှင့် ကရင်ဝါးများ ပေါက်ရောက်သော တောရိုင်းမြေ ဖြစ်ပါကြောင်း၊ သစ်များထုတ်ယူနိုင်သောအခြေအနေ မရှိသော တောနိမ့်၊ တောပျက်များဖြစ်ပါကြောင်း၊ ကျွန်းပင်ကို Tissue Culture နည်းဖြင့် စိုက်ပျိုးလျှင် ပတ်ဝန်းကျင်ဒေသခံပြည်သူများအပေါ် ထိခိုက်နစ်နာမှု မရှိနိုင်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့စိုက်ပျိုးမည့် လုပ်ငန်းအစီအမံများကို ဒေသခံပြည်သူများ နားလည် သဘောပေါက်စေရန် တွေ့ဆုံပြီး ရှင်းလင်းတင်ပြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးမည့် ကျွန်း Tissue ပင်များ သည် မြန်မာနိုင်ငံအတွင်း ပေါက်ရောက်နေသော ကျွန်းမျိုးပင်များမှ မျိုးပွားရယူပြီး စိုက်ပျိုးမည်ဆိုပါက ဗီဇမျိုးရင်းများကို မထိခိုက်နိုင်သော်လည်း ပြည်ပတွင်မျိုးပွားထားသော ကျွန်းTissue ပင်များကို တင်သွင်း စိုက်ပျိုးမည်ဆိုပါက ဗီဇမျိုးရင်းများ ရောထွေးကာ မြန်မာ့ကျွန်း မူရင်းဗီဇမျိုးအပေါ် ထိခိုက်နိုင်ပါကြောင်း။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နှစ်ရှည်သီးပင်/ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့်ပြုထားသော အမိန့်စာပါ စည်းကမ်းချက်များအရ ရော်ဘာ/နှစ်ရှည်ပင်များ စိုက်ပျိုးရန်အတွက်သာ ခွင့်ပြုပေးထားသဖြင့် အဆိုပါခွင့်ပြုဧရိယာတွင် ရော်ဘာ/နှစ်ရှည်ပင်များအစား ကျွန်းပင်ကိုပြောင်လဲ စိုက်ပျိုးလိုပါကမြေလွတ်၊ မြေ လပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီ၏ ခွင့်ပြုချက်ကို ပြန်လည်ရ ယူရန်လိုအပ်မည်ဖြစ် ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ ကျွန်းစိုက်ခင်းများတည်ထောင်ရန် ခွင့်ပြုပါက စိုက်ပျိုးမည့် အပင်အရေအတွက်၊ ဧရိယာဧကနှင့် တည်နေရာတို့ကိုဖော်ပြပြီး သက်ဆိုင်ရာ သစ်တောဦးစီး ဌာနများတွင် ခွင့်ပြုချက်လျှောက်ထားကာ မှတ်ပုံတင်စာရင်း ရေးသွင်းထားရှိရမည်ဖြစ်ပါကြောင်း၊ သို့မှသာ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင်ထုတ်လုပ် ရောင်းဝယ် ခွင့်ရရှိပြီး သားစဉ်မြေးဆက် ပိုင်ဆိုင်ခွင့် ရရှိစေမည်ဖြစ်ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်၊ ကုမ္ပဏီများအား ကျွန်းစိုက်ခင်းများ တိုးချဲ့တည်ထောင် စိုက်ပျိုး ရန် အားပေးလျက်ရှိသော်လည်း ကျွန်းသစ်တစ်မျိုးတည်းအား ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျှင် ပိုးမွှားနှင့် ရောဂါ အန္တရာယ်များကျရောက်ပါက ထိန်းချုပ်ကာကွယ်ရန် ခက်ခဲနိုင်သည့်အတွက် ကျွန်းသစ်အပြင် အခြားသစ်မျိုးစိုက် ခင်းများကိုလည်း ကြားခံစိုက်ခင်းများအဖြစ် စိုက်ပျိုးတည်ထောင်သင့်ပါကြောင်း၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်များရှိ ကြိုးပြင်တောများအတွင်း ကျွန်းစိုက်ခင်း စိုက်ပျိုးသည့်ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၏ ခွင့်ပြုချက်များ ပြည့်စုံပါက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့် အညီဆက် လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
