ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်မှာ ပြည်ထောင်စုအားကစားဝန်ကြီးဌာန အနေဖြင့်သော် လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အနေဖြင့်သော် လည်းကောင်း တည်ဆောက်ပေးထားသည့် မြို့နယ်အားကစားကွင်းမရှိပါကြောင်း၊ ထို့ကြောင့် အားကစားဝါသနာပါသောလူငယ်လေးများ ထူးချွန်အားကစားသမား များဖြစ်သောလူငယ်လေးများသည် အားကစားပြုလုပ်လိုသော်လည်း အားကစားကွင်း မရှိသည့်အတွက်ကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရပြီး ရံဖန်ရံခ ပြည်ထောင်စု ဝန်ကြီးဌာန၏ အားကစားကွင်း၊ တိုက်နယ်အားကစားကွင်း၌သာ ကစားကြရ ပါကြောင်း၊ ထို့ကြောင့် လူငယ်လေးများ၏ အားလပ်သော အချိန်များကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်အားကစားကွင်းတစ်ခု တည်ဆောက်ပေးရန် အစီ အစဉ်ရှိ/မရှိနှင့်ရှိပါက မည်သည့်ကာလတွင် တည်ဆောက်ပေးမည်၊ မရှိပါက အဘယ့်ကြောင့်တည် ဆောက်ပေးရန်မရှိကြောင်းကို သိရှိလိုပါကြောင်းမေးမြန်း ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာန သည် စည်ပင်သာ ယာနယ်နိမိတ်တွင် ယခင်အစိုးရလက်ထက်၌ ရာသီမရွေး ကစားနိုင်သော အားကစားကွင်းစုစုပေါင်း ၅၃ ကွင်း တည်ဆောက်ထားရှိခဲ့ပြီး လက်ရှိ အစိုးရလက်ထက်၌ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် တွင် အားကစားကွင်း ၂၁ ကွင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အားကစား ကွင်း ၁၃ ကွင်းတို့ကို ရာသီမရွေး ကစားနိုင်ရန် တိုးချဲ့တည်ဆောက်နိုင်ခဲ့သည့်အပြင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တွင်လည်း ပြည်သူလူထုမှတင်ပြသည့် အားကစားကွင်း ၁၀ ကွင်း၊ ဌာနမှဖော် ထုတ်တည်ဆောက်သည့် အားကစားကွင်း နှစ်ကွင်း စုစုပေါင်း အားကစားကွင်း ၁၂ ကွင်းအား ထပ်မံ၍ အသစ်တိုးချဲ့ တည်ဆောက်ပေးနေလျက်ရှိရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ကုန် တွင် အားကစားကွင်းစုစုပေါင်း ၉၉ ကွင်းအထိ တိုးတက် တည်ဆောက်ပေးနိုင်ပြီ ဖြစ်ပါကြောင်း၊
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်လည်း ဌာနအနေဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖူဆယ် ဘောလုံးကွင်း နှစ်ကွင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံတွင် မြို့နယ်တို့တွင် ဖူဆယ်ဘောလုံးကွင်း တစ်ကွင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ဘောလုံးကွင်း တစ်ကွင်း၊ လှိုင်သာယာမြို့နယ်တွင် ဖူဆယ် ဘောလုံးကွင်း တစ်ကွင်း စုစုပေါင်းအားကစားကွင်း ရှစ်ကွင်းတို့ကို ရာသီမရွေးကစားနိုင်ရန်အတွက် အသစ်ထပ်မံဖော်ထုတ်၍ ဘဏ္ဍာရေးနှစ်အတွင်းအပြီးသတ် တည်ဆောက်ပေး သွားရန် အတည်ပြု သတ်မှတ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊
တည်ဆောက်ပြီး အားကစားကွင်းများအနက် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်တွင် ကျိုက္ကလဲ့ ပြည်တော် သာဘောလုံးကွင်း(၁၆၀ ပေ၊ ၁၂၀ ပေ) တစ်ကွင်း၊ ထောက်ကြန့် တိုးချဲ့(၁)ဘောလုံးကွင်း (၃၅၀ ပေ၊ ၁၁၀ ပေ) တစ်ကွင်း၊ ထောက်ကြန့်တိုးချဲ့(၂) ဘောလုံးကွင်း (၁၉၀ ပေ၊ ၂၀၀ ပေ) တစ်ကွင်း စုစုပေါင်း ဘောလုံးကွင်း သုံးကွင်းအား ရာသီမရွေးကစားနိုင်ရန် တည် ဆောက်ပေးထားပြီး အားကစားလူငယ်များမှာလည်း စဉ်ဆက်မပြတ် ကစားလျက်ရှိပါကြောင်း၊
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနအနေဖြင့် ဘဏ္ဍာရေး နှစ်များအလိုက် ပြည်သူလူထု၏ တင်ပြချက်နှင့် ဌာနမှ ရှာဖွေဖော်ထုတ် ချက်တို့ဖြင့် မြေနေ ရာများ အား မြေယာရာဇဝင်စိစစ်အတည်ပြုချက်ရယူပြီး အားကစားကွင်းများတိုးတက်စေရေးအတွက် စဉ်ဆက် မပြတ်ဆောင်ရွက် ပေးနေလျက်ရှိပါကြောင်း၊ မင်္ဂလာဒုံမြို့နယ်တွင်လည်း အလားတူမြေနေရာ များဖော်ထုတ် ၍ မြေယာရာဇဝင်စိစစ်အတည်ပြု ချက်ရရှိပြီးပါက အသစ်ဖော်ထုတ်တည်ဆောက်ပေးခြင်းများ အားလည်းဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊
သို့သော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အထိ အားကစားကွင်းအသစ် ဖော်ထုတ်ဆောင် ရွက်မှုအား သက်ဆိုင်ရာတိုင်းဒေသကြီးသို့ တင်ပြအတည်ပြုချက်ရယူ၍ ဘဏ္ဍာရေးရန်ပုံငွေလျာထား သတ်မှတ်ပြီး ဖြစ် သည့်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်နောက်ပိုင်း၌မှသာ မြေနေရာများ ရှာဖွေ၍ မြေယာရာဇဝင်စိစစ်အတည်ပြုချက်များ ဆောင်ရွက်ပြီးမှသာ အားကစားကွင်းအသစ်များ တိုးချဲ့တည်ဆောက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။ ပြန်လည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ဖြေကြား ပါသည်။
ဦးတင်မောင်ဝင်း (မင်္ဂလာဒုံမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိအနေဖြင့် မင်္ဂလာဒုံမြို့နယ်၏ ကိုယ်စားပြုအားကစားကွင်းကို ဆိုလိုတာဖြစ်ပါကြောင်း၊ မိမိကိုယ်တိုင်လည်း အားကစားလောကတွင် အသားတင်အသက် ၃၀ ထိကစားခဲ့သော်လည်း မင်္ဂလာဒုံတွင် မရှိဘဲ တိုက်နယ်ကွင်းများနှင့် ကျောင်းကွင်းများကသာ အားပြု ကစားရပါကြောင်း၊ ထို့ကြောင့် မင်္ဂလာဒုံတွင် မြို့နယ်ကိုယ်စားပြုအားကစားကွင်း တည်ဆောက်ပေးနိုင်မှု/မပေးနိုင်မှု မေမြန်းခြင်းဖြစ်သည့်အတွက် ဒုတိယ ဝန်ကြီးအနေဖြင့် ဖြေကြားပေးနိုင်ပါက မြို့နယ်အားကစားကွင်းများ ကိုယ်စားပြု အားကစားကွင်းများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ ဖြေကြားပေးပါရန် ဆက်လက်မေးမြန်းပါသည်။ သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး၊ ဦးသန့်ရှင်း
မိမိအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းပြီးပြန်လည်ဖြေကြားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
