(စ)-ပိန်းဥနှင့်ကန်စွန်းဥကိုနိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရန်နှင့်နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ အားတိုက်ရိုက်ပေါင်းစပ်ညှိနှိုင်းပေးရန်နှင့် စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၂၀.၃.၂၀၁၄)

ဦးထန်းလိန်း၊ (မင်းတပ်)လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံဆောင်ရွက်မှုနှင့် ပျဉ်းမနားမြို့ နယ် အလျင် လို ကျေးရွာ အနီးမှာ တောင်သူပညာပေး ပိန်းဥစိုက်ခင်းနှင့် ကန်စွန်းဥ စိုက်ခင်း စိုက်ပျိုးလျက်ရှိရာ ဂျပန် ဈေးကွက် အတွက် ပထမအဆင့်အနေဖြင့် တစ်နှစ်ကို တန်ချိန် ၅၀၀၀ ဝယ်ယူရန် ကမ်းလှမ်းထားသည်ကို သိရှိရ ပါကြောင်း၊ ပိန်းဥ တစ်ဧကစိုက်လျှင် အနည်းဆုံး ပိသာ  ၅၀၀၀ ထွက်ရှိနိုင်ပြီး ချင်းပြည်နယ်တွင် တစ်ပိသာ ၅၀၀ ဈေးရှိသောကြောင့်  တစ်ဧကဆိုပါက ၂၅ သိန်းခန့်ရရှိနိုင်မည့် လုပ်ငန်းဖြစ်ပါကြောင်း၊  တောင်သူများအနေဖြင့် လည်း လွယ်လွယ်ကူကူနှင့် လုပ်နိုင် သည့် လုပ်ငန်းမျိုးလည်းဖြစ်သည့်အပြင် မြေအသုံးချမှု အကျယ်အဝန်း နည်းနည်းနှင့် ဝင်ငွေများများရရှိနိုင်သော လွယ်ကူသည့် စီးပွားရေးလုပ်ငန်း လည်းဖြစ်ပါကြောင်း။  ချင်းပြည်နယ် သည် ပိန်းဥ၊  ကန်စွန်းဥများ စိုက်ပျိုးဖြစ်ထွန်းသော မူရင်းဒေသ လည်းဖြစ်သည့်အတွက် ပိန်းဥနှင့် ကန်စွန်းဥ များ တိုးချဲ့နိုင်ရန် ရင်းနှီးမြှုပ်နှံလိုသော ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၊ နယ်‌မြေခံအသေးစား၊ အလတ်စား လုပ်ငန်းများပေါင်းစပ်လုပ်ကိုင်နိုင်ရန် ပြည်ထောင်စု အစိုးရ အနေဖြင့် စီမံဆောင်ရွက်ပေးမည်ဆိုပါက ချင်းပြည် နယ်၏ ဆင်းရဲမှုကို လျှင်မြန်စွာ ဖြေ ရှင်းပေး နိုင်လိမ့်မည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ဝင်ငွေ မြင့်မား စွာ နှစ်စဉ် ပုံမှန်ရရှိနိုင်ပြီး စီးပွားရေးလုပ်ငန်း တစ်ရပ်ဖြစ်သော  ပိန်းဥနှင့် ကန်စွန်းဥကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်သည်အထိ စိုက်ပျိုးနိုင်ရန်နှင့် ဈေးကွက် မှန်ကန် တည်မြဲနိုင်ရန်အတွက် နိုင်ငံတကာစီးပွားရေး လုပ်ငန်း ရှင်များနှင့် တိုက်ရိုက် ဆောင်ရွက်ပေးနိုင် ရန် ရှိ/မရှိကို မေးမြန်းပါသည်။ 


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအုန်းသန်းလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ပြည်ထောင်စုတစ်ဝန်းလုံး ရှိတောင်သူလယ်သမားများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာက ဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ပြည်ထောင်စုနယ်မြေဖြစ်သော နေပြည်တော်ကောင်စီနယ်မြေကို ဗဟိုပြုပြီးဈေးကွက် လိုအပ်ချက် အပေါ်မူတည်၍ စံနမူနာပြစိုက်ခင်းကြီးများထူထောင်ပြီး မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပွားများဆောင်ရွက်ပေး လျက်ရှိသည့်အပြင် နိုင်ငံ တကာ ဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်ဖို့အတွက် ဒေသနှင့်ကိုက်ညီသော ပိန်းဥ၊ ဝဥ၊ မျောက်ဥ၊ ဂျူးမြစ်၊ ကန်စွန်းဥနှင့် ဟင်းသီးဟင်းရွက် သစ်သီး ဝလံ သီးနှံများကို စီးပွားဖြစ် စိုက်ခင်းကြီးများ ထူထောင်အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုအပ် ပါကြောင်း၊  စံချိန်စံညွှန်း ပြည့်မီစွာအလုံအလောက် တင်ပို့ရောင်းချနိုင်ရေး အတွက်နိုင်ငံခြား ကုမ္ပဏီများနှင့် ချိတ်ဆက် ပေးပြီး ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village, One Product) အစီအစဉ်ဖြင့် စိုက်ပျိုးသွားကြရန် တိုက်တွန်းအားပေးဆောင်ရွက် လျက်ရှိကြပါကြောင်း၊

ဈေးကွက်လိုအပ်ချက်အရ ပိန်းဥ၊ ဝဥ၊ မျောက်ဥ၊ ကန်စွန်းဥ မျိုးကောင်းမျိုးသန့်များကို ကျယ်ကျယ်ပြန့်ပြန့် ပွားများပြီး ဖြန့်ဖြူးပေးနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံအများအပြားမှ ဝယ်ယူရန် စိတ်ဝင်စားမှုနှင့် ကမ်းလှမ်းလာမှုများရှိသော်လည်းပဲ မိမိတို့ဘက်က နိုင်ငံတကာဈေးကွက်လိုအပ်ချက်အပေါ် အရည် အသွေးပိုင်းနှင့် လိုအပ်ချက်ပမာဏကို ထုတ်လုပ်ပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ရန်များစွာ လိုအပ်လျက်ရှိနေ ပါသေးကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကပြည်ပသ့ို လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်မှုကိုလေ့လာပါက ၁-၄-၂၀၁၃ နေ့မှ ၆-၁၂-၂၀၁၃ နေ့အထိ သရက်သီးတန်ချိန် တန်ချိန် ၃၂၆၇၆ တန်၊ ၁၀.၈၂၄ အမေရိကန်ဒေါ်လာသန်း၊ ဖရဲသီး တန်ချိန် ၁၀၅၈၆၅ တန် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄.၉၇၁၊ သခွားမွှေးတန်ချိန် ၁၄၆၈၈ တန်ချိန် အမေရိကန်သန်းပေါင်း ၂.၉၉၁ ဝဥခြောက် ၁၀၈၅ တန် ၂.၀၂၈ သန်းရရှိပြီးဖြစ် သည့်နည်းတူ ပိန်းဥများဈေးကွက်အလားအလာရှိပြီး အထွက်နှုန်းလည်းကောင်း ၊တောင်သူအတွက်လည်း အကျိုး အမြတ်ရရှိသည့် သီးနှံတစ်ခုဖြစခြင်းကြောင့် တွန်းအားစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဥပမာအားဖြင့် တောင်ကိုရီးယားနိုင်ငံ ကုမ္ပဏီတစ်ခုက မိမိတို့နိုင်ငံ မူရင်းမျိုးပိန်းဥ တန်ချိန် ၃၀၀ ကို ပထမအသုတ် စမ်းသပ်ဝယ်ယူရန် ညှိနှိုင်းလာချက်အပေါ်မှာ တန်ချိန် ၃၀၀၊ ပိဿာချိန် အားဖြင့် ၁၈၃၆၀၀ ရှိသော်လည်းပဲ မိမိတို့အနေဖြင့် စိုက်ပျိုးရာသီအတွင်းှ ပိဿာ ၃၀၀ ရရှိအောင်ပင် မနည်း စုဆောင်းပြီး ဝယ်ယူနေရခြင်းဖြစ်ပါကြောင်း၊  ဤသို့ဖြစ်ရသည် မှာလည်း မိမိတို့နိုင်ငံအနေဖြင့် လယ်ယာကဏ္ဍထွက်ကုန်များတွင် ဆယ်စုနှစ်အတန်ကြာအောင် နိုင်ငံတကာဈေး ကွက်နှင့် အဆက်အသွယ်ပြတ်နေတဲ့ အခြေခံအချက် တစ်ချက်ကြောင့်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မကြာမီကာလ အတွင်းပြည်တွင်း ကုမ္ပဏီများနှင့် အသင်းအဖွဲ့အစည်းများ ၊နိုင်ငံခြားကုမ္ပဏီများနှင့် လယ်ယာကဏ္ဍထွက်ကုန် များ ပြည်ပသို့ တင်ပို့နိုင်မည့် အလားအလာ များကို ချိတ်ဆက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။  

ဥက္ကဋ္ဌမှ မေးမြန်းဖြေကြားချက်များအပေါ် သုံးသပ်ပြောကြားပါသည်။

ချင်းပြည်နယ်လို အင်မတန်မှစီးပွားရေးတိုးတက်မှု နောက်ကျသောပြည်နယ်အနေနှင့် ယခုကဲ့သို့ အခွင့် အလမ်းကောင်း တစ်ခုရရှိသည်ကိုမြင်တွေ့ပြီးမေး သည့်မေးခွန်းအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနကပြည်စုံ စွာဖြေကြားသွားပါကြောင်း၊  လွှတ်တော်ဥက္ကဋ္ဌအနေဖြင့်လည်း လွှတ်တော်မှာ ဖွဲ့စည်းထားသော စိုက်ပျိုးရေးနှင့် မွေးမြူ ရေးမြှင့်တင်မှုကော်မတီအနေဖြင့် ပါတီအသီးသီးနှင့် ညှိနှိုင်းပြီးတိုင်းရင်းသားဒေသများမှာ စီးပွားရေး၊ လူမှု ရေးဖွံ့ဖြိုးတိုးတက်အောင် ထိရောက်စွာ ဆွေးနွေးညှိနှိုင်းသည့်အခါ လွှတ်တော်ကိုယ်စား လှယ်များ၊ သက်ဆိုင် ရာ ဝန်ကြီးဌာနများ၊ အခြားသော နိုင်ငံတကာက ဒီကနေ့ အဖွဲ့အစည်းများ၊ စိုက်ပျိုးရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ ပြန်လည်ရောင်းချရာတွင်လည်း ကုန်သွယ်ရေးမြှင့်တင်မှုကော်မတီမှ ပါဝင်ပူးပေါင်း ဆောင်ရွက် မည်ဆိုပါက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသော ချင်းပြည်နယ်နှင့် ထိုကဲ့သို့ ပြည်နယ်များအတွက်များစွာ အဆင်ပြေ မှာဖြစ်ပါကြောင်း၊  ဒီနေ့  ပြည်ထောင်စုလွှတ်တော်အတွင်း ချင်းပြည်နယ်က ထွက်ရှိသော ဝဥ၊ မျောက်ဥ များကို အလေးထား ဆောင်ရွကရန် တင်ပြချက်လည်းပါသည့်အတွက်  မေးခွန်းအပေါ် ဖြေကြားသွားသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ပါကြောင်း၊ သို့သော် ပြည်သူများအနေဖြင့်လည်း တချို့ကိစ္စများဟာ ကိုယ့်အား ကိုယ်ကိုး ဆောင်ရွက်ရမည့် ကိစ္စများဖြစ်ပါကြောင်း၊  လွှတ်တော်အနေဖြင့်လည်း ပြည်သူများ၊ တိုင်းရင်းသားများ၏ လိုအပ်ချက်၊ အခွင့်အရေးများကို  ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက တိုင်းရင်းသား များ၏ အခွင့်အရေးများ၊ လူမှုစီးပွားရေးများ တိုးတက်ကောင်းမွန် လာမည်ဖြစ်ခြင်းကြောင့် မေးခွန်းအပေါ် လယ်ယာစိုက် ပျိုးရေးနှင့် မွေးမြူရေးမြှင့်တင်မှုကော်မတီ၊ ကုန်သွယ်မှုမြှင့်တင် မှုကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များ သက်ဆိုင် ရာဝန်ကြီး ဌာနများပေါင်းစပ်ပြီးဆောင်ရွက်ရန် တိုက်တွန်းပါကြောင်းနှင့် မှတ်တမ်းအဖြစ်ထားရှိ ဆောင်ရွက်ပေး ရန်နှင့် ဆောင်ရွက်မှုများကိုလည်း အချိန်နှင့်အမျှ လွှတ်တော်သို့ တင်ပြပေးမည်ဆိုပါက တိုင်းရင်းသားများအနေနှင့် လည်းကျေနပ်ဝမ်းမြောက်မှာဖြစ် ပါကြောင်းပြောကြားပါသည်။