မိမိအနေဖြင့် အမျိုးသားစီမံကိန်းမှတ်တမ်းများနှင့် စပ်လျဉ်း၍ အဓိကမေးမြန်းလိုခြင်းဖြစ်ပါကြောင်း၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ်အဖြစ် တည်ဆောက်နိုင်ရန်အတွက် အမျိုးသားစီမံကိန်း ရေးဆွဲရာတွင် ပြည်သူလူထု ကိုဗဟိုပြုသော အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် အောက်ခြေအဖွဲ့အစည်း အဆင့်မှ အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ စီမံကိန်းရေးဆွဲတင်ပြသော စနစ်များကို ကျင့်သုံးလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုအပါအဝင် အောက်ခြေအဖွဲ့အစည်းများနှင့် အုပ်ချုပ် ရေး အဖွဲ့အစည်းအဆင့်ဆင့်မှ စီမံကိန်းအောင်မြင်ရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုများ စသည့် တာဝန်ဝတ္တရားရှိကြပါကြောင်း၊ နိုင်ငံတော်၏ အမျိုးသားစီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်ဆောင် ရွက်ရာတွင် ပြည်သူလူထုနဲ့ အစိုးရအဖွဲ့အဆင့်ဆင့်အကြားမှာ ပေါင်းကူးဆက်သွယ်ပေးနိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်ပြီး ဥပဒေပြု ရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူလူထုအကြား အပြန်အလှန်ထိန်းကျောင်းသော Check and Balance စနစ်ပီပြင်ပါက စီမံကိန်းအောင်မြင်မှုအတွက် အထောက်အကူဖြစ်စေပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များဟာ ဥပဒေပြုရေးတာဝန်အပြင် အမျိုးသားစီမံကိန်းစိစစ်အတည်ပြုပြဋ္ဌာန်းနိုင်ရေး၊ ရသုံးမှန်းခြေ ငွေစာရင်း၊ ဘတ်ဂျက်စိစစ်အတည်ပြု ပြဋ္ဌာန်းနိုင်ရေး တာဝန်များကိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်ရသည့် တာဝန်ရှိသူများဖြစ်ခြင်းကြောင့် အောက်ခြေအဖွဲ့အစည်း အဆင့်ဆင့်က တင်ပြသော စီမံကိန်းများနှင့် စပ်လျဉ်းပြီး ကြိုတင်သိရှိထားမည်ဆိုပါက ကိုယ်စားလှယ်အနေဖြင့် မေးခွန်းမေးမြန်း တင်ပြခြင်းများ လျော့နည်းသွားပြီး လွှတ်တော်၏ အချိန်ကို ပိုမို အကျိုးရှိစွာ အသုံးချနိုင်သ့် အခွင့်အလမ်းများ ရရှိလာလိမ့်မည်ဟု ယုံကြည်မိပါကြောင်း၊ ထိုကြောင့် ပြည်နယ် အဖွဲ့အစည်းအဆင့်ဆင့်က ရေးဆွဲတင်ပြသော အမျိုးသား စီမံကိန်းမှတ်တမ်းများကို သက်ဆိုင်သော ပြည်သူ့ကိုယ်စားလှယ်များအား အသိပေးခြင်းနှင့် မှတ်တမ်း မိတ္တူများပေးပို့ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်တွင် စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီတွေကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ ကော်မတီများတွင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် တွင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းတာဝန် ပေးအပ်သော ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊၊ တိုင်းဒေသကြီး/ပြည်နယ်စီမံကိန်းမှူးက အတွင်းရေးမှူး၊ ခရိုင်အဆင့်တွင် ခရိုင်အုပ်ချုပ်ရေးမှူး ကဥက္ကဋ္ဌ၊ ခရိုင်စီမံကိန်းမှူး အတွင်းရေးမှူး၊ မြို့နယ်အဆင့်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်းမှူးက အတွင်းရေးမှူး စသဖြင့် ဆောင်ရွက်ကြပြီး ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များပါဝင် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊
စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီသည် လစဉ်အစည်းအဝေးပွဲများကို ကျင်းပလျက်ရှိ ပြီး အဆိုပါ အစည်းအဝေးတွေကို သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူ့ကိုယ်စားလှယ်များကို အခါအားလျော် စွာ ဖိတ်ကြား၍ အကြံဉာဏ်ရယူဆောင်ရွက်လျက်ရှိကြောင်း၊
သက်ဆိုင်ရာ မြို့နယ်စီမံကိန်းတွေရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီက စီမံကိန်းအဆိုပြုချက်များ ရေးဆွဲရန် ကျင်းပသော အစည်းအဝေးများတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ လိုအပ်ချက်အရ တင်ပြ လာသော လုပ်ငန်းအစီအစဉ်များ၊ မြို့မိမြို့ဖနှင့် လုပ်ငန်းရှင်များက တင်ပြလာသော ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်သူများ၏ လိုအပ်ချက် အစီအစဉ်များကို ထည့်သွင်းညှိနှိုင်းဆွေးနွေးပြီး့ မြို့နယ် စီမံကိန်း ရည်မှန်းချက် (မူကြမ်း) များကို ခရိုင်အဆင့် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီကို တင်ပြပြီး ခရိုင်အဆင့်ကနေပြီးတော့ မြို့နယ်အားလုံး၏ စီမံကိန်း ရည်မှန်းချက် (မူကြမ်း)များကို စုစည်းကာ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီကို အဆင့်ဆင့်တင်ပြပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နိုင်ငံတော်၏ မူဝါဒ၊ ဦးစားပေး အစီအစဉ်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်နှင့် ကိုက်ညီမှုအပေါ်မှာ အခြေခံပြီး ရွေးချယ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်သော အစီအစဉ်၊ ရည်မှန်းချက်များကို ဒေသန္တရ စီမံကိန်း ရည်မှန်းချက် (မူကြမ်း)အဖြစ် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များကို တင်ပြပြီးအတည်ပြုချက် ရယူပါကြောင်း၊ ထို့နောက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တွေမှာ စီမံကိန်းတာဝန်ပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး တာဝန်ပေးအပ်သော စီမံကိန်းရည်မှန်းချက်များကို စီမံကိန်းဦးစီးရုံးအဆင့်ဆင့်တွင် မှတ်တမ်းထားရှိပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်အဖွဲ့အစည်းများက ရေးဆွဲတင်ပြပြီး လွှတ်တော်က အတည်ပြုထားပြီးသော ဒေသန္တရစီမံကိန်း မှတ်တမ်းများကို တောင်းခံလာမည်ဆိုပါက မှတ်တမ်းမိတ္တူများ ပေးပို့နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
