အစိုးရဌာနအဖွဲ့အစည်းများသည် Budget ခွင့်ပြုငွေများဖြင့် ပစ္စည်းများဝယ်ယူခြင်း၊ ကန်ထရိုက်များဖြင့် အငှားချထား၍ လုပ်ငန်းဆောင်ရွက်စေခြင်းများ ပြုလုပ်ရာတွင် ပြည်သူ့ဘဏ္ဍာငွေများအား ထိရောက်မှန်ကန်စွာ အသုံးချရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးသည် အဓိကဖြစ်သည်ဟု ယူဆမိပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေ အမြောက်အများသုံးစွဲရသည့် လုပ်ငန်းကြီးများကို ကန်ထရိုက်ချထားခြင်းများသည်လည်း ဝယ်ယူရေး ( Procurement )တွင် ပါဝင်ပါကြောင်း၊ သို့ဖြစ်ပါ၍ အစိုးရဌာနများ၏ ဝယ်ယူရေးနှင့်ပတ်သက်၍ ဥပဒေရေးဆွဲထုတ်ပြန်ရန် အစီအစဉ်ရှိ/မရှိနှင့် လက်ရှိတွင် မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
အစိုးရဌာနအဖွဲ့အစည်းများသည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပစ္စည်းများဝယ်ယူခြင်းများတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စေရေး၊ အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေး၊ အလေအလွင့်နှင့် မသမာမှုတွေကင်းရှင်းစေရေးနှင့် စနစ်တကျစီမံခန့်ခွဲ အသုံးပြုနိုင်ရန်အတွက် ဗဟိုစီမံခန့်ခွဲရေး အမှုဆောင်အဖွဲ့နှင့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၊ ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီ၊ ပြည်ပကိုစေလွှတ် မည့်သူများ နိုင်ငံခြားသုံးငွေခွင့်ပြုမှုစိစစ်ရေးကော်မတီတို့ကို နိုင်ငံတော်သမ္မတရုံး၏ (၂၀-၄-၂၀၁၁) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၃၂/၂၀၁၁) ဖြင့် ဖွဲ့စည်းခဲ့ပြီး တင်ပြလာသော တည်ဆောက်ရေးကိစ္စရပ်များ၊ ပစ္စည်းဝယ်ယူရေး ကိစ္စရပ်များကို နိုင်ငံတော်၏ ဦးတည်ချက်များနှင့်အညီ ဦးစားပေး ကဏ္ဍအလိုက်အတည်ပြုခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်အတည်ပြုခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ရာတွင် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအရ ဝန်ကြီးဌာနများ၏ ပစ္စည်းဝယ်ယူမှုကိစ္စနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်နှင့် တာဝန်ယူခွင့်များ ပေးထားပြီး မှန်မှန်ကန်ကန် စနစ်တကျ အဖွဲ့ဖွဲ့စည်း ဆောင်ရွက်ရန်နှင့် အများပြည်သူ အထင်အမြင် လွဲမှားမှုမရှိစေရေး သတိပြုဆောင်ရွက်ရန် လမ်းညွှန်ချက်အရ ပစ္စည်းဝယ်ယူမှု ကိစ္စများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန်အတွက် အမိန့်ကြော်ငြာစာအမှတ် (၃၂/၂၀၁၁) ဖြင့် ဖွဲ့စည်းထားခဲ့သော အဆိုပါကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၂၃-၉-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၇/၂၀၁၁) ဖြင့် ဖျက်သိမ်းခဲ့ပါကြောင်း၊ ထိုသို့ဖျက်သိမ်းပြီးနောက်တွင် အစိုးရဌာနအဖွဲ့အစည်းများက ဌာနတွင်းပစ္စည်းဝယ်ယူရေး ကော်မတီအဖွဲ့ ဖွဲ့စည်းကာ စိစစ်ပြီး ဝန်ကြီးဌာန စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို တင်ပြအတည်ပြုချက်ရယူပြီး ဝယ်ယူရေး၊ တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၅-၄-၂၀၁၃ ရက်စွဲဖြင့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၃) ဖြစ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် တင်ဒါစည်းကမ်းချက်များကို ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါညွှန်ကြားချက်တွင် ဝယ်ယူရေးဆိုင်ရာတင်ဒါများ၊ တည်ဆောက်မှုဆိုင်ရာတင်ဒါများ၊ ဝန်ဆောင်မှုတင်ဒါများ၊ ငှားရမ်းရောင်းချရေးတင်ဒါများနှင့် စပ်လျဉ်း၍လည်းကောင်း လိုက်နာဆောင်ရွက်ရန် စည်းကမ်းချက်များကို ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါကြောင်း၊ ဖော်ပြပါ တင်ဒါစည်းကမ်းချက်များအရ အစိုးရဌာနအဖွဲ့အစည်းများက နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်သော ပစ္စည်းဝယ်ယူရေး နှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူဆောင်ရွက်ရပါကြောင်း၊ ထို့အပြင် တင်ဒါရွေးချယ်ရေးအတွက် တင်ဒါခေါ်ယူရေးကော်မတီ၊ ကြမ်းခင်းဈေးတွက်ချက်ရေး ကော်မတီ၊ တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီ၊ အရည်အသွေးစိစစ်ရေးကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်ရပါကြောင်း၊ ထိုကဲ့သို့ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအလိုက် တင်ဒါစည်းကမ်း စည်းမျဉ်းများနှင့် ဆောင်ရွက်ပုံချင်း မတူညီသည့်အတွက် ဝန်ကြီးဌာနများအားလုံး၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအားလုံး တင်ဒါခေါ်ယူရာတွင် တစ်ပြေးညီ ပုံစံဖြစ်စေရန် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့မြန်ဆန်စေရန် တည်ဆောက်ရေးလုပ်ငန်းများ တင်ဒါခေါ်ယူစာချုပ်ချုပ်ဆိုရာတွင် လိုက်နာကျင့်သုံးရမည့် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရန်နှင့် ဝန်ကြီးဌာနအသီးသီး၏ ကန်ထရိုက်စနစ်ဖြင့် ခွင့်ပြုသောလုပ်ငန်းများတွင် တူညီသောမူဝါဒကို အခြေခံပြီး ဆောင်ရွက်သွားရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဗဟိုဝန်ကြီးဌာန (Focal Ministry) အဖြစ် ဦးဆောင်ပြီး ကုလသမဂ္ဂ လုပ်ငန်းစီမံချက်ဝန်ဆောင်မှုရုံး (မြန်မာ) United Nation Office For Project Services Myanmar ၏ အကြံဉာဏ်ကိုရယူပြီး ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်း လမ်းညွှန်စာအုပ်ကို ရေးဆွဲခဲ့ပြီး ၈-၁-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အားလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးအားလုံးကို ဖြန့်ဝေခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် UNOPS၊ ကမ္ဘာ့ဘဏ်တို့နှင့် ပြည်သူ့ကဏ္ဍဝယ်ယူရေးစနစ် ပိုမိုအားကောင်းစေရန် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့် တင်ဒါတင်သွင်းသူများ၏ ကျွမ်းကျင်မှုဆိုင်ရာနှင့်တင်ဒါပြိုင် ဈေးနှုန်းအချက်အလက်များပေါ်တွင် အမှတ်ပေးသတ်မှတ်ချက်များကို ရေးဆွဲပြုစုလျက်ရှိပြီးတော့ ဆက်လက်ပြီး ဥပဒေကြမ်းရေးဆွဲ ပြုစုသွားမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ အစိုးရဌာနအဖွဲ့အစည်းများ ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေဖြင့် ပစ္စည်းများဝယ်ယူသည့်ကိစ္စနှင့်ပတ်သက်ပြီး ဥပဒေရေးဆွဲထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် ပွင့်လင်းမြင်သာမှု ရှိစေရန် Open Tender စနစ်ဖြင့် သတင်းစာများတွင် ထည့်သွင်းကြော်ငြာခြင်း၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
