(ဃ)-ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်ညီညွတ်ခြင်း မရှိဆောင်ရွက်နေသောဌာနများအပေါ်မည်သို့အရေး ယူမည်ကို သိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း။

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၂၀.၃.၂၀၁၄)

ဦးသန်းဦး (မြဝတီ)ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ အခွန်အခြေခံ Tax Page  များချဲ့ထွင်ခြင်း ဖြစ်သော GDP တိုးတက်မှုနှင့် လိုက်လျော ညီထွေဖြစ်စေမည့် အခွန်များနှစ်စဉ် တိုးတက်ရရှိရေးဆောင်ရွက်မည်ဟု ပါရှိပါကြောင်း၊ ယခုအခါမှာ မြန်မာနိုင်ငံတစ်ဝန်းမြို့များတွင် အထွေထွေလိုင်စင် CA နှစ်စဉ် အခွန် တိုးနေ သည့်အတွက် စားသုံးကုန်ဈေးနှုန်းများလည်း တစ်နှစ်ထက်တစ်နှစ် မြှင့်တက်လျက် ရှိပါကြောင်း၊လေလံဈေးနှုန်းသည် ဈေးနှုန်းယှဉ်ပြိုင်ပေးခြင်း ကနေဖြစ်ပေါ်လာသော် လည်း ပြည်သူလူထုဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ မြို့နယ်စည်ပင် သာယာရေးကိစ္စအပေါ်တွင် တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်တာဝန်ရသည်ဟု ထင်မြင်မိပါကြောင်း၊ မိမိအနေဖြင့်စည်ပင်ကို ဥပမာပြုပြီး အခြားဌာနများကို လည်း မေးမြန်းလိုခြင်းဖြစ်ပါကြောင်း၊ထို့ကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ မူဝါဒရည်မှန်း ချက်အတိုင်း စည်းမျဉ်းစည်ကမ်းနှင့် ညီညွတ်ခြင်းမရှိ ဆောင်ရွက်နေသော ဌာနများအပေါ် မည်ကဲ့သို့ အရေး ယူဆောင်ရွက်မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာလင်းအောင်
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာလင်းအောင်အခွန်ပိုင်းနှင့် လိုင်စင်(C)ပိုင်းကို ပထမဦးစွာ ရှင်းလင်းတင်ပြပါမည်းဖြစ်ပြီး လိုင်စင်စီ ကိစ္စလေးကို ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း၊  ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရည်မှန်းချက်များတွင် အခွန်ရငွေနှင့် ဂျီဒီပီအချိုး နှစ်စဉ်တိုးတက်ရရှိရေးသည် အချက် တစ်ချက်အဖြစ် ပါဝင်လျက်ရှိရာ အဆိုပါအခွန်ရငွေများတိုးတက် ရရှိစေရေး အတွက် နိုင်ငံတကာ ကျင့်ထုံးဖြစ်သော အခွန်ထမ်းဦးရေများများအပေါ်မှာ အခွန်နှုန်း နည်းနည်းဖြင့် ကောက်ခံနိုင်ရေးအတွက် အခွန်ထမ်းသစ်များဖော်ထုတ်ခြင်း အပါအဝင် ရသင့်ရထိုက်သော အခွန်ငွေများရရှိစေရေး၊ အခွန်လွတ် ကင်းတမ်းရှောင်မှုများ မဖြစ်ပေါ်စေရေးတို့အတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၉၆ အရ ဇယား(၁) ပါဝင် ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေ သိန်းဆုခွန်နှင့် အကောက်ခွံတို့ကို ပြည်ထောင်စုအစိုးရကကောက်ခံပြီး ၂၀၀၈ ခုနှစ် ပြည်ထောင်စု သမ္မတမြန်မာနိုင် ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၄ အရ ဇယား(၅) ပါ အခွန်(၉) မျိုးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုရအဖွဲ့က ကောက်ခံရန်ပြဋ္ဌာန်းထားပြီးဖြစ်သည့် အလားတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၉၆ အရ ဇယား(၁) ပြည်ထောင်စုဥပဒေပြုစာရင်း ဘဏ္ဍာရေးနှစ်စီမံကိန်း ကဏ္ဍတွင်  ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဟု လည်းကောင်း၊ ပုဒ်မ ၁၈၈၊ ဇယား(၂) တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်ဥပဒေပြုစာရင်း၊ ဘဏ္ဍာရေးနှင့်စီမံကိန်း ကဏ္ဍာတွင် တိုင်းသကြီး သို့မဟုတ် ပြည်နယ်ရန်ပုံ ငွေဟုလည်းကောင်း ပြဋ္ဌာန်းထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် ၂၅၄ (က)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဇယား(၅) ပါ အခွန်အခများကို ဥပဒေနှင့်အညီကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ပေးသွင်းရမည်ဟုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၃၈(က)မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရဟာ ဖွဲ့စည်းပုံအခြေ ခံဥပဒေဇယား(၅) ပါ အခွန်အခများကိုဥပဒေနှင့်အညီကောက်ခံပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်ဟုလည်းကောင်း ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ  ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုဥပဒေပြု စာရင်းအရလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းအရလည်းကောင်း၊ မိမိတို့နှင့် သက်ဆိုင်သော ဘဏ္ဍာရန်ပုံငွေ တိုးတက်ရရှိရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း။  ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်တွင်းအခွံများဦးစီးဌာနများအနေဖြင့် အကောက်ခွန်ဦးစီးဌာနများ အနေနှင့် ပြည်ထောင် စုဥပဒေပြုစာရင်းပါ အထက်ဖော်ပြပါအခွန် ၅ မျိုး ကိုသာ ကောက်ခံပါကြောင်း၊ အခွင့်အရေး လေလံ သို့မဟုတ် လိုင်စင်(C)များ သည် တိုင်းဒေသကြီး /ပြည်နယ် ဘဏ္ဍာရန်ပုံငွေစာရင်းမှာပါရှိသော စည်ပင်သာယာရေး ကော်မတီနှင့်  စည်ပင်သာယာရေး အဖွဲ့များမှ စီမံ ခန့်ခွဲခွင့်ရှိသော လုပ်ငန်းများဖြစ်ပါကြောင်းကို ခွဲခြားတင်ပြလိုပါကြောင်း၊

မြန်မာနိုင်ငံတစ်ဝန်းမြို့များတွင် အခွင့်အရေးလိုင်စင်စီများနှင့်ပတ်သက်ပြီး လေလံ‌ဈေးနှုန်းများ သတ်မှတ်ခြင်း၊ လေလံ စီမံခန့်ခွဲခြင်းလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ရဲ့ကြီးကြပ် မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုအခါမှာ လေလံဈေးနှုန်းများကြောင့် စားသုံးကုန်ဈေးနှုန်းများ မြင့်တက်လာမှုမဖြစ်စေ ရန် အချို့ဒေသများတွင် လေလံစနစ်ကို ပြုပြင်ပြောင်း လဲဆောင် ရွက်နေပြီ ဖြစ်ပါကြောင်း။

အဆိုပါလုပ်ငန်းလိုင်စင်များနှင့် ပတ်သက်၍   လေလံစနစ်များကို ဖျက်သိမ်းပြီး  ဈေးခုံစနစ်ဖြင့် ဆောင်ရွက်ခြင်းကို ၁-၇-၂၀၁၂ ရက်နေ့မှ ၃၁-၃-၂၀၁၃ ရက်နေ့အထိ စမ်းသပ်ကာလအဖြစ်ဖော်ပြပါ စည်းကမ်းသတ်မှတ် ချက်များနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  

သားသတ်လိုင်စင် လေလံစနစ်အားဖျက်သိမ်းပြီး အသားရောင်းချလိုသူ အားလုံးကို ဈေးခုံ စနစ်ဖြင့် စနစ်တကျရောင်းချစေခြင်း၊ ယခင်လေလံကြေး သုံးနှစ် (၂၀၁၀-၂၀၁၁ ခုနှစ်မှ ၂၀၁၂-၂၀၁၃ ခုနှစ်အထိ) အတွင်း အနည်းဆုံးလေလံကြေးကို အခြေခံပြီးရောင်းချလိုသောမြို့နယ်၊ ဈေးများမှာ ရောင်းချလိုသူ အရေအတွက်ဖြင့် တစ်ဦးကျသင့်ငွေကိုသတ်မှတ်ခြင်း၊ တစ်နှစ်စာအတွက် ပေးသွင်းရမည့်ဈေးခုံကြေးအား လစဉ်အရစ်ကျပေး သွင်းစေခြင်း၊ ယခင်လေလံကဲ့သို့ ပိုင်ဆိုင်မှု အထောက် အထား တင်ပြရန်မလိုတဲ့အပြင် ကျသင့်လေလံကြေးရဲ့ ငါးပုံတစ်ပုံကိုလည်း ချက်ချင်းပေးသွင်းရန် မလိုဘဲအာမခံကြေး တစ်လစာ တန်ဖိုးသာပေးသွင်းစေခြင်း၊  အသားထုတ် လုပ်မည့်ကောင်ရေကို ယခင်လေလံကဲ့သို့ လစဉ် ပုံသေတစ်နှစ်စာ သတ်မှတ်မထားဘဲ မိမိရောင်းဝယ်မှု အခြေအနေအရ အတိုး/အလျော့ပြုလုပ်စေခြင်း၊ မိမိရောင်းဝယ်မှုအင်အားအရ လုပ်ငန်းလုပ်ကိုင်နိုင်သလောက် သာ ဈေးခုံရယူ ရောင်းဝယ်စေခြင်းတို့ဖြစ်ပါကြောင်း၊

အထက်တင်ပြပါ လုပ်ငန်းစဉ်များအတိုင်း စမ်းသပ်ဆောင်ရွက်ခဲ့သည့်အတွက် လေလံဈေးနှုန်းများ တစ်နှစ်ထက်တစ်နှစ် ကြီးမြင့်လာမှုမရှိတော့ခြင်း၊ လေလံအောင်မြင်သူ တစ်ဦးတစ်ယောက် တည်းမှ ဈေးကွက် ချုပ်ကိုင်နိုင်မှုများ မရှိတော့ခြင်းနှင့် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူများအားလုံးတို့မှ လိုင်စင်ဈေးနှုန်း သက်သာ စွာဖြင့် လုပ်ကိုင်ခွင့် ရရှိခြင်းတို့ကြောင့် လေလံဈေးနှုန်းမြင့်တက်မှုအပေါ်မှာမူတည်ပြီး အသားဈေးနှုန်းများ တိုးမြှင့်ရောင်းချမှု များလျော့နည်းသွားခြင်းစသည့် အကျိုးကျေးဇူးများရရှိခဲ့သည့်အတွက် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် လုပ်ငန်းစဉ်တွေကို အခြားတိုင်းဒေသကြီး/ ပြည်နယ်များ တွင်ဆောင် ရွက်နိုင်ရေးအတွက် လာရောက်လေ့လာမှုများ ရှိကြောင်းကိုလည်း လေ့လာသိရှိရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းဆောင်ရွက်နေသော အခွင့်အရေးလေလံ၊ အထူးသဖြင့် (လိုင်စင်စီ) လုပ်ငန်းများသည် သက်ဆိုင် ရာ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေစာရင်းတွင် ပါဝင်သော  အဖွဲ့များဖြစ်သည့် စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေး အဖွဲ့များက စီမံခန့်ခွဲခွင့်ရှိသော လုပ်ငန်းများဖြစ်ခြင်းကြောင့် ၎င်းတို့အစိုးရအဖွဲ့များက တည်ဆဲဥပဒေများ နှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေနဲ့ သီးခြားအရေးယူ ဆောင်ရွက်ရန်မရှိပါကြောင်း ပြန်လည်းဖြေကြားသွားပါသည်။