ရသေ့တောင် တောင်လှမော်ကျေးရွာ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ရန်ပုံငွေဖြင့် ၁၂ ပေအကျယ် ကျောက်ကြမ်းလမ်း အဖြစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဖောက်လုပ်ခဲ့ပါကြောင်း၊ အရှည် (၁) မိုင်ခန့်သာရှိပြီး ယခုအချိန်တွင် ကျောက်များမရှိတော့ဘဲ မြေသားလမ်းအဖြစ်သာ အသုံးပြုလျက်ရှိနေကြပါကြောင်း၊ နှစ်စဉ် မိုးရာသီတွင် ရေကြီးနစ်မြှုပ်မှု ဖြစ်ပေါ်နေသည်အတွက် ဒေသခံ ပြည်သူများနှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ သွားလာရေး အလွန် ခက်ခဲလျက် ရှိပါကြောင်း၊ လွှတ်တော်က ချပေးသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လုံလောက်မှုမရှိသည့်အတွက် တင်ပြရခြင်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းအား ပြုပြင်ပေးမည်ဆိုပါက ဒေသခံပြည်သူများအပြင် တောင်လှမော်ကျေးရွာအနီးရှိ နယ်မြေခံတပ်ရင်းအတွက်ပါ များစွာအကျိုးရှိမှာဖြစ်သည့်အတွက် ရသေ့တောင်၊ တောင်လှမော်ကျေးရွာတောလမ်းအား မြေသားမြှင့်တင်ပြီး ကတ္တရာလမ်းအဖြစ် သို့မဟုတ် ကျောက်ချောလမ်းအဖြစ် ခင်းပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရသေ့တောင်-တောင်လှမော်-ငတောက်တူချေလမ်းပိုင်း (၁) မိုင်ကို ကျောက်ချောလမ်း ခင်းထားသော်လည်း မိုးရာသီတွင် သွားလာရေး အခက်အခဲဖြစ်သည့်အတွက်ကြောင့် ကတ္တရာလမ်းခင်းပေးရန် မိမိတို့ တင်ပြထားပါကြောင်း၊ ယင်းလမ်းနှင့်ပတ်သက်၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာငွေ ၂၃.၃ သန်းဖြင့် (၂) ဖာလုံကို ကတ္တရာလမ်းခင်းရန် ချထားပေးပါကြောင်း၊ ကျန်သည့်အပိုင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဦးစားပေးပြီး ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
