မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ်များအတွင်းရှိ အချို့မြို့များနှင့် ကျေးရွာများတွင် မြို့အမည်၊ ကျေးရွာအမည်များကို ပါတီအမည်တပ်ပြီး ဆိုင်းဘုတ်များ တင်ထားသည်များကို မြို့အဝင်/အထွက်နှင့် ကားလမ်းမများပေါ်တွင် တွေ့ရှိနေရပါကြောင်း၊ ထိုကဲ့သို့ ဆိုင်းဘုတ်တင်သည့်ကိစ္စနှင့်ပတ်သက်၍ မကြာသေးမီက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီးတစ်မြို့တွင် မြို့အဝင် တင်ထားသည့် ဆိုင်းဘုတ်နှင့်ပတ်သက်ပြီး သဘောမတူသူများက ကန့်ကွက်ဆန့်ကျင်ခဲ့ကြသည့်အတွက် မြို့အဝင်ကဆိုင်းဘုတ်ကို ပြန်လည်ပြီး ပြောင်းလဲခဲ့ရသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ အချို့ကျေးရွာများတွင် ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ ဆန္ဒသဘောထားမပါဘဲ မြို့၊ ရွာများကို ပါတီတစ်ခု၏ အမည်နှင့်တွဲပြီး နာမည်တပ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ မကျေနပ်မှုများ၊ တိုင်ကြားထားမှုများကို ကြားသိနေရပါကြောင်း။
နိုင်ငံတော်သမ္မတကြီးအနေဖြင့်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးအနေဖြင့်လည်းကောင်း အခါအခွင့် အလျဉ်းသင့်တိုင်း ပါတီစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲများ ကင်းကင်းရှင်းရှင်းရှိရန် မှာကြားထားတာကို မိမိတို့ မှတ်သားထားပါကြောင်း၊ သို့သော် ယခုကဲ့သို့ အစွဲမကင်းသည့် ဆိုင်းဘုတ်များကို မြို့တစ်မြို့၊ ရွာတစ်ရွာ၏ အဝင်/အထွက်တွင် တရားမဝင် စိုက်ထူထားခြင်းအားဖြင့် မြို့နှင့် ကျေးရွာများ၏ ဂုဏ်သိက္ခာနှင့် မသင့်လျော်သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် မြို့၊ ရွာများ၏ အမည်များကို ပြောင်းလဲသတ်မှတ်လိုပါက ပြည်သူ့လွှတ်တော်တွင် တင်ပြီနောက် လွှတ်တော်များက တရားဝင်ခွင့်ပြုမှသာ မြို့၊ ရွာအမည်များကို ပြောင်းလဲခွင့်ရှိပါကြောင်း၊ တရားဝင်ခွင့်ပြုထားခြင်းမရှိဘဲ မြန်မာနိုင်ငံထဲတွင် တရားဝင်အမည် သတ်မှတ်ပြီးသား မြို့/ရွာများ၏ အမည်များ ရှေ့တွင်ဖြစ်စေ၊ နောက်တွင်ဖြစ်စေ တရားမဝင်သည့် အမည်များကို ဖြည့်စွက်ခြင်းသည် ဥပဒေကို ဖောက်ဖျက်ရာရောက်သည့်အပြင်ဥပဒေကို ဆန့်ကျင်ရာလည်း ရောက်သည်ကို သိရှိပြီးဖြစ်သော်လည်း သက်ဆိုင်ရာက မည်သည့်အတွက်ကြောင့် ယခုချိန်ထိ အရေးမယူရသေးသည်ကို သိရှိလိုပါကြောင်း၊ တခြားပါတီများကလည်း ဆိုင်းဘုတ်များ တင်မည်ဆိုပါက ခွင့်ပြုမည်ကို သိရှိလိုပါကြောင်း။
ဒေသတွင်းရှိ ပြည်သူလူထုအချင်းချင်း စိတ်ဝမ်းကွဲပြားမှုနှင့် တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်မှုများ ဖြစ်စေမည်ကို စိုးရိမ်ပါကြောင်း၊ သက်ဆိုင်ရာအစိုးရနှင့် အုပ်ချုပ်ရေးပိုင်းများအား မည်သည့်နိုင်ငံရေးပါတီ၏ ဘက်ကိုမှ ဘက်လိုက်ခြင်းမပြုရဘဲ ကြားနေရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဥပဒေကို ချိုးဖောက်ပြီး ဆောင်ရွက်ထားသည်များကို နှစ်ကာလကြာရှည်စွာ ခွင့်ပြုထားခြင်းသည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွင် တာဝန်ရှိသည်ဟု ပြောရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ယင်းကိစ္စများကို သိသော်လည်း မည်သည့်အတွက်ကြောင့် တားမြစ်ခြင်းမရှိသည်နှင့် မသိချင်ယောင်ဆောင်နေသလားဟု မေးရမလို ဖြစ်နေပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ အချို့မြို့၊ ရွာများနှင့် ကျေးရွာများတွင် ပါတီအမည်တပ်၍ မြို့အမည်၊ ကျေးရွာအမည်များကို ဆိုင်းဘုတ်တင်ထားခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုကြား အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်နေပါသဖြင့် ထိုကဲ့သို့ ပါတီအမည်တပ်၍ ဆိုင်းဘုတ်တင်ထားခြင်းကို နိုင်ငံတော်အစိုးရမှ တရားဝင်ခွင့်ပြုထားခြင်းရှိ/မရှိ၊ မရှိလျှင် ၎င်းဆိုင်းဘုတ်များအား အမြန်ဆုံးဖြုတ်သိမ်းရန်နှင့် ပြင်ဆင်ရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲ၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ ပြန်တမ်းစာအုပ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ခု အပါအဝင်၊ ခရိုင် ၇၀၊ မြို့နယ် ၃၃၀၊ မြို့နယ်ခွဲ ၈၄၊ မြို့ ၃၉၈၊ ရပ်ကွက် ၃၀၆၃၊ ကျေးရွာအုပ်စု ၁၃၆၁၈ နှင့် ကျေးရွာ ၆၄၁၃၄ ဖြင့် မှတ်တမ်းတင်သတ်မှတ်ထားရှိပြီး ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲ၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု နှင့်ကျေးရွာအချို့ကို ကျေးရွာအုပ်စုတိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ကိစ္စရပ်များအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ နှင့်အညီ နိုင်ငံတော်သမ္မတထံထောက်ခံတင်ပြ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေတွင် ဒက္ခိဏခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ယင်းမာပင်ခရိုင်၊ ရှမ်းပြည်နယ်တွင် မိုးမိတ်ခရိုင်နှင့် မက်မန်းခရိုင်၊ ရခိုင်ပြည်နယ်တွင် မြောက်ဦးခရိုင်တို့ကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်ရှိ ကွမ်းလုံခရိုင်နှင့် မိုင်းဖြတ်ခရိုင်တို့ကိုလည်း ပယ်ဖျက်ခဲ့ပြီးဖြစ်ပါကြောင်း။
၁၄.၁၁.၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃၁/၂၀၁၃)အရ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ်၊ မေလ ၂၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၆၁၁/၂၀၁၄)အရ မြို့နယ်ခွဲစကားရပ်အား ပယ်ဖျက်ပြီး မြို့တိုးချဲ့မှုအတွက် ပဲခူးတိုင်းဒေသကြီးတွင် ၉ မြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၅ မြို့၊ မွန်ပြည်နယ်တွင် ၃ မြို့၊ ရခိုင် ပြည်နယ်တွင် ၂ မြို့ စုစုပေါင်း ၁၉ မြို့၊ ရပ်ကွက် ၉၁ ခုတိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ ထိုကဲ့သို့ မြို့နယ်၊ ရပ်ကွက်များ တိုးချဲ့ဖွဲ့စည်းမှုအရ ကျေးရွာအုပ်စု ၈ အုပ်စု၊ ကျေးရွာ ၂၃၅ ရွာ ပယ်ဖျက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၁၂.၉.၂၀၁၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၈/၂၀၁၄)အရ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်(၁၁၀၇/၂၀၁၄)ဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် ရွှေပြည်သာကျေးရွာအုပ်စုကို နောက်ဆုံးတိုးချဲ့ဖွဲ့စည်းခဲ့သည့်အတွက် ယခုအချိန်လဲ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ်ခုနစ်ခုအပါအဝင် ခရိုင် ၇၃ ခု၊ မြို့နယ် ၃၃၀၊ မြို့ ၄၁၇ မြို့၊ ရပ်ကွက် ၃၁၅၄ ရွာ၊ ကျေးရွာအုပ်စု ၁၃၆၁၀ နှင့် ကျေးရွာ ၆၃၈၉၉ တို့ကို မှတ်တမ်းတင်သ တ်မှတ်ထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါ တရားဝင်သတ်မှတ်ထားရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ ပြန်တမ်းစာအုပ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်မြို့ရှိ ကြံ့ခိုင်ရေးရပ်ကွက်သည် ယခင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ ၁၉၇၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် ရက်စွဲပါစာအမှတ်၊ ၁၀၃/၃၃/စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ သတ်မှတ်ခဲ့သောရပ်ကွက်တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ ကြံ့ခိုင်ရေး ရပ်ကွက်မှလွဲ၍ အခြားတိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် ပါတီအမည်နှင့်တူသော ရပ်ကွက်/ကျေးရွာများ သတ်မှတ်ထားခဲ့ခြင်းမရှိပါကြောင်း၊ သို့ရာတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အချို့သော ရပ်ကွက်/ကျေးရွာများတွင် ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သောကြောင့် မှတ်တမ်းတင်ထားရှိသည့်အနေဖြင့် ပြည်ခိုင်ဖြိုးဆိုင်းဘုတ်များ တပ်ဆင်ထားခဲ့သည်ကို သိရှိရပါကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ တွင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များအား ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလိုဆောင်ရွက်ပေးရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာ အမည်များအား ပြောင်းလဲပြင်ဆင်လိုပါက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ သဘောထားတောင်းခံလာသည့်အခါ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် နိုင်ငံတော်သမ္မတရုံးသို့ အဆင့်ဆင့် တင်ပြဆောင်ရွက်ရပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူဆုံးဖြတ်ချက်ရရှိမှသာ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ပေးရပါကြောင်း၊ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီ အမိန့်ကြော်ငြာစာထုတ်ပြန်ထားရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာအမည်များကို တရားဝင်အသိအမှတ်ပြု မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် အချို့မြို့နယ်များနှင့် ကျေးရွာများတွင် ပါတီအမည်တပ်၍ မြို့အမည်၊ ကျေးရွာအမည်များ ဆိုင်းဘုတ်တင်ခြင်းကို တရားဝင်ခွင့်ပြုထားခြင်း မရှိပါကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအမည်များကိုသာ မှတ်တမ်းတင်အသိအမှတ်ပြုထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ခင်စန်းလှိုင် (ပုလဲ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဖြေကြားချက်မှာ ယခင်က အသိအမှတ်ပြုထားသော မြို့နယ်များ၏ အကြောင်းများကိုသာ ပြောကြားသွားသည်ဖြစ်ပါ၍ မိမိမေးခွန်းနှင့် တခြားစီဖြစ်နေပါကြောင်း၊ မိမိသိလိုသည်မှာ တရားဝင်ခွင့်ပြုမထားဘဲ ဆိုင်းဘုတ်များတင်ထားခြင်းသည် မိမိတို့နယ်မြေအတွင်း အတော်လည်းကြာနေပြီဖြစ်ပါကြောင်း၊ သို့သော် ယခုအချိန်ထိ အရေးယူဆောင်ရွက်ခြင်းများ မရှိပါကြောင်း၊ ထို့ကြောင့် မည်သို့ဆောင်ရွက်မည်ကို ရှင်းလင်းတင်ပြခြင်း မရှိသည့်အတွက် ပြည်သူလူထုတွေကြား အမြဲတမ်းအငြင်းပွားစရာများ ဖြစ်နေပြီး အင်အားကြီးပါတီတစ်ခု၏ အနိုင်ကျင့်မှုကို ခံနေရသကဲ့သို့ အားလုံး၏စိတ်တွင် ဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် တရားဝင်ခွင့်ပြုထားခြင်းမရှိပါက ဆိုင်းဘုတ်များကို မည်သို့ပြုလုပ်ပေးမည်ကို ကွဲကွဲပြားပြား ပြည်သူ့လွှတ်တော်များမှတစ်ဆင့် ပြည်သူလူထုသိအောင် ပြောကြားသင့်ပါကြောင်း ဆက်စပ်မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသော တိုင်းဒေသကြီး/ပြည်နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကျေးရွာအုပ်စု ကျေးရွာအမည်များကိုသာ အတည်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးလည်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အတည်ပြုထားသည့် အမည်စာရင်းများအတိုင်းသာ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားသွားမည်ဖြစ်ပါကြောင်း၊ ညွှန်ကြားချက်ပေါ်မူတည်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များက လည်း ဆက်လက်ပြီး ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အခါ အမိန့်များ၊ ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ပြီး ဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ တည်ဆဲဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
