(စ)-အမျိုးသားစာပေတစ်သက်တာဆု၊အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ငွေများကို ယခုထက်ပို၍ချီးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၁၂.၃.၂၀၁၄)

ဦးခိုင်မောင်ရည် (အလုံ)မြန်မာနိုင်ငံတွင် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေဆုများကို ချီးမြှင့်လာခဲ့ သည်မှာ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်နှင့် ၁၉၆၄ ခုနှစ်အထိ  သုံးကြိမ် အနုပညာစာပေဆု အမည်နှင့် စာပေဆုများကိုချီးမြှင့်ခဲ့ပြီး ၁၉၆၅ ခုနှစ် စာပေဆုများမှ စတင်ပြီး အမျိုးသားစာပေဆုအထိ ယနေ့တိုင်ချီးမြှင့်နေကြောင်း၊ အမျိုးသားစာပေ တစ်သက်တာ ဆုကို ၂၀၀၁ ခုနှစ်မှစတင်ပြီး တစ်နှစ်လျှင်တစ်ဦးကျဖြင့် ၂၀၁၁ ခုနှစ်အထိ ၁၁ ဦး ချီးမြှင့် ပေးအပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုကိုသုံးဦး တိုးမြှင့်ချီးမြှင့်ခဲ့ခြင်းကို တွေ့ရှိရပါကြောင်း၊  တစ်သက်တာစာပေ ဆုရရှိခဲ့ကြသူများ သည် စာပေပညာဖြင့်နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ထမ်းရွက်ခဲ့ကြ သည့်အပြင် အချို့ပုဂ္ဂိုလ်များမှာ ဆုရထိုက်သော်လည်း ကွယ်လွန်သွားသဖြင့် လွဲသွားခဲ့ကြရသူရ သူများလည်းရှိပါကြောင်း၊  တစ်သက်တာစာပေဆု ချီးမြှင့်ထိုက်သည့် ပုဂ္ဂိုလ်ကြီးများအား အရေအတွက်မကန့်သတ်ခြင်းမရှိဘဲ  ချီးမြှောက်ဂုဏ်ပြုသင့်သူများကို ပြန်ကြားရေး ဌာနမှဂုဏ်ပြုနေခြင်းများတွေ့ ရှိရပါကြောင်း၊  ယခုနှစ်မှစ၍ တိုးမြှင့်ချီးမြှင့်လိုက်သော စာပေဆုများသည် အမျိုးသားစာပေ တစ်သက်တာဆု အတွက် ကျပ်တစ်ဆယ့်ငါးသိန်းနှင့် အမျိုးသားစာပေဆု တစ်ဆုအတွက် ကျပ်ဆယ်သိန်းတိတိနှင့် စာပေဗိမာန်စာမူ ဆုကို မြန်မာ့စာပေလောကတွင် စာကောင်းပေမွန်များဖြစ်ပေါ်စေရေးအတွက် ပုံနှိပ်ထုတ်ဝေရန် အခက်အခဲ ရှိကြသော စာပေကလောင်ရှင်များ၏ စာမူများကိုသီးခြားဖိတ်၍ ဘာသာရပ် (၁၃) မျိုးဖြင့် ပထမဆုငါးသိန်း၊ ဒုတိယ ဆုကိုသုံးသိန်း၊ တတိယဆုကိုနှစ်သိန်း  ချီးမြှင့်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ အကယ်၍ ဆုများကို သုံးဆထိတိုပေး မည်ဆိုပါက ပထမဆုကို တစ်ဆယ့်ငါးသိန်းနှင့် တတိယဆုကို ခြောက်သိန်းသာဖြစ်ပါကြောင်း၊  တစ်သက်တာစာပေ ဆုမှာ သက်ရှိထင်ရှားရှိနေသူများကိုသာ ချီးမြှင့်ခြင်းဖြစ်သောကြောင့် အသက်အရွယ်ကြီးမြင့်သော စာပေပညာရှင် ကြီးများကို သက်ရှိထင်ရှားရှိနေစဉ် တစ်သက်တာစာပေဆု အရေအတွက်တိုးမြှင့်၍ ဂုဏ်ပြုချီးမြှင့်ခြင်း၊ ချီးမြှင့်ငွေကို တိုးမြှင့်ချီးမြှင့်ခြင်းတို့မှာ ကောင်းမွန်ပါသော်လည်း ဘဝတစ်သက်တာတွင် တစ်ကြိမ်သာရယူခွင့် ရှိခြင်းကြောင့် ချီးမြှင့်ငွေကို ယခုထက်လေးဆ သို့မဟုတ် ငါးဆခန့်ပိုမိုချီးမြှင့်သင့်ပြီး အခြားသောထောက်ပံ့မှု အစီအစဉ်များ လည်း ပြုလုပ်ပေးသင့်ပါကြောင်း၊  ထို့အပြင် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကိုလည်း လာမည့်နှစ် တွင် ယခုထက်ပို၍ ချီးမြှင့်ပေးသင့်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားစာပေတစ်သက်တာဆု ချီးမြှင့်ငွေကို ယခုထက်ပို၍ လေးဆ သို့မဟုတ် ငါးဆခန့် တိုး၍ချီးမြှင့်ပေးရန်နှင့် အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုများကို ယခုထက်ပို၍ နှစ်ဆ သို့မဟုတ် သုံးဆတိုး၍ ချီးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးပိုက်ထွေး
အဖြေ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးပိုက်ထွေးအမျိုးသားစာပေဆုသည် ၁၉၄၇ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံဘာသာပြန် အသင်းက အစပြုခဲ့သည် ကို မြန်မာ စာပေနှင့်မြန်မာအနုပညာရပ်များကို စူးစမ်းရှာဖွေ ရန် သို့မဟုတ် စူးစမ်းရှာဖွေမှုများကို အားပေးရန်အတွက် ၁၉၄၈ ခုနှစ်ကစတင်ကာ စာပေဗိမာန်ကာလပေါ်ဝတ္ထုအမည်နှင့် တစ်နှစ်အတွင်းထုတ်ဝေခဲ့တဲ့ လုံးချင်းဝတ္ထု စာအုပ်များအနက် အကောင်းဆုံးတစ်အုပ်ကို စတင် ၁၉၆၅ ခုနှစ်မှ အမျိုးသားစာပေ ဆုဟု အမည်ကို စတင်ပြောင်းလဲခဲ့ပြီး တစ်နှစ် အတွင်းထုတ်ဝေခဲသော့ ပုံနှိပ်ပြီးစာ အုပ်များအနက်မှ ဘာသာရပ်အလိုက် အကောင်းဆုံးတစ်အုပ်စီကို အမျိုးသားစာပေ ဆုနှင့် ပြိုင်ပွဲဝင်စာမူများအနက်မှ ဘာသာရပ်အလိုက် အကောင်းဆုံး စာမူများကို စာပေဗိမာန် စာမူဆုအဖြစ် ခွဲခြားဆုချီးမြှင့်သည့်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ ပါကြောင်း၊ ယခုအခါ အမျိုးသားစာပေဆုကို ဘာသာရပ်(၁၆)မျိုး ဆုချီးမြှင့်လျက်ရှိပြီး ၂၀၁၂ ခုနှစ်တွင် ဆုတစ်ဆုလျှင် ဆယ်သိန်းအထိတိုးမြှင့် ချီးမြှင့်ပေးနိုင်ခဲ့ပါကြောင်း၊

၂၀၀၁ ခုနှစ်မှစတင်၍ သက်ရှိထင်ရှားစာရေးဆရာကြီးများအနက်မှ သုတ၊ ရသစာပေများကို ရေးသားပြု စုပြီး မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်ခဲ့သူများကို အမျိုးသားစာပေ တစ်သက်တာဆုအဖြစ် ချီးမြှင့်ခဲ့ရာ မူလကစာပေပညာရှင် တစ်ဦးသာရွေးချယ်ပြီး ဆုကြေးငွေကျပ် ဆယ်သိန်းချီးမြှင့် ခဲ့ရာမှ ၂၀၁၂ ခုနှစ်မှာ သုံးဦးအထိရွေးချယ်ပြီး ဆုကြေးငွေတစ်ဦး လျှင် ကျပ်တစ်ဆယ့်ငါးသိန်းအထိ တိုးမြှင့်ချီးမြှင့်နိုင် ခဲ့သည့်နည်းတူ စာပေဗိမာန်စာမူဆုကိုလည်း ယခုအခါ (၁၃) မျိုးရှိပြီး  ဆုချီးမြှင့်ငွေများကို ၂၀၁၂ ခုနှစ်တွင် ပထမ ဆု (ကျပ်ငါးသိန်း)၊ ဒုတိယဆု (ကျပ်သုံးသိန်း)၊ တတိယဆု(ကျပ်နှစ်သိန်း)အထိ ချီးမြှင့်ပေးနိုင်ခဲ့ပါကြောင်း၊  

စာပေဆုချီးမြှင့်ငွေနှင့်ပတ်သက်၍ တစ်သက်တာစာပေဆုချီးမြှင့်ငွေကို လေးဆ သို့မဟုတ် ငါးဆ၊ အမျိုးသားစာပေ ဆုနှင့် စာပေဗိမာန်စာမူဆုကို နှစ်ဆ သို့မဟုတ် သုံးဆ စသည်ဖြင့် တိုးမြှင့်ချီးမြှင့်နိုင်ရေးဆိုသည်မှာ လွန်စွာ သင့်လျော်ပါကြောင်း၊ သို့သော်  စာပေဆုချီးမြှင့်ရေး လျာထားငွေနှင့် ပတ်သက်၍၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မူလနှုန်းထားအတိုင်းလျာထားတောင်းခံပြီး ဖြစ်ခြင်းကြောင့် နောက်နှစ်များတွင် ဆတိုးပိုမိုချီးမြှင့်နိုင်ရေးအတွက် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။