(င)-အတည်ပြုပြဋ္ဌာန်းပြီးသည့်ဥပဒေများ၊နည်းဥပဒေ များနှင့် အမိန့်၊ ညွှန်ကြားချက်များကို အုပ်ရည်မည် မျှဖြန့်ဖြူးရောင်း ချလျှက်ရှိသည်နှင့် ယခုထက်ပို မိုဖြန့်ဖြူးရောင်းချပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၁၂.၃.၂၀၁၄)

ဦးသာဝင်း (ရန်ကင်း)ယခုအခါ ပြည်ထောင်စုလွှတ်တော်မှ ဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ အသစ်ပြဋ္ဌာန်း ခြင်းများ ပြုလုပ်လျက်ရှိသကဲ့သို့ အဆိုပါ အတည်ပြုပြဋ္ဌာန်းပြီး ဥပဒေများနှင့်အညီ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်လျက် လုပ်ငန်းဆောင် တာများကို ဆောင်ရွက်လျက်ရှိနေကြပါကြောင်း၊ အဆိုပါ အတည်ပြုပြဋ္ဌာန်းပြီးဥပဒေများ၊ နည်းဥပဒေများနှင့် အမိန့်ညွှန်ကြားချက်များကို ပြည်သူများ အလွယ်တကူလေ့လာနိုင်ရန် အတွက် ကျယ်ကျယ်ပြန့်ပြန့်ထုတ်ဝေဖြန့်ဖြူးရောင်းချရန်မှသာ  ပြည်သူများအနေနှင့်ပြ ဋ္ဌာန်းထားသော ဥပဒေများ၊ နည်းဥပဒေများနှင့် အမိန့်ညွှန်ကြားချက်များကို အလွယ် တကူ ဝယ်ယူဖတ်ရှု လေ့လာမှတ်သားပြီး လိုက်နာဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း၊ ထိုကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော ဥပဒေများ၊ နည်းဥပဒေများနှင့် အမိန့်ညွှန်ကြားချက်များကို ပြည်သူများ လေ့လာသိရှိနိုင်ရေးအတွက် အတည်ပြုပြဋ္ဌာန်းပြီးသော ဥပဒေစာအုပ်တစ်မျိုးလျှင် အုပ်ရေမည်မျှ ထုတ်ဝေဖြန့်ဖြူး ရောင်းချလျက်ရှိသည်ကိုလည်းကောင်း၊ ယခုထက် ပိုမိုထုတ်ဝေဖြန့်ဖြူးရောင်းချပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးပိုက်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးပိုက်ထွေးပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းအနေဖြင့် နိုင်ငံတော် အစိုးရနှင့်သက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများကို တာဝန်ယူပုံနှိပ်ခြင်း၊ မိဘပြည်သူများ အသိဉာဏ်ပညာပြန့်ပွားစေရေးအတွက် စာပေဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ဝေမှုနှင့် ပတ်သက်ပြီး ယေဘုယျအားဖြင့် အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။

ပထမပိုင်းသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးသော ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို အပတ်စဉ် ထုတ်ဝေလျက်ရှိသော နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းရိုက်နှိပ်ဖော်ပြ၍ အဆိုပါပြန်တမ်းများကို မိဘပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန် စာပေဗိမာန်အရောင်းဆိုင်(နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)တို့တွင် ရောင်းချပေးလျက်ရှိကြောင်း။

ဒုတိယပိုင်းသည် စာအုပ်ထုတ်ဝေခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပြီးသော ဥပဒေ များ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို တစ်နှစ်ချင်းအလိုက် ဥပဒေတစ်မျိုးစီကိုသော်လည်းကောင်း၊ ထုတ်ပြန်ခဲ့သော ဥပဒေများကို စုပေါင်း၍သော်လည်းကောင်း၊ လွှတ်တော်ရုံးက အမှာစာပေးပို့အပ်နှံသည့်အခါ အမှာစာတွင် ပါသည့်အတိုင်း အချိန်မီပုံနှိပ်ပေးခြင်း ဖြစ်ပါကြောင်း။

၂၀၁၁ ခုနှစ်တွင် ထွက်ရှိသောဥပဒေ ၁၁ မျိုးကို ဥပဒေတစ်ခုလျှင် အုပ်ရေ ၁၀၀၀ စီ၊ ဥပဒေပေါင်းချုပ်ကို အထူးချုပ်အုပ်ရေ ၁၀၀၊  ရိုးရိုးချုပ်အုပ်ရေ ၂၀၀၀ ဖြင့်ပုံနှိပ်ပြီး အပ်နှံသည့်အမှာစာ စောင်ရေအတိုင်း လွှတ်တော်ရုံးကို ပေးပို့တင်ပြပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၁၂ ခုနှစ်တွင်လည်း ထွက်ရှိသောဥပဒေ ၂၄ မျိုးကို ဥပဒေတစ်ခုလျှင် အုပ်ရေ ၁၀၀ အုပ်စီ၊ ဥပဒေပေါင်းချုပ်ကို အထူးချုပ်အုပ်ရေ ၁၀၀၊ ရိုးရိုးချုပ်အုပ်ရေ ၂၀၀၀ ဖြင့်ပုံနှိပ်ပြီး လုပ်ငန်းအပ်နှံသော အမှာစာစောင်ရေအတိုင်း လွှတ်တော်ရုံးကို ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း။

ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းအနေဖြင့် အဆိုပါပြဋ္ဌာန်းပြီး ဥပဒေ၊ နည်းဥပဒေများကို စာအုပ်အဖြစ် ရိုက်နှိပ်ရာမှာ သက်ဆိုင်ရာလွှတ်တော်မှပေးပို့လာသော လုပ်ငန်းအမှာစာပါအတိုင်း ပုံနှိပ်ပေးလျက်ရှိပါကြောင်းနှင့် လွှတ်တော်မှခွင့်ပြုပါက အများပြည်သူဖတ်ရှုလေ့လာနိုင်ရေးအတွက် ရောင်းချပေးနိုင်ပါကြောင်း ဖြေကြားပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ ဖြေကြားချက်နှင့် စပ်လျဉ်း၍ ဖြည့်စွက်ပြောကြားပါသည်။

အများပြည်သူများ လေ့လာဖတ်ရှုနိုင်အောင် လွှတ်တော်က ခွင့်ပြုပါကြောင်း။ ခွင့်ပြုပြီးသားလည်းဖြစ်ပါကြောင်းနှင့် ထုတ်ပြန်ထားသော ဥပဒေများကို နိုင်ငံသားအားလုံး သိရှိလေ ပိုမိုကောင်းမွန်လေ ဖြစ်ခြင်းကြောင့် အများပြည်သူဖတ်ရှုနိုင်ရန် ရောင်းချပေးနိုင်ကြောင်း ဖြည့်စွက်ပြောကြားပါသည်။