တောင်သူလယ်သမားများသည် ဝင်ငွေတိုးတက်ရရှိရေးအတွက် ဈေးကောင်းရသည့်တောင်ယာသီးနှံများကို စိုက်ပျိုးထုတ်လုပ်ကြရာ သီးနှံများဈေးကျသဖြင့် အရှုံးပေါ်ဒုက္ခရောက်ကျရသည့်ကိစ္စများ နိုင်ငံနှင့်အဝှမ်း တွေ့မြင်ကြားသိ နေရပါကြောင်း၊ တောင်သူလယ်သမားများအား လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ဦးဆောင်လမ်း ညွှန်မှုဖြင့် မိမိနယ်မြေဒေသတွင် အဖြစ်ထွန်းနိုင်ဆုံးသော သီးနှံကိုစိုက်ပျိုးစေခြင်း၊ ထွက်ရှိလာသော သီးနှံများကို ကုန်ချောထုတ်လုပ်ရန် စက်ရုံတည်ဆောက်ရင်းနှီးမြှုပ်နှံမည့်သူများအား စည်ရုံးဆောင်ရွက်စေခြင်း၊ ကုန်ကြမ်း၊ ကုန်ချောများအား ဈေးကွက်ရရှိရေးအတွက် ကူညီလုပ်ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ လယ်သမားများသည် လယ်နှင့် တောင်ယာသီးနှံကိုသာ စိုက်ပျိူးခြင်းဖြစ်သော်လည်း ဈေးနှိမ်ခံရပြီး ဈေးများ ကျနေသဖြင့် စိုက်ပျိုးထုတ်လုပ်ရန် အစိုးရအဆက်ဆက်ကအားပေးခဲ့ပြီး မည်သို့ရောင်းချမည်ဆိုသည့် Marketing ပိုင်းကို လိုအပ်ပါကြောင်း၊ ထိုကြောင့် ယင်းကိစ္စများနှင့်ပတ်သတ်၍ မည်သည့်အစီအစဉ်များရှိသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်မြင့်မားစေရန် အခြေခံသော့ချက်ကြီး ၆ ချက်ချမှတ်ပြီး တောင်သူလယ်သမားများ စိုက်ပျိုးထွက်ရှိလာသော သီးနှံများအပေါ် စီးပွားရေးတွက်ခြေကိုက်မှု ခိုင်မာသောဈေးကွက် (Sustainable Market) ရရှိစေရန် ချိတ်ဆက်ပေးလျက်ရှိပါကြောင်း၊ သီးနှံအမျိုးအစားအလိုက် ဈေးကွက်ရရှိနိုင်ရေးအတွက် ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော ဈေးကွက်တွင်ယှဉ်ပြိုင်နိုင်မည် ဒေသရေမြေ၊ ရာသီဥတုနှင့်ကိုက်ညီသော သက်တမ်းတို မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန် အရေးကြီးပါကြောင်း၊ သက်တမ်းတိုမျိုးများ အသုံးပြုစိုက်ပျိုးခြင်းအားဖြင့် အချိန်တိုအတွင်း ဝင်ငွေပြန်လည်ရရှိနိုင်ခြင်း၊ စိုက်ပျိုးရေလိုအပ်သည့်ကာလ တိုတောင်းခြင်း၊ တစ်နှစ်အတွင်း သုံးသီးစိုက်ပျိုးနိုင်သဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိခြင်း၊ အပင်ဖြစ်ထွန်းချိန် ကာလတိုသဖြင့် ပြုစုဂရုစိုက်ရမှု နည်းပါးခြင်း၊ သဘာဝဘေးနှင့် ပိုးမွှားအန္တရာယ်တို့မှ ထိခိုက်နည်းပါးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှလည်းဲ ဝင်ငွေတွက်ချေကိုက်ပြီး နိုင်ငံခြားဈေးကွက်ဝင်သော သက်တမ်းတိုသီးနှံမျိုးစေ့များအား တီထွင်အသုံးပြုစိုက်ပျိုးနိုင်ရေးအတွက် သုတေသနပြု စမ်းသပ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စီးပွားရေးတွက်ချေကိုက်သည့် ဒေသရေမြေ၊ ရာသီဥတုနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များကို အသုံးပြု စိုက်ပျိုးခြင်းဖြင့် နိုင်ငံတကာဈေးကွကတွင် မိမိတို့၏ လယ်ယာထွက်ကုန်များ ဈေးကောင်းရရှိနိုင်မည်ဖြစ်ပါကြောင်း။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တစ်ဧကအထွက်နှုန်း တင်း ၂၀၀ ကျော် ထွက်ရှိသော စပါးမျိုးစေ့များ၊ တစ်ဧက တင်း ၁၀၀ ကျော်ထွက်ရှိသော မြေပဲမျိုးများ၊ စပ်မျိုးပြောင်းမျိုးစေ့များ၊ တင်း ၅၀ ကျော်ထွက်ရှိသော စပ်မျိုးနေကြာ၊ ဈေးကွက်ဝင် ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးတို့ကို ပွားများပြီး ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ဖြန့်ဖြူးပေးလျက် ရှိပါကြောင်း၊ တောင်သူလယ်သမားများ စိုက်ပျိုးထွက်ရှိလာသော သီးနှံများ ဈေးကောင်းရရှိရေးနှင့် လေလွင့်ဆုံးရှုံးမှုများ လျော့နည်းစေရေးတို့အတွက် ဂျပန်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို တန်ဖိုးမြှင့် ထုတ်ကုန်ကုန်ချောများ ထုတ်လုပ်ပြီး ဈေးကွက်ရရှိစေရန် ဆောင်ရွက်လျက်ရှိသည့်အပြင် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းပါဝင် ဆောင်ရွက်လာရေးကိုလည်း အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ့လယ်ယာထွက်ကုန်သီးနှံများအား ကိုရီးယား၊ ဂျပန်၊ ထိုင်း စသည့် နိုင်ငံတို့မှ ကညွတ်၊ ကန်စွန်းဥ၊ ပိန်းဥတို့ကို မျိုးသန့်ပွားများ ထုတ်လုပ်ပြီး တိုးချဲ့စိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဈေးကွက်လိုချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဒေသနှင့်ကိုက်ညီသော သီးနှံတစ်မျိုးမျိုး ရွေးချယ်ပြီး ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village, One Product) စိုက်ပျိုးဆောင်ရွက်ကြရန်လည်း စည်းရုံးဆောင်ရွက်လျက် ရှိနေပါကြောင်း၊ လယ်ယာထွက်ကုန်သီးနှံများမှာ တစ်ရာသီပြီး တစ်ရာသီ ဆက်တိုက်စိုက်ပျိုး ထွက်ရှိနေသည့်အတွက် ဈေးကွက်ခိုင်မာမှုရှိရန် အလွန်အရေးကြီး လိုအပ်နေသကဲ့သို့ ရေရှည် ထိန်းသိမ်းထားသိုနိုင်မည် ခေတ်မီအအေးခန်းစနစ် ဂိုဒေါင်များ၊ ခေတ်မီ ထုတ်ပိုးသည့်စနစ်များ၊ ကုန်ကြမ်းအတိုင်းမရောင်းဘဲ တန်ဖိုးမြှင့် အဆင့်မြင့် အခြောက်ခံခြင်း၊ အအေးခဲ စနစ်ထုတ်လုပ်ခြင်း၊ ကုန်ချောထုတ်လုပ်ခြင်းတို့ကို ကမ္ဘာ့ဈေးကွက်နှင့်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ နှစ်ကာလအတန်ကြာ စီးပွားရေးအရ ပိတ်ဆို့ခံထားခြင်းခံရသည့်အတွက် အဖက်ဖက်မှ ခေတ်နောက်ကျကျန်နေခဲ့ရခြင်း၊ ဈေးကွက်ပျောက်နေခဲ့ရခြင်း အကျိုးဆက်များအပေါ်မှာ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်စေရေးနှင့် လယ်ယာထွက်ကုန်များ ဈေးကွက်ယှဉ်ပြိုင်ရောင်းချနိုင်မည့် အရည်အသွေးမြှင့်တင်ခြင်း လုပ်ငန်းများအပေါ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများအတွက် အထူးအလေးအနက်ထားရှိပြီး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
