စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ် မြို့နယ်ခွဲ သနန်ကျေးရွာတွင် ၁၉၆၄ ခုနှစ်က ကွန်ဖာကွင်းအား ပလဖမှ လယ်ယာမြေဖော်ထုတ်ရေးကို တောင်သူများအား လယ်ယာမြေလုပ်ကိုင်ဆောင်ရွက်စေခဲ့ပါကြောင်း၊ ထို့နောက် ပလဖမှ အကျဉ်းဦးစီး ဌာနသို့ လွှဲပြောင်းပေးသည့်အခါတွင်လည်း အဆိုပါကွင်းအပြင် စီမံကိန်းနယ်မြေဧက ၇၀၀ သတ်မှတ်ခဲ့ကြောင်း၊ ကွန်ဖာကွင်းသည် ၁၃၅ ဧကရှိပြီး ယခုအမှန်တကယ် အကျဉ်းဦးစီးဌာနမှ လုပ်ကိုင်ဆောင်ရွက်နေမှုသည် ကွန်ဖာကွင်း အပါအဝင် မိုးစပါး ၂၅၀ ဧကနှင့် အခြားဧက ၆၀ စုစုပေါင်း ၃၀၀ ဧကခန့်ရှိကြောင်းနှင့် ကျန်ရှိ ပလပ်မြေဧက ၁၂၀ ခန့်ကို ဒေသခံ တာင်သူလယ်သမားများ စိုက်ပျိုးလုပ်ကိုင်နေကြောင်း၊ ယခု လယ်ယာမြေဥပဒေအရ အကျဉ်းဦးစီးဌာနက လယ်ယာမြေလုပ်ပိုင်ခွင့် ကို လျှောက်ထားသည့်အခါတွင်လည်း ၂၇၀ ဧကသာ လျှောက်ထားခဲ့ကြောင်းနှင့် ကျန်ပလပ် မြေများကို တောင်သူလယ်သမားများက လယ်ယာလုပ်ပိုင်ခွင့် လျှောက်ထားကြသည့်အခါ အကျဉ်းဦးစီး ဌာနက စီမံကိန်းနယ်မြေဟုဆိုသဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် မရှိဘဲဖြစ်နေကြောင်းတင်ပြခဲ့ကြပါတယ်။ အကျဉ်းဦးစီးဌာနက မလုပ်နိုင်သော ပလပ်မြေများအား တောင်သူများက လုပ်ကိုင်နေကြသဖြင့် အဆိုပါ မြေယာများကို ဆက်လက်ပြီး မြေယာလုပ်ပိုင်ခွင့်ပေးမည် ဆိုပါက ၎င်းတို့ သိမ်းဆည်းခံထားရသော ကွန်ဖာကွင်းကို အကျဉ်း ဦးစီးဌာနထံမှ ပြန်လည်တောင်းယူခြင်းမပြုတော့ဘဲ တရားဝင်ပေးအပ်ရန် ပြည်သူများက တင်ပြခဲ့ကြပါကြောင်း၊ အကျဉ်းဦးစီးဌာနအနေဖြင့် အမှန်တကယ်ဆောင်ရွက်နိုင်သော စီမံကိန်းဧကကိုသာယူပြီး ပလပ်မြေများတွင် လုပ်ကိုင်ဆောင်ရွက်နေကြသော တောင်သူလယ်သမားများနှင့် အခြားမလုပ်ကိုင်ရသေး သည့်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား ကျေးလက်နေတောင်သူလယ် သမားများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ ချရေးကို အထောက်အကူပြုစေရန် ပြန်လည်အပ်နှံပေးစေလိုပါကြောင်း၊ ထို့ကြောင့် တောင်သူများ၏ မူလကွန်ဖာ ကွင်းအား ပြန်လည်ပေးအပ်ရန်သို့မဟုတ် ၎င်းကွန်ဖာကွင်းအစား အကျဉ်းဦးစီးဌာနမှ ယခု ဆောင်ရွက်ခြင်း မရှိဘဲ တောင်သူများလုပ်ကိုင်နေသည့် မြေယာများအား ဒေသခံပြည်သူများအား မြေယာလုပ်ပိုင်ခွင့် ခွင့်ပြုရန် အစီ အစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မရှိပါကမည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
အကျဉ်းဦးစီးဌာန၊ သနန်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ၊ သနန်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာတွင်တည်ရှိပြီး စခန်း၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာတွင် မင်းသမီးတောင် တန်း၊ စခန်း၏ တောင်ဘက် ၄ မိုင်ခန့်အကွာတွင် နန့်ယားချောင်း၊ အနောက်ဘက် ၃ မိုင်ခန့်အကွာတွင် အိန္ဒိယနိုင်ငံနယ်နိမိတ် မဏိပူရ တောင်တန်းတို့တည်ရှိပါကြောင်း၊ ကဘော်ချိုင့်ဝှမ်းဒေသသည် မြေလွတ်၊ မြေရိုင်းများ ပေါများပြီး လူနေကျဲဒေသဖြစ် သည့်အပြင် နယ်စပ်နှင့်နီးကပ်ခြင်းကြောင့် တစ်ဖက်နိုင်ငံသားများ စိမ့်ဝင်အခြေ ချနေထိုင်ခြင်းကို ထိရောက်စွာ ဟန့်တားကာကွယ်ရန်နှင့် ကဘော်ဒေသဖွံ့ဖြိုးတိုးတက် လာစေရန် ဒေသအလိုက် လယ်ယာမြေသစ်များဖော်ထုတ်ပြီး ထွက်ကုန်များ ကို နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ကဘော်ချိုင့်ဝှမ်းဒေသတွင် အကျဉ်းသားများ၏ လုပ်အားဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင် စခန်းများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အကျဉ်းသားများ ပြစ်ဒဏ်မှ လွတ်မြောက်တဲ့အခါ အသက်မွေးမှုအတတ် ပညာ လုပ်ငန်းများ တက်မြောက်စေရန်၊ လေလွင့် ပြုန်းတီးနေသော အကျဉ်းသားများ၏ လုပ်အားကို အခြေခံပြီး ဘဝသစ်စိုက်ပျိုးမွေး မြူရေးစခန်းများကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြာင်း၊
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲတွင် အကျဉ်းဦးစီးဌာန၊ သနန်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းအား ၁၉၉၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် လယ်မြေ ၂၀၀ ဧကဖြင့် စတင်လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ၁၉၉၈-၁၉၉၉ ခု၊ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်လှည့်ဖွံ့ဖြိုးမှုကြီးကြပ်ရေးအဖွဲ့ တမူးမြို့၏ လယ်ယာမြေတိုးချဲ့ရေးစီမံချက်အရ ယခင် စပါးစိုက်ပျိုးမြေ ၂၀၀ ဧက အပါအဝင် မြေဧက ၇၀၀ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်ရန်အတွက် ပါစီ(၁)စိုက်ကွင်းတွင် ၂၈.၄၃ ဧက၊ ပါစီ(၂)စိုက်ကွင်းတွင်၁၀၅.၇၃ ဧက၊ ပါစီ(၃)စိုက်ကွင်း တွင် ၆၂.၆၃ ဧက၊ကွန်ဖာစိုက်ကွင်းတွင် ၁၄၀.၀၀ဧက၊ အံတုံဆာစိုက်ကွင်းတွင် ၁၇၉.၁၂ ဧက၊ (၇)ဧကစိုက်ကွင်းတွင် ၇.၉၀ ဧက၊ ချမ်းသာကြီးစိုက်ကွင်းတွင် ၇၉.၃၈ ဧက၊ လမ်းသာ စိုက်ကွင်းတွင် ၆၇.၂၀ ဧကနှင့် ကွင်းလျားရှည်စိုက်ကွင်းတွင် ၂၉.၆၁ ဧက စုစုပေါင်း ၇၀၀.၀၀ ဧကဖြင့် စိုက်ကွင်းအလိုက် လယ်ယာဧကများကို ပိုင်းခြားသတ်မှတ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊
သနန်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအနေဖြင့် ပါစီ(၁)၊ (၂)၊ (၃)ကွင်း၊ ကွန်ဖကွင်း၊ အံတုံဆာကွင်းနဲ့ လမ်းသာကွင်းတို့တွင် စီမံကိန်းစပါးသီးနှံများကို အဓိကစိုက်ကွက်များ အဖြစ်စိုက်ပျိုးပြီး အခြား အကွက်များသည်လည်း သနန်ချောင်းရေရရှိမှုအခြေအနေအပေါ်မူတည်ပြီး အလှည့်ကျစိုက်ပျိုးလျက်ရှိပါကြောင်း၊ ထိုသို့ အလှည့်ကျစိုက်ပျိုးလျက်ရှိသည့် အတွက် ကွင်းလျားရှည်စိုက်ကွင်းအတွင်း ၂၃.၅၂ ဧကကို ဒေသခံတောင်သူ ၄ ဦးက တရားမဝင် ဝင်ရောက်စိုက်ပျိုးနေသည့်အတွက် တားမြစ်အရေးယူပေးပါရန် တမူးမြို့၊ သနန်စိုက် ပျိုးမွေးမြူရေးစခန်း ရုံး၏ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်စွဲပါစာအမှတ်၊ ၃၂၀၁/၆/ထောက်-၃(စလက)ဖြင့် တမူးမြို့နယ်၊ မြေစာရင်းဦးစီးဌာနကို လိပ်မူတင်ပြထားပြီး သနန်ကျေးရွာ မြေယာစီမံခန့်ခွဲမှု ကော်မတီသို့ မိတ္တူပေး တင်ပြထားပြီးဖြစ်ပြီး ဒေသခံတောင်သူ ၄ ဦးနှင့် အခြားတောင်သူ ၃ ဦးက ၆.၀၉ နှင့် တောင်သူများ ဆက်စပ်ဖော်ထုတ်ထားသော ဧကများအပါအဝင် စုစုပေါင်း ၄၂.၇၉ ဧကကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ ၇ ထုတ်ပေးရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခဲ့သဖြင့် အကျဉ်းဦးစီးဌာနက ကန့်ကွက်ခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ပြချက်အရ အကျဉ်းဦးစီးဌာနမှ လျှောက်ထားသည့် ဧက ၇၀၀ နှင့်စပ်လျဉ်း၍ ဧက ၂၅၀ အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ ၇ ထုတ်ပေးထားရှိပြီး ကျန်ဧကများ ကို စိစစ်ဆောင်ရွက်နေဆဲဖြစ်ပါကြောင်းနှင့် အကျဉ်းဦးစီးဌာနမှ လုပ်ကိုင်ခြင်း မပြုသည့်ဧရိယာကို နိုင်ငံတော် သို့ ပြန်လည်အပ်နှံမည်ဆိုပါက အဆိုပါဧရိယာမှာ လုပ်ကိုင်လျက်ရှိကြသော တောင်သူများကို ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
ထို့ပြင် အကျဉ်းဦးစီးဌာနမှ လုပ်ကိုင်လျက်ရှိသည့် ဘဝသစ်စီမံကိန်းလုပ်ငန်းမြေ ၇၀၀ ဧက အနက် လယ်မြေ ၂၉.၉၁ ဧကကိုဒေသခံတောင်သူအကျိုးငှာ နိုင်ငံတော်သို့ ပြန်လည်အပ်နှံသွားမည်ဖြစ်ပါကြောင်းနှင့် ဒေသခံတောင်သူ များက စစ်ကိုင်းတိုင်းဒေသကြီး မြေယာခန့်ခွဲမှု ကော်မတီသို့လျှောက်ထားပါက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ မြေလွတ်မြေလပ်နှင့်မြေရိုင်းများဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဖြေကြားပါသည်။
