(စ)-မြောင်မြို့နယ်ရှိတွင်းကြီးမြစ်ရေတင်စီမံကိန်းနှင့် စပ်လျဉ်း၍ဒေသခံတောင်သူလယ်သမားများအကျိုး ကို ထောက်ထားငဲ့ညှာ စဉ်းစားပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ (၃.၇.၂၀၁၄)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်သည် တိုင်းအတွင်း ဖွံ့ဖြိုးမှုနိမ့်ကျနေသော မြို့နယ်တစ်ခုဖြစ်ပြီး မြို့ပေါ် (၄) ရပ်ကွက်နှင့် ရေဝမ်းဒေသကျွန်းပိုင် ၄၈ ရွာ၊ ကျန် ၃၇ ရွာသည် ကုန်းပိုင်းဒေသဖြစ်ပြီး မိုးရေကို မှီခိုအားထား စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေကြရပါကြောင်း၊ မြစ်နှစ်သွယ်ကြားတွင်ရှိသည့်အတွက် ချင်းတွင်းမြစ်ရေပေါ်မှီခိုတည်ဆောက်ထားသော တွင်းကြီး မြစ်ရေတင်လုပ်ငန်းသည် ယနေ့အထိ ထူးခြားစွာ တိုးတက်မှု မရှိပါကြောင်း၊ ပင်မမြောင်းများကို လိုင်နှင်စီမည်ဟူ၍ ကျွမ်းကျင်ပညာရှင်များဖြင့် စာပေးလုပ်ပြီး တွက်ချက်နေသည့်ကိစ္စ၊ လက်တံမြောင်းများပြုပြင်ပေးမည်ဆိုသည့်အဖြေများ လက်ရှိမြေသားမြောင်းဘောင်များသည် ရေနှင့်တွေ့ပါက ပျော်ဝင်သွားမည်စိုးသဖြင့် ဆီလက်တက်ဆွိုင်းကို အစားထိုးပေးမည်ဆိုသည့် ကိစ္စများသည် ၁၃/၁၄ မှ ယနေ့အထိ ထူးခြားတိုးတက်လာခြင်း မတွေ့ရပါကြောင်း၊ ယခင်နှစ်များက တောင်သူ၏ ယာခင်းများကို မိုးရေနစ်မြှတ်သဖြင့် တိုင်းဒေသကြီးအစိုးရက ရေနုတ်မြောင်းကို တိုးချဲ့ခိုင်းပါကြောင်း၊ ယင်းကိစ္စများကို ဆောင်ရွက်ပြီး/မပြီး မသိရပါကြောင်း၊ နိုင်ငံတော်က ရင်းနှီးမြုပ်နှံထားသော စီမံကိန်းလုပ်ငန်းကြီးအတွက် ပြည်ထောင်စုဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို မြို့နယ်အဆင့် အောက်ခြေအဆင့်များက လေးစားလိုက်နာမှု ရှိ/မရှိကို ဒေသခံတောင်သူများ ခံစားနေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ (က) ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် တွင်းကြီးမြစ်ရေတင်စီမံကိန်းအတွက် မည်ရွေ့မည်မျှစိုက်ထုတ်ကုန်ကျသုံးစွဲပြီး မည်သည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကို သိရှိလိုပါကြောင်း၊ (ခ) အဆိုပါ မြစ်ရေတင်လုပ်ငန်း မြောင်းရင်းရှိ ပရိမ္မ-မကျည်းပုတ် ကတ္တရာလမ်းကို ဖြတ်သွားသည့်နေရာရှိ တံတားသည် ကျဉ်းမြောင်းနေသည့်အတွက်  လေတင်စက် ၃ လုံးထိ မောင်ပြီးတင်ပါက ရေများ လျှံထွက်ကုန်သည့်အတွက် တပ်ဆင်ထားသောရေစက် ခြောက်လုံးလုံး မမောင်းနိုင်ခြင်းမှာ ဟုတ်/မဟုတ်နှင့် မည်သည့်အချိန်တွင် ပြုပြင်ရန် အစီအစဉ်ရှိသည်ကို သိရှိလိုပါကြောင်း၊ (ဂ) အဆိုပါစီမံကိန်းတွင် စတင်တည်ဆောက်စဉ်က တာဝန်ယူထားရသော ပုဂ္ဂိုလ်အချို့သည် နှစ်ကာလကြာရှည်စွာ ထမ်းဆောင်နေရသည့်အတွက် ပုဂ္ဂိုလ်ရေး၊ လူမှုရေးအခက်အခဲရှိသည်ဟု သိရှိရသဖြင့် စိစစ်ပြီး ပြုပြင်ပြောင်းလဲပေးရန်အတွက် တောင်သူလယ်သမားများ အကျိုးကို ငဲ့ညှာထောက်ထားစဉ်းစားပြီး တိုးတက်စေရန် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်း စပါး ၂၅၀၀ ဧကနှင့် အခြား သီးနှံ ၇၅၀၀ ဧက၊ စုစုပေါင်းအကျိုးပြုဧက ၁၀၀၀၀ ကို ရေပေးဝေနိုင်ရေးအတွက် တွင်းကြီး(ပရိမ္မ) လျှပ်စစ်မြစ်ရေတင်လုပ်ငန်းအား ၂၀၀၀-၂၀၀၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလတွင် လုပ်ငန်းများပြီးစီးပြီး ရေပေးဝေရေးဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၂-၁၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ ဇယား ၂ အရ စစ်ကိုင်းတိုင်းဒေသကြီးအစိုးအဖွဲ့၏ အုပ်ချုပ်မှုအောက်သို့ မြစ်ရေတင်လုပ်ငန်းများ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သာမန်ပြင်ဆင်ထိန်းသိမ်းစရိတ် ခွင့်ပြုငွေ ကျပ် ၂၆.၃၄ သန်းဖြင့် ပင်မမြောင်း ပေတိုင် ၆၂၀ မှ ပေတိုင် ၇၅၀ ထိ ပေ ၁၃၀  ကို မြောင်းပြင်ခြင်း၊ လက်တံ ၆ မြောင်း ၆၀၀၀ ပေပြုပြင်ခြင်း၊ ရေတံခါး ၇ ခု တပ်ဆင်ခြင်း၊ ရေထုတ်ပေါက် ၄ ခု ပြုပြင်ခြင်းနှင့် ရေတင်အဆင့်(၂) ရေစုကန်များပြုပြင်ခြင်းနှင့် ကျေးရွာချင်းဆက်လမ်းကူးတံတား ပြုပြင်ရေးလုပ်ငန်းများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်မှဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ် မိုးသီးနှံ ၁၂၀၀ ဧကနှင့် နွေသီးနှံ ၈၀၀ ဧကအား ရေပေးဝေရန် လျာထားဆောင်ရွက်ခဲ့ပါကြောင်း၊           ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရေတင်အဆင့် (၂) ပေတိုင် ၄၅၀၀ မှ ပေတိုင် ၄၆၀၀ ထိ မြေအစားထိုးပြုပြင်ခြင်းနှင့် ပေတိုင် ၄၆၀၀ မှ ပေတိုင် ၆၅၀၀ ထိ မြောင်းဘောင်များ မြေဖြည့်ပြုပြင်ခြင်း၊ လက်တံလေးမြောင်းနှင့် လက်တံခွဲကိုးမြောင်း ပုံစံကျပြုပြင်ခြင်း၊ တူးမြောင်းအဆောက်အဦ ကိုးခုပြုပြင်ခြင်းနှင့် ရေပေးမြောင်း ၉၀၀ ပေ လိုင်နင်စီခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေကျပ် ၁၆၉.၀၂၈ သန်း အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွဲဝေသတ်မှတ်ပေးထားပြီး မိုးသီးနှံပြီးစီးချိန်မှာ လုပ်ငန်းများ စတင်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မိုးသီးနှံဧက ၂၀၀၀ နှင့် နွေသီးနှံဧက ၁၀၀၀ စုစုပေါင်းဧက ၃၀၀၀ တိုးတက် ရေပေးဝေနိုင်မည်ဖြစ်ပါကြောင်း၊ ပင်မမြောင်းပေတိုင် ၃၃၀၀ ပေနှင့် ရေပမာဏ ၁၀၀ ကျူစက် ဖြတ်သန်းစီးဆင်း နိုင်သော ပရိမ္မ-မကျီးဘုတ် ကားလမ်းဖြတ်မြောင်း တည်ဆောက်ထားရှိပါကြောင်း၊ မြစ်ရေတင်လုပ်ငန်းများမှ ရေပေးဝေစိုက်ပျိုးနိုင်မှုများမှာ ၂၀၁၂-၁၃  ခုနှစ်တွင် မိုးသီးနှံ ၇၀၀ ဧက၊ နွေသီးနှံ ၅၀၄ ဧက စုစုပေါင်း ၁၂၀၄ ဧကနှင့် ၂၀၁၂-၁၃  ခုနှစ်တွင် မိုးသီးနှံ ၈၀၀ ဧက၊ နွေသီးနှံ ၅၀၉ ဧက စုစုပေါင်း ၁၃၀၉ ဧကဖြစ်ရာ ရေလိုအပ်ချက်အရ ၃၀ ကျူဆက် ရေစုပ်ဆက် ၂ လုံးသာမောင်နှင်ရန်လိုအပ်ပါကြောင်း၊ ၂၀၁၄-၁၅  ခုနှစ်တွင် မိုးသီးနှံ ၁၂၀၀ ဧကနှင့် နွေသီးနှံ ၈၀၀ ဧက စုစုပေါင်း ၂၀၀၀ ဧက၊ ၂၀၁၅-၂၀၁၆  ခုနှစ်မှာ မိုးသီးနှံ ၂၀၀၀ ဧကနှင့် နွေသီးနှံ ၁၀၀၀ ဧက စုစုပေါင်း ၃၀၀၀ ဧကအထိ တိုးတက်ရေပေးဝေနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိရာ ရေလိုအပ်ချက်အရ ၃၀ ကျူဆက်ရေစုပ်စက် ၃ လုံးမောင်နှင်ရန် လိုအပ်ပါကြောင်း၊ တိုးမြှင့်လျာထားမည့် စိုက်ဧကပေါ်မူတည်ပြီး ကားလမ်းဖြတ်မြောင်းတိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းကို စစ်ကိုင်း တိုင်းဒေသကြီးမှ ရန်ပုံငွေထည့်သွင်းတောင်းခံ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပရိမ္မမြစ်ရေတင်လုပ်ငန်းသည် ဦးစီးအရာရှိ ၁ ဦး၊ ဦးစီးမှူး ၁ ဦးနှင့် အခြားအဆင့်ဝန်ထမ်း ၃ ဦး၊ စုစုပေါင်း ၅ ဦးနှင့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရေပေးစိုက်ဧကများ တိုးတက်ရရှိရေးနှင့် ရေတင်ခများ အပြည့်အဝ ကောက်ခံရရှိရေးတို့အတွက် လုပ်ငန်းတာဝန်ကျေပွန်မှုမရှိပါက သက်ဆိုင်ရာဌာနအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားပါသည်။